ပုသိမ်မြို့ရှိ သာသနာ့ဓမ္မဂုဏ်ရည်ဘုန်းကြီးကျောင်းကို ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေး
DVB
·
December 30, 2020

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်မှာ ဒီဇင်ဘာ ၂၄ ရက်နေ့ကဖမ်းမိခဲ့တဲ့ အထောက်အထားမဲ့ လူ ၁၃ ယောက်ကို လိုက်ပို့ပေးတဲ့ ပုသိမ်မြို့က ကျောင်းထိုင်ဆရာတော်ဟာ ခုချိန်ထိ တိမ်းရှောင်နေတယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။
အမှုဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ ဘုန်းကြီးဟာ ပုသိမ်မြို့၊ အမှတ် ၁၄ ရပ်ကွက်က သာသနာ့ဓမ္မဂုဏ်ရည် ကျောင်းတိုက်က ကျောင်းထိုင်ဆရာတော်ဖြစ်သလို ဖမ်းမိတဲ့ကားဟာ အဆိုပါကျောင်းတိုက်က ကားဖြစ်တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။
အဆိုပါ ကျောင်းတိုက်ကို ရဲတပ်ဖွဲ့က ဝင်ရောက် ရှာဖွေရာမှာတော့ သံဃာ ၄ ပါး၊ သီလရှင် ၃ ပါးနဲ့ လူပုဂ္ဂိုလ် ၄ ဦးကိုသာတွေ့ရှိပြီး ကျောင်းထိုင် ဆရာတော်ကတော့ ပြန်လာတာမရှိတော့ဘူး လို့ သိရပါတယ်။
တိုင်းရဲတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက"ပြည်မှာဖမ်းမိခဲ့တော့ ခေါ်လာတဲ့လူတွေ ထွက်ပြေးသွားလို့ ကျနော်တို့ကို ချိတ်ဆက်လာ တာ။ အဲ့တော့ တရားခံနဲ့ ကွင်းဆက်တရားခံ ဖမ်းမိဖို့ ပိတ်ဆို့ဆောင်ရွက်နေပါတယ်"လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်ကလာတဲ့ အထောက်အထားမဲ့ လူ ၁၃ ယောက်ကို လိုက်ပါပို့ဆောင်ပေးသူဟာ သက်တော် ၃၈ နှစ်ရှိတဲ့ ဥူးက္ကန္ဒကဖြစ်ပြီး ဓမ္မစရိယ ဒီပလိုမာနဲ့ အမျိုးသား ပထမံကျော် စတဲ့ဘွဲ့ တွေ ရရှိထားကာ ကျောက်ဖြူမြို့ဇာတိဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါကျောင်းထိုင်ဘုန်းကြီးနဲ့ ကားမောင်းသူတို့ကို ပြည်မြို့ရဲစခန်းမှာ အမှုဖွင့်ထားပြီး တရားခံဖမ်းမိရေးအတွက် ကြိုးပမ်းနေတယ်လို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)