DVB Logo
Home
မြန်မာသတင်း
ဖက်ဒရယ် တည်ဆောက်ရေး ၀ိုင်းဝန်းလုပ်ဆောင်ရန် ဦးရွှေမန်း မှာကြား
DVB
·
September 3, 2013
ဖက်ဒရယ် တည်ဆောက်ရေး ၀ိုင်းဝန်းလုပ်ဆောင်ရန် ဦးရွှေမန်း မှာကြား
1 / 3
Donate to DVB

ရှမ်းပြည်နယ်ကို ရောက်ရှိနေတဲ့ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းဟာ တောင်ကြီးမြို့က ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံပြီး  ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အဘက်ဘက်က ၀ိုင်းဝန်းဆောင်ရွက်ဖို့ မှာကြားသွားပါတယ်။

[caption id="attachment_43192" align="alignleft" width="300" caption="ဦးရွှေမန်း"][/caption]

ဖက်ဒရယ်ဟာ ငြိမ်းချမ်းရေးအတွက် အရေးကြီးပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ အစိုးရနဲ့ ပြည်သူ့လွှတ်တော်ချည်း ဆောင်ရွက်လို့မရဘဲ အားလုံးနဲ့ သက်ဆိုင်တဲ့အတွက် အားလုံး ၀ိုင်းဝန်းဆောင်ရွက်ဖို့ လိုကြောင်း   လွှတ်တော်နာယက ဦးရွှေမန်းက  စက်တင်ဘာ ၂ ရက်နေ့ လူထုတွေ့ဆုံပွဲမှာ  ပြောကြားခဲ့တယ်လို့ တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ ကျားဖြူပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက  ပြောပါတယ်။

“ထာဝရငြိမ်းချမ်းရေးရဖို့ လုပ်ဆောင်ပေးပါ။ ဖက်ဒရယ်ကိစ္စလည်း တင်ပြတယ်။ သူ သဘောပေါက်တယ်။ ဖက်ဒရယ်က လုပ်ပေးရမှာပဲ။ ကျနော်တို့နိုင်ငံနဲ့ သင့်လျော်တဲ့ ဖက်ဒရယ်ပုံစံတော့ ဖြစ်ရမှာပေါ့။ အမေရိကန်ဖက်ဒရယ်နဲ့ ဂျာမနီဖက်ဒရယ်လည်း သိပ်မတူဘူး။ အမေရိကန်ဖက်ဒရယ်နဲ့ ဆွစ်ဇာလန် ဖက်ဒရယ်လည်း သိပ်မတူဘူး။ သူ့နိုင်ငံ၊ သူ့လူမျိုး၊ သူ့ဒေသနဲ့ ဆီလျော်တဲ့ ပြည်ထောင်စုအဆင့်ပုံစံတော့ လုပ်ရမှာပေါ့တဲ့။ တဆင့်ချင်းသွားရမှာပေါ့တဲ့။ အစိုးရရော၊ လွှတ်တော်ရော၊ အန်ဂျီအိုတွေရော၊ ပြည်သူတွေရော အားလုံးဝိုင်းဝန်းပြီးလုပ်ရမယ်လို့ နာယကကြီးက ပြောသွားတယ်။”

လွှတ်တော်နာယကက ကမ္ဘာမှာ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို သွားနေတဲ့ တခြားနိုင်ငံတွေထက်စာရင် မြန်မာနိုင်ငံဟာ ငြင်သာစွာနဲ့ ပြောင်းလဲနေတယ်လို့ ပြော သွားတယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယကအနေနဲ့ ရှမ်းပြည်သူလူထုတွေနဲ့ တွေ့ဆုံတာဟာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ပြည်သူတွေဘက်ကလည်း သူတို့လိုလားချက်နဲ့ လက်ရှိပြဿနာတွေကို တင်ပြခဲ့တယ်လို့ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

အထူးသဖြင့် မြေယာအသိမ်းခံရတဲ့ကိစ္စ၊ လမ်းပန်းဆက်သွယ်ရေး၊ မှတ်ပုံတင်လုပ်ပေးရေး၊ ပညာရေး၊ စာသင်ကျောင်းကိစ္စ၊  ဆည်တည်ဆောက်ပေးရေး စတဲ့ ကိစ္စတွေကို လူထုကိုယ်စား ပုဂ္ဂိုလ် ၂၁ ဦးက  တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

သူ့အနေနဲ့လည်း ပြည်ထောင်စုအစိုးရဘတ်ဂျက်နဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရ ဘတ်ဂျက်ကို ၅၀ ရာခိုင်နှုန်း ချထားရေး၊ လုပ်ပိုင်ခွင့်အာဏာခွဲဝေရေး၊ အရင်က တိုင်းပြည် မငြိမ်သက်မှုကြောင့် အိမ်နီးချင်းနိုင်ငံထဲ ၀င်ရောက်သွားသူတွေ ပြန်လာရင် နေရာချထားရေး၊ အလုပ်အကိုင်ရရှိရေး၊ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှုရှိရေး၊ ဖက်ဒရယ်ရေးတွေ တင်ပြခဲ့တယ်လို့ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

မေးခွန်းနဲ့ တင်ပြချက်တွေပေါ်မှာ  ဦးရွှေမန်းက အဆင့်လိုက် ဆောင်ရွက်သွားဖို့ ခြုံငုံ ဖြေကြားခဲ့ကာ လယ်မြေသိမ်းဆည်းမှုကိစ္စကိုတော့ ရှမ်းနဲ့ကယားပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်က  ရှင်းလင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

လူထုတွေ့ဆုံပွဲကို တောင်ကြီးမြို့ မြို့တော်ခန်းမမှာ မနေ့က ကျင်းပခဲ့တာဖြစ်ပြီး ရှမ်းပြည်နယ် ၀န်ကြီးချုပ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးနဲ့ ဌာနဆိုင်ရာအဖွဲ့အစည်း ကိုယ်စားလှယ်၊ တိုင်းရင်းသား အဖွဲ့အစည်းကိုယ်စားလှယ်နဲ့ လူမှုအဖွဲ့အစည်းကိုယ်စားလှယ် စုစုပေါင်း ၅၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

အလားတူ သူရဦးရွှေမန်းဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာလည်း ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်က ပြည်သူ လူထုတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ကျိုင်းတုံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဦးစိုင်းတင်ဝင်းက ပြောပါတယ်။

အဓိကအားဖြင့် ဒီကနေ့ပြုပြင်ပြောင်းလဲရေးကာလမှာ ပြည်သူတွေအနေနဲ့ မိမိတို့လို လားချက်နဲ့ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်းပြောဆိုတင်ပြနိုင်၊ ပြည်သူ့လွှတ်တော်ဟာ ပြည်သူတွေရဲ့ ကိုယ်စားပြုအသံလို့ ပြောကြားခဲ့ပါတယ်။

တက်ရောက်လာသူ ရပ်မိရပ်ဖတွေက မိမိတို့ ဒေသအလိုက် လမ်းတံတားပြုပြင် တည်ဆောက်ရေး ၊ ရေဘေးအန္တရာယ်ထူထောင်ရေး ၊ လျှပ်စစ်မီးအလုံအလောက်ရရှိရေးတွေ တင်ပြခဲ့တာမှာ လွှတ်တော်နာယကကလည်း သူနဲ့အတူ လိုက်ပါလာတဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေကို ဆက်လက်ဆောင်ရွက်ပေးဖို့ တိုက်ရိုက်ပြောကြားပြီး လိုအပ်တဲ့ ဘတ် ဂျက်တွေလည်း ညှိနှိုင်းကြတယ်လို့ ဆိုပါတယ်။

ကျိုင်းတုံ မြို့တော်ခန်းမမှာ မွန်းလွဲ ၁ နာရီကနေ ၃ နာရီထိ ကျင်းပတဲ့ တွေ့ဆုံပွဲကို နီုင်ငံရေးပါတီ ၈ ဖွဲ့က ကိုယ်စားလှယ် ၊ မိုင်းဆတ် ၊ မိုင်းဖျတ် ၊ မိုင်းပြင်း ၊ မိုင်းယန်းမြို့က ကိုယ်စားလှယ် ၊ ဌာနေပြည်သူ့စစ်အဖွဲ့ နဲ့ မြို့နယ်ကျေးရွာအုပ်ချုပ်ရေးမှူး ၊လူမှုအဖွဲ့ အစည်း ကိုယ်စားလှယ်တွေပါ စုစုပေါင်း ၇၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013