DVB Logo
Home
မြန်မာသတင်း
တရားမဝင်ရွှေ့ပြောင်းလုပ်သားများကို ယာယီနေထိုင်ခွင့်ကတ်ထုတ်ပေးရန် ထိုင်းဝန်ကြီးများအဖွဲ့ ဆုံးဖြတ် 
DVB
·
December 30, 2020
တရားမဝင်ရွှေ့ပြောင်းလုပ်သားများကို ယာယီနေထိုင်ခွင့်ကတ်ထုတ်ပေးရန် ထိုင်းဝန်ကြီးများအဖွဲ့ ဆုံးဖြတ် 
Donate to DVB

ထိုင်းနိုင်ငံမှာ အထောက်အထားမရှိဘဲ တရားမဝင် ဝင်ရောက်နေထိုင်သူတွေကို ပန်းရောင် ယာယီနေထိုင်ခွင့်ကတ်ပြားတွေ ထုတ်ပေးဖို့ ထိုင်းအစိုးရ ဝန်ကြီးများအဖွဲ့က သဘောတူ ဆုံးဖြတ်လိုက်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလ ရွှေ့ပြောင်းအလုပ်သမားတွေ အကြားမှာ ရောဂါ ကူးစက်မှုအများဆုံးတွေ့ရှိရတဲ့အတွက် တာဝန်ရှိသူတွေက ရွှေ့ပြောင်းလုပ်သားတွေ ရှိတဲ့နေရာကို ကွင်းဆင်းစစ်ဆေးရာမှာ တရားမဝင်အလုပ်သမား ငှားရမ်းခန့်ထားတဲ့ အလုပ်ရှင်တချို့က အရေးယူခံရမှာကြောက်ပြီး အလုပ်သမားတွေကိုစွန့်ပစ်တာတွေရှိခဲ့သလို တချို့ အထောက်အထား မဲ့အလုပ်သမားတွေကိုယ်တိုင်ကလည်း အဖမ်းခံရမှာကြောက်ပြီး ထွက်ပြေးတိမ်းရှောင်တာတွေ ရှိခဲ့ကြောင်း ထိုင်းအစိုးရက ပြောပါတယ်။

ဒီလို ထွက်ပြေးပုန်းရှောင်တာတွေဟာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို ပိုမိုဖြစ်ပေါ်စေတဲ့အတွက် တရားမဝင်အလုပ်သမားတွေကို နေထိုင်ခွင့်ကတ် ထုတ်ပေးဖို့  ထိုင်းဝန်ကြီးများအဖွဲ့က ဒီဇင်ဘာ ၂၉ ရက် အစည်းအဝေးမှာ သဘောတူခဲ့တယ်လို့  ထိုင်းအစိုးရ ဒုပြောရေးဆိုခွင့်ရှိသူ နန်းဆောင် တရိုင်းဆုလီ တရိုင်းဆလွန်နကွန်းက ထုတ်ပြန်ပြောဆိုပါတယ်။ 

အဆိုပါ တရားမဝင်အလုပ်သမားတွေမှာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံက လာတဲ့အ လုပ်သမားတွေအကြုံးဝင်ပြီး သူတို့ကို အထောက်အထားထုတ်ပေးဖို့ ထိုင်းပြည်ထဲရေးနဲ့ အ လုပ်သမားဝန်ကြီးဌာနက  မူဘောင်နဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ဖို့ တာဝန်ယူဆောင်ရွက်မှာ ဖြစ်ပါတယ်။

တရားမဝင်အလုပ်သမားတွေအနေနဲ့ ရက်ပေါင်း ၉၀ အတွင်း အလုပ်ရှင်ရှာဖွေပြီး  အွန်လိုင်းကနေ မှတ်ပုံတင်ရမယ်လို့ ဆိုပါတယ်။

မှတ်ပုံတင်ခွင့်ပြုမယ့်ကာလမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဖြစ်ပြီး ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား  ဘာသာ လေးခုနဲ့  လျှောက်လွှာ တင်နိုင်ပါတယ်။

အလုပ်သမားတွေ မှတ်ပုံတင်ထားတဲ့ အချက်အလက်တွေကို အလုပ်သမားဝန်ကြီးဌာနက စိစစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနကို ပေးပို့မှာဖြစ်ပြီး ကျန်းမာရေးဌာနကနေ အဆိုပါ အလုပ်သမား တွေကို ကိုဗစ်-၁၉ နဲ့တကွ အခြား ရောဂါ ၆ မျိုးကို စစ်ဆေးကာ ၂ နှစ် သက်တမ်းရှိ ကျန်းမာရေးအာမခံကတ် လုပ်ဆောင်ရမှာဖြစ်ပြီး ကုန်ကျစရိတ်မှာ ဘတ် ၇၂၀၀ ကျသင့်မယ်လို့ ဆိုပါတယ်။ 

ကျန်းမာရေးစစ်ဆေးရာမှာ စက်ရုံအလုပ်ရုံကလုပ်သားတွေဆိုရင် ကျန်းမာရေးဌာနက လုပ်ငန်းခွင်အထိ လာရောက်စစ်ဆေးပေးမှာဖြစ်ပြီး  ကျန်အလုပ်သမားတွေကတော့ နီးစပ်ရာ ပြည်သူ့ဆေးရုံကြီးတွေမှာ သွားစစ်ရမှာဖြစ်ပါတယ်။ 

ဆေးစစ်ပြီးတဲ့အလုပ်သမားတွေကို ပြည်ထဲရေးဌာနကနေ ပန်းရောင်ယာယီနေထိုင်ခွင့်ကတ် ထုတ်ပေးမှာဖြစ်ပြီး အဆိုပါကတ်ဟာ လာမယ့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

ဒါဟာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ဆောင်ရွက်လိုက်တဲ့ အထူးအစီအစဉ်တစ်ရပ်ဖြစ်ပြီး တရားမဝင်သူတွေကို တရားဝင်အောင် ဖော်ထုတ်ပေးလိုက်တာမို့ ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ တိတိကျကျလိုက်နာဆောင်ရွက်ဖို့ ထိုင်းဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချားက မှာကြားလိုက်ကြောင်း အစိုးရအိမ်တော်က ထုတ်ပြန်ပြောပါတယ်။ 

ကိုးကား- Dailynews/ Prachachat

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013