DVB Logo
Home
Lead Story
ကိုမောင်ထူးတို့ ရွာက ဖွတ်ဘောပြိုင်ပွဲ (ဆောင်းပါး)
DVB
·
December 31, 2020
ကိုမောင်ထူးတို့ ရွာက ဖွတ်ဘောပြိုင်ပွဲ (ဆောင်းပါး)
Donate to DVB

အခုတလော မောင်ထူးတယောက် ရွေးကောက်ပွဲပြီးလို့ တာဝန်တခုတော့ ပြီးပြီဆိုပြီး စိတ်အေးလက်အေးနဲ့ နားနားနေနေရှိနေတယ်။ အားနေတော့ လူမှုကွန်ရက်စာမျက်နှာတွေ၊ သတင်းတွေထိုင်ဖတ်ရင်း အတောမသတ်နိုင်လောက်အောင် တရယ်ထဲ ရယ်နေမိတော့တယ်။ မရယ်ခံနိုင်ရိုးလားဗျာ။ သက်ကြီးရွယ်အို ပါးရေနားရေတွန့်နေတဲ့ အဘွားအိုကြီးကိုပဲ သင်္ဘောပျက်ကြီးလို့ ပြောလိုပြော။ ဂုဏဝုတ္တိ၊ ဝယဝုတ္တိ မရှိပုံများ ပြောပါတယ်။

ပြီးတော့ ဝရမ်းပြေးတွေ ရဲစခန်းမှာလာပြီး အဖမ်းခံတာကိုပဲ ‘စတေးဟုမ်း’က ထွက်လာပြီလို့ ဆိုသူကဆိုကိုး။ ပိုဆိုးတာက အရှုံးကိုလက်မခံနိုင်တော့ ‘ဘယ်သူ့အားကိုးပါတော့ရမလဲ’လို့ ပြောပြီး ယောကျ်ားအရင့်အမာကြီးတွေခမျာ ရင်ဘတ်စည်တီး ဧယင်ကျူးကြရှာသတဲ့။ သူ့ထက်ပိုဆိုးတာက ကိုယ့်ကိုယ်ကို ပါတီလား၊ အန်ဂျီအိုလား၊ စီအက်အိုလား၊ ဝန်ထမ်းအဖွဲ့အစည်းလား မခွဲခြားတတ်တဲ့သူတွေ ‘ပါးချပ်’တပ်ပြီး တအူအူနဲ့အော်လိုအော်ကိုး။ 

ရယ်တာကတော့ အဲ့ဒါကြောင့်မဟုတ်ဘူးဗျ။ ငယ်စဉ်က ကြုံခဲ့ရတဲ့ ‘ဖွတ်ဘောပြိုင်ပွဲ’ကို သတိရလို့ပါ။ ဒီအကြောင်းပြန်ပြောရရင် အင်း..ဘယ်ကစပြောရမလဲ။ ဖွတ်ဘောအသင်းဖွဲ့တာက စပြောရမယ်ထင်တယ်ဗျ။ တခုတော့ကြိုပြောထားရအုံးမယ်။ ကျုပ်ကဘောလုံးလည်း မကန်တတ်ဘူး။ ဘောသမားရွေးမယ့်အထဲလည်းမပါဘူး။ ဒါပေမဲ့ ဖွတ်ဘောသမားရွေးတော့မယ်ဆိုတော့ ရွာလယ်ခေါင်တလင်းပြင်ဆီ စပ်စပ်စုစုရောက်သွားခဲ့တယ်။ ဒီလူရွေးပွဲကို အသင်းခေါင်းဆောင် ကိုကျော်စိန်နဲ့ ကာလသားခေါင်းတို့က သာဝကြီး မသိအောင် လျှို့ဝှက်စုဝေးပြီး လူရွေးကြတာတဲ့။  

သာဝမသိအောင် လျှို့ဝှက်တယ်ဆိုပေမယ့် မောင်ထူးရောက်တော့ သာဝကြီးက ရှေ့ဆုံးမှာ အမိန့်သားထိုင်လို့။ လာသမျှလူငယ်တွေကို ခရီးဦးကြိုနေလေရဲ့။ ကာလသားတွေ စုံပြီဆိုတော့ ကိုကျော်စိန်က “ကဲ လူရွေးပွဲစမယ်။ အားလုံးထိုင်ကြ”ဆိုတော့လူငယ်တွေအားလုံးက ထိုင်လိုက်ကြတယ်။

ကိုသာဝကြီးကတော့ ထိုင်နေရာက ထရပ်လိုက်ပြီး “ကဲ..ကွာ ငါကစပြီးရွေးပေးမယ်။ ကျော်စိန်ရေ..မင်းရယ် ငါရယ်ကွာ။ ကျန်တာမင်းတို့ ဆက်ရွေးကြပေတော့”လို့ ပြောပြီး ထိုင်ချလိုက်တယ်။ ကိုကျော်စိန်တို့ ဘောလုံးလက်ရွေးစင်တွေကတော့ တယောက်မျက်နှာတယောက် ကြည့်လိုက်ကြတယ်။ သူပြောတဲ့အတိုင်း လွန်ဆန်လို့မရလေတော့ သာဝကိုပါထည့်လိုက်ရပြီး လူဆက်ရွေးကြပေမယ့် တယောက်ကတော့ ပိုမြဲပိုနေပြန်တယ်။

ဒီတော့ သာဝကြီးကပဲ ဦးစွာထလိုက်ပြီး “ကဲ..တယောက်ကပိုနေတယ်ကွာ။ ဒီတော့ စရေတွက်မယ်ဆိုရင် ကျော်စိန်ရေ မင်းရယ်ငါရယ်ကွာ။ ကျန်တဲ့တယောက်ကိုတော့ မင်းတို့ကြိုက်သလိုဆုံးဖြတ်ကြ။ ငါလက်ခံတယ်”လို့ပြောလိုက်တော့ အားလုံက ရယ်ရမလို ငိုရမလို ဖြစ်ကုန်ကြတယ်။

မပင့်တဲ့ ဘုန်းကြီးက သင်္ကန်းတပြင်ပြင်’လုပ်နေတာကိုး။ နောက်ဆုံးတော့ သာဝကြီးကို အရန် လူရဲ့အရန်လူအဖြစ်ထားပြီး ၁၅ ယောက်အစား ၁၆ ယောက်ဆိုပြီး တယောက်အပိုနဲ့ လူရွေးပွဲကို အဆုံးသတ်လိုက် ရသတဲ့။ ဒါ..ကျနော်တို့ရွာက ဖွတ်ဘောသမားရွေးပုံလေးပေါ့။

ဖွတ်ဘောအသင်းရဲ့ယူနီဖောင်းအရောင်ကိုတော့ သာဝအဖေ ဦးရွှေဘက ဗေဒင်ကိန်းခန်းအရ ‘အစိမ်းရောင်’ကို ရွေးပေးလိုက်တယ်။ သူက ဗေဒင်ဆရာကြီးပေကိုး။ ရွာက ယူနီဖောင်းဖိုး ၁၅ စုံပဲပေးပေမယ့် အဆင်ပြေပါတယ်။ သာဝက သူ့ယူနီဖောင်းကိစ္စကို သူ့ဟာသူရှင်းမယ်ဆိုတာကိုး။

အဲ့ဒီညက မုဆိုးမကြီး ဒေါ်ဘုမအိမ်က တပိဿာရှိတဲ့ ကြက်ဖကြီးပျောက်သွားတော့တာပဲဗျို့။ မောင်ထူးတို့က ကလေးဆိုတော့ ရွာထဲလျှောက်စပ်စုရင်းနဲ့သိလိုက်ရတာက သာဝကကြက်ဖကြီးကို ကုန်စုံဆိုင်တရုပ်ကြီး ဦးသာကောဆီကို ငါးဆယ်သားဖိုးပဲ ပေးပါလို့ တောင်းတောင်းပန်ပန်နဲ့ ရောင်းလိုက်သတဲ့။ တဝက်တိတိလျှော့ဈေးနဲ့ ရောင်းပြီး ဖွတ်ဘောယူနီဖောင်းဖိုး ပေးလိုက်တာကိုး။ သာဝတို့ပိုင်လိုက်ပုံများ ပြောပါတယ်။

အဲ့လိုနဲ့ မင်းအိုကြီးရွာနဲ့  သာယာကုန်းရွာတို့ ဖွတ်ဘောပြိုင်ပွဲနေ့ကို ရောက်လာပြီ။ သာယာကုန်းရွာက ‘အစိမ်းရောင်’။ မင်းအိုကြီးရွာက ‘အနီရောင်ယူနီဖောင်း’နဲ့ပေါ့။ ဖွတ်ဘော စကန်ကတည်းက မင်းအိုကြီးရွာက ဖိထားတာ။ သာယာကုန်းရွာက ခံစစ်ဖြစ်နေတယ်။ ကွင်းလယ်ဒိုင်ကလည်း မျက်နှာမလိုက်ရဲဘူး။ ကြက်သူခိုး သာဝတို့ လူမိုက် အုပ်စုကို ကြောက်ရတာကိုး။ ကြက်သူခိုးသာဝက အရန်လူရဲ့အရန်လူဖြစ်နေတော့ ကွင်းဘေးကနေ ဆဲသံဆိုသံတွေ။ ‘ငါမလုပ်ရဲတာမရှိဘူးကွ’ ဆိုတဲ့ ခြိမ်းခြောက်သံတွေကလည်း တကွင်းလုံး ‘ဟိန်း’နေတော့တာပါပဲ။

မင်းအိုကြီးရွာ ဖွတ်ဘောအသင်းကလည်း အကွေ့အဝိုက် အဆွဲအငင်ကောင်းကောင်းနဲ့ တဂိုးပြီး တဂိုးသွင်း လိုက်တာ ဟတ်ဖ်တိုင်းပေးတော့ ငါးဂိုး၊ ဂိုးမရှိဖြစ်နေပြီ။ သာယာကုန်း ဖွတ်ဘောအသင်းရဲ့ လူကျွံဘောတွေ၊ ပေါ်တင်ကြီးလူလိုက်ချတဲ့ပြစ်ဒဏ်ဘောတွေရှိနေပေမဲ့ ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘောမပေးရဲဘူး။  ဒိုင်နဲ့အတူ ဒိုင်သွားသလို ကွင်းဘေးကနေ လိုက်ဆဲနေတဲ့ သာဝကြီးကို ကြောက်နေဟန်ပါပဲ။ မင်းအိုကြီးရွာက တဂိုး သွင်းလိုက်။ သာဝတို့က “ဒိုင်ညစ်တယ်’လို့အော်ဆဲလိုက်။ ‘မဂိုးဘူးကွ’လို့ ငြင်းလိုက်ပေါ့။ ပွဲပြီးတော့ မင်းအိုကြီး ရွာက ၁၁ ဂိုး ရပြီး သာယာကုန်းရွာက ဘဲဥမကွဲပဲ  မင်းအိုကြီးရွာက ဂိုးပြတ်အနိုင်ရသွားတယ်။ 

ပွဲကပြီးသွားပါပြီ။ ပွဲကြည့်ပရိတ်သတ်လည်း ပြန်ကုန်ကြပြီ။ ပွဲမပြီးသေးတာကတော့ အရန်လူရဲ့ အရန်လူ သာဝ၊ ဓာတ်ခဲနဲ့မဲတူတို့ အုပ်ပါပဲ။ ဖွတ်ဘောကွင်းထဲမှာတော့ သာဝကြီးတို့ လူတစုပဲကျန်တော့တယ်။

ဦးပြည်း ခေါင်းတုံး တဖြစ်လဲ ကြက်ဥသည် အဘိဓမ္မာ ဆရာညှပ်ကြီးကလည်း “သာဝမှန်တယ်။ သာဝကိုထောက်ခံတယ်။ ‘သကျသာကီတိုက်ကြက်ကြီးဘွဲ့’ပေးမယ်” တကဲကဲလုပ်နေသေးရဲ့။ ပိုစတာတွေကိုလည်း ပြောင်းပြန်ထောင်လိုထောင်ပေါ့။ အော်ချင်ရာအော်နဲ့ တခွက်တကျင်း သောက်ရဖို့အရေး သာဝနောက် တကောက်ကောက်လိုက်နေရှာတယ်။

သကျသာကီ တိုက်ကြက်သူခိုးသာဝတို့ ၊ ဓာတ်ခဲတို့ မဲတူတို့အုပ်စုက “ဒိုင်ညစ်တယ်။ ဂိုးတွေကို VAR စနစ်နဲ့ ပြန်စစ်ဆေးပေးရမယ်။ ၁၁ ယောက်နဲ့ကန်တာ ဟုတ် မဟုတ် လူစာရင်းတွေ ပြန်စစ်ပေးရမယ်။ တရားမျှတမှုမရှိဘူး။ ပင်နယ်တီနဲ့အနိုင်အရှုံးကို အဆုံးအဖြတ်ပေးပါ။ တဖက်သတ် ညစ်ပတ်ပေးတဲ့ ဒိုင်ကို အရေးယူပေးပါ။ ”ဆိုပြီး အရှုံးကို မခံယူရဲတော့ တဖက်ကို ရန်လုပ်နေကြတော့တာပေါ့။

ကြက်သူခိုးသာဝ၊ ဓာတ်ခဲနဲ့မဲတူတို့ကတော့ ဖွတ်ဘောကွင်းထဲဝင်ပြီး ဆူဆူညံညံ အတိုင်အဖေါက်ညီညီ အော်ဟစ်နေကြဆဲ။ သာယာကုန်းရွာမှာတော့ ဒီည ‘ဘယ်သူ့အိမ်က ကြက်ပျောက်လေအုံးမလဲ’ဆိုတဲ့ စိုးရိမ်စိတ်တို့ ကြီး စိုးနေလေရဲ့။ သာယာကုန်းရွှေပြည်ကြီးမှာတော့ ‘မလုပ်ရဲတာဘာမှမရှိ’တဲ့ သကျသာကီတိုက်ကြက်လူရမ်းကား သာဝတို့ ဖွတ်ဘောပြိုင်ပွဲမှာ ရှုံးမဲ မဲနေတဲ့အကြောင်းပါ။

ကဲ…အဲ့ဒါ အရှုံးကို လက်မခံရဲတဲ့ ‘ကိုမောင်တူးတို့ရွာက ဖွတ်ဘောပြိုင်ပွဲ’အကြောင်းပါပဲ။ ငယ်ငယ်ကရွာမှာ ဖြစ်ခဲ့တဲ့ ဖွတ်ဘောပြိုင်ပွဲအကြောင်းကို ပြန်စဉ်းစားရင်း မောင်ထူးတယောက် ‘မပြုံးပဲနဲ့ ဝါးလုံးကွဲ’အောင် ရယ်နေမိတာ အပြစ်လားဗျာ။ 

(တောင်းပန်ချက်။       ။ တချိန်က တကယ့်အဖြစ်အပျက်မို့ မိတ်ဆွေများအား မျှဝေခြင်းပါ။ တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါ။ ) 

ဂန္ထဝင်မောင်ထူး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013