DVB Logo
Home
မြန်မာသတင်း
ရေကြီးမှုကြောင့် စပါးခင်း ဧကရာချီ ပျက်စီး
DVB
·
September 2, 2013
Donate to DVB

ပြီးခဲ့တဲ့ သီတင်းပတ်တွင်း မိုးဆက်တိုက်ရွာခဲ့တဲ့အတွက် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ စပါးခင်းတွေထဲ ရေ၀င်ပြီး လယ်ဧက အမြောက်အမြား ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ထဲမှာ ဇီးချောင်း၊ ရမ်းဒေးချောင်း၊ ကိန်းဝစ်၊ ကျောက်ဆိပ်၊ အုန်းတော၊ အထက်နဂါးမော်၊ အထက်ပနံချောင်း၊ ဒါးမကျ၊ အစရှိတဲ့ ကိုယ်ထူကိုယ်ထဆည်နဲ့ တာတမံပေါင်း ၂၀ နီးပါး ကျိုးပေါက်ပျက်စီးခဲ့တဲ့အတွက် ထောင်နဲ့ချီတဲ့ လယ်ကွင်းထဲ ရေ၀င် ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် မိုးကျလာရင် အခြေအနေပိုဆိုးသွားနိုင်တဲ့အတွက် ရွာသားတွေဟာ ပျက်စီးနေတဲ့ တာတမံတွေ တတ်နိုင်သလောက် အမြန်ဆုံးပြင်ဆင်နေကြပြီး  အကူအညီတွေလည်း လိုအပ်နေတယ်လို့ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်သိန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးတွေက လာရောက်စစ်ဆေးသွားပေမယ့် အကူအညီ မရသေးကြောင်း၊ ကျေးရွာအချင်းချင်း ၀ိုင်းဝန်းကူညီဖို့ ဆက်သွယ်ဆောင်ရွက်ပေးနေတာကလွဲပြီး ရန်ပုံငွေ မရှိတဲ့အတွက်  အခြားကူညီမှု မပေးနိုင်ဘူးလို့ ဆိုပါတယ်။

ရေလွှမ်းမှုကြောင့် တောင်ကုတ်မြို့နယ် ခမောက်ချိုင်ရွာရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ရေထဲမျောပါ သေဆုံးခဲ့ရပြီး မအီမြို့နယ်မှာဆိုရင် နေအိမ် ၃ လုံး ရေထဲမျောပါသွားခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ရှမ်းပြည်နယ် မြောက်ပိုင်းမှာတော့ ပြီးခဲ့တဲ့ အပတ်က နမ္မတူမြစ် ရေလျှံတာကြောင့် သိန္နီမြို့အ၀င်မှာရှိတဲ့ စပါးခင်းတွေ၊ ခမ်းတိန်း နဲ့ ကောင်းဟော် ကျေးရွာအုပ်စုကြီး ၂ ခုထဲက စပါးခင်း ဧကပေါင်းရာနဲ့ချီပြီး ရေလွှမ်းတာ ခံခဲ့ရတယ်လို့ သိန္နီမြို့ ကျားဖြူပါတီ ဥက္ကဋ္ဌ ဦးစိုင်းမြမောင်က ပြောပါတယ်။

သိန္နီမှာ အရင်နှစ်တွေက ရေလွှမ်းရင် ခနတာအတွင်း ရေကျသွားပေမယ့် မြို့အ၀င် တံတား ဆောက်ပြီးတဲ့နောက်ပိုင်း ကျောက်စရစ်နဲ့ မြေစာတွေဟာ ရေစီးရေလာတွေ ပိတ်ဆို့စေတာကြောင့် တော်တော်နဲ့ ရေပြန်မကျဘဲ ရေထဲအကြာကြီးနစ်နေတဲ့ စပါးပင်တွေ ပျက်စီးရတာလို့ ဆိုပါတယ်။

နောင်နှစ်ခါ ခုလိုပြဿနာမဖြစ်ရအောင် ရေနုတ်မြောင်းတွေ ပြန်ဖော်ပေးဖို့ အုပ်ချုပ်ရေး မှူးတွေဆီ စာပို့ထားတယ်လို့ ဦးစိုင်းမြမောင်က ပြောပါတယ်။

ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်ထဲမှာလည်း ပြီးခဲ့တဲ့ အပတ်ထဲ ဒုတိယအကြိမ် ရေပြန်တက်ပြီး ရပ်ကွက်ထဲကို နှုန်းမြေ၊ ကျောက်စရစ်နဲ့ ရေစီးနဲ့ပါလာတဲ့ သစ်တုံး သစ်ကိုင်း တွေ ရှင်းလို့ မနိုင်သေးပဲ ရှိနေပါတယ်။

ကျိုင်းတုံဒေသမှာ ရေကြီးမှုကြောင့် လယ်မြေဧက ရာနဲ့ချီပျက်စီးပြီး မြို့နယ်အုပ်ချုပ် ရေးရုံးက လယ် ၁ ဧက ကျပ် ၁ သာင်းနှုန်း ထောက်ပံ့ကူညီပေမယ့် မလုံလောက်တဲ့အပြင် မြို့နဲ့ အလှမ်းဝေးတဲ့ ကန်နွဲ့ရွာမှာ  စပါးခင်းနဲ့ နေအိမ် အပျက်အစီးရှိပေမယ့် အကူအညီမရပဲ ဖြစ်နေတယ်လို့ ကျိုင်းတုံ လူမှုရေးကူညီမှုအသင်း လူငယ်တဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013