DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် ၄ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၀ ဦးနှင့် ဒဏ်ရာရသူ ၂၄ ဦး ရှိဟု AA ပြော
DVB
·
June 19, 2026
ရခိုင်တွင် ၄ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၀ ဦးနှင့် ဒဏ်ရာရသူ ၂၄ ဦး ရှိဟု AA ပြော
1 / 3
Photo: ကျောက်တော်လူငယ်များ အစည်းအရုံး
Donate to DVB

ရခိုင်ပြည်နယ် ကျောက်တော်နဲ့ ဂွမြို့နယ်တို့ကို ဇွန် ၁၄ ရက်ကနေ ၁၇ ရက်အထိ ၄ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သား သေဆုံးသူ ၁၀ ယောက်နဲ့ ထိခိုက်ဒဏ်ရာ ရရှိသူ ၂၄ ယောက်အထိ ရှိလာတယ်လို့ အာရက္ခတပ်တော် (AA) က ဇွန် ၁၈ ရက်မှာ ထုတ်ပြန် ပါတယ်။

ဇွန် ၁၇ ရက် ညနေ ၃ နာရီလောက်မှာ ကျောက်တော်မြို့က ပိုက်သည်ရပ်၊ ရွာမရပ်ကွက်နဲ့ လမ်းမတော်ကျေးရွာတို့ကို  လေကြောင်းကနေ ဂျက်ဖိုက်တာ ၄ စီးနဲ့ ပေါင် ၅၀၀ ဗုံး ၇ လုံး၊ ပေါင် ၃၀၀ ဗုံး ၁ လုံးနဲ့ Rocket ဗုံး ၁၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးတယောက်အပါအဝင် အရပ်သား ၈ ယောက်သေဆုံးပြီး ၁၉ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း လူနေအိမ်တွေ၊ ဈေးဆိုင်ခန်းတွေအပါအဝင် အဆောက်အအုံ (၃၀) ခန့် မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကျောက်တော်မြို့ ဗုံးကြဲခံရမှုမှာ သေဆုံးသွားသူတွေအထဲ ၄ နှစ်အရွယ် ကလေးငယ်တယောက်၊ သက်ကြီးပိုင်း ၂ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ပါဝင်ကြပြီ ဒဏ်ရာရရှိသူတွေထဲ ပြင်းထန်သူ ၄ ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇွန် ၁၄ ရက်က ဂွမြို့နယ် ကျောက်ချွန်ကျေးရွာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းဗုံးကြဲမှုမှာ အရပ်သားတယောက်နဲ့ နွားတကောင် ဒဏ်ရာ ရရှိကာ လူနေအိမ် အချို့လည်း ထိခိုက်ပျက်စီးသွားတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဇွန် ၁၅ ရက်နေ့ ညနေပိုင်းကလည်း ဂွမြို့နယ် ကျီန္တလီမြို့အနီးက ရမ္မာကျွန်းကျေးရွာကို စစ်အာဏာရှင် လေတပ်က ဗုံးတက်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ယောက်သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်အချို့လည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇွန် ၄ ရက်နဲ့ ၆ ရက်နေ့တွေကလည်း ရမ်းဗြဲမြို့နယ် လေးတောင်မြို့နဲ့ ကျောက်ဖြူမြို့နယ် ကုလားတွင်းကျေးရွာ၊ ဘယာကျေးရွာတို့ကို အသေခံဒရုန်းတွေ၊ Y-12 တွေနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာ ကြောင့် နွားတွေ ထိခိုက်သေဆုံးခဲ့ပါတယ်။

ရခိုင်က မြို့ရွာတွေကို စစ်အာဏာရှင်တပ်က ပစ်မှတ်ထားပြီး နေ့တိုင်း လေကြောင်း တိုက်ခိုက် နေတာကြောင့် စိုးရိမ်စိတ်တွေနဲ့ ရှင်သန်နေကြရတယ်လို့ ကျောက်တော်မြို့ အမျိုးသားတယောက်က ပြောပါတယ်။

“ကျောက်တော်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာ အတော်လေးကို ကြောက်ဖို့ကောင်းတယ်။ အရင်တုန်းကထက် ကြောက်ဖို့ကောင်းတာ။ စစ်တပ်က ရခိုင်ပြည်က အရှုံးတွေကို ပြည်သူတွေကိုပဲ ရှုံးမဲမဲပြီး လေကြောင်းက တိုက်ခိုက်နေတာ။ ​ရခိုင်ပြည်သူတွေရဲ့ အသက်တချောင်း ရှင်သန်ကြဖို့ နေ့တိုင်းကြော​က်စိတ်တွေ၊ စိုးရိမ်စိတ်တွေနဲ့ပဲ ရှင်သန်နေကြရတာ။” 

ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုနဲ့ ပလက်ဝမြို့တို့ကို စစ်အာဏာရှင်တပ်က AA ထံ လက်လွှတ် ထားရသလို ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်တို့မှာလည်း AA ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာ ခံနေရတာ ကြောင့် AA ထိန်းချုပ်မြို့နယ်တွေက အရပ်ဘက်ပစ်မှတ်တွေကို လေကြောင်းက တိုက်ခိုက် နေတာ လည်း ဖြစ်ပါတယ်။

စစ်အာဏာရှင်တပ်ရဲ့ နေ့စဥ်လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ထိခိုက်မှုတွေ မြင့်တက်လာနေပြီး လေကြောင်းအန္တရာယ် အထူးသတိထားကြဖို့ AA က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013