DVB Logo
Home
မြန်မာသတင်း
ကုလကိုယ်စားလှယ် မြန်မာပြည်ခရီးစဉ် အဆုံးသတ်
DVB
·
September 2, 2013
ကုလကိုယ်စားလှယ် မြန်မာပြည်ခရီးစဉ် အဆုံးသတ်
Donate to DVB

မြန်မာနိုင်ငံ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယားဟာ ရခိုင်ပြည်နယ် စစ်တွေနဲ့ သံတွဲမြို့တွေကို သွားရောက်ပြီးနောက် မြန်မာနိုင်ငံခရီးစဉ်ကို အဆုံးသတ်လိုက်ပါတယ်။

[caption id="attachment_43164" align="alignleft" width="300" caption="ကုလကိုယ်စားလှယ် စစ်တွေမြို့ ဒုက္ခသည်စခန်းတခုကို သွားရောက်စဉ်"][/caption]

မစ္စတာ နမ်ဘီးယားဟာ စက်တင်ဘာ ၂ ရက်နေ့ ညနေမှာ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာမယ်လို့ ရန်ကုန် အခြေစိုက် ကုလသမဂ္ဂရုံး ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းက ပြောပါတယ်။ ဒါပေမယ့် ဒီ ခရီးစဉ်နဲ့ ပတ်သက်ပြီး အသေးစိတ်ပြောဆိုခဲ့ခြင်း မရှိပါဘူး။

မစ္စတာ နမ်ဘီးယားဟာ စက်တင်ဘာ ၂ ရက်နေ့ သံတွဲခရီးစဉ်အတွင်း ဘာသာရေးအသင်းအဖွဲ့တွေ၊ မြို့မိမြိုဖတွေ မြို့ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တွေကို ဖိတ်ကြားဆွေးနွေးခဲ့တယ်လို့ သံတွဲခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောပါတယ်။

စက်တင်ဘာ ၁ ရက်နေ့ကလည်း စစ်တွေ သွားရောက်ပြီး အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ တယ်လို့ ရခိုင်ပြည်နယ် ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က ပြောပါ တယ်။

“နှစ်ဖက်လူမှုအဖွဲ့အစည်းအတွက်ပါပဲ။ နိုင်ငံတကာ ဖိအားပေးမှုကိစ္စတွေကို ဖြေရှင်းဖို့ လာကြည့်တယ်။ ဒီကလုပ်တဲ့ကိစ္စတွေကို ဖြေရှင်းပေးဖို့ပါ။ အကောင်းဘက်ကို ဦးတည်မယ်လို့ သုံးသပ်ပါတယ်။ အဓိက ပြည်နယ်အစိုးရက လုပ်ပေးတဲ့ဟာတွေကို သူလိုက်ကြည့်တယ်၊ နောက် ပြည်ပက လွှင့်နေတဲ့ ဟာတွေ ကွာခြားမှု ရှိတာတွေတော့ သူပြောပါတယ်။ ဒီမှာ လုပ်ပေးထားတဲ့အတိုင်း ပကတိအမြင်တွေ မလွှင့်တဲ့ကိစ္စတွေကို သူပြောပါတယ်။”

ဗီဂျေနမ်ဘီးယားဟာ စစ်တွေမှာ  ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ဝန်ကြီးတချို့၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က  အရာရှိတချို့နဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်  အရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

ဒါ့ပြင်  စစ်တွေမြို့က အုန်းတောကြီး၊ သဲချောင်းနဲ့ အောင်မင်္ဂလာ ဒုက္ခသည် စခန်းတွေကို သွားရောက်ပြီး ရခိုင်ဒေသခံတွေနဲ့  ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သလို မောင်တောမြို့နယ်ထဲက မောရဝတီဒေသခံတွေနဲ့ ပေါက်တောမြို့နယ်ထဲက ကြိမ်လိမ်ပြင် ဒုက္ခသည်စခန်းက ဘင်္ဂါလီ ဒုက္ခသည်တွေကိုလည်း တွေ့ဆုံခဲ့ပါတယ်။

ဩဂုတ် ၃၁ ရက်နေ့ကတော့ နေပြည်တော်မှာ ဒု-သမ္မတ စိုင်းမောက်ခမ်း အပါအ၀င် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ၊ ကရင် အမျိုးသား အစည်းအရုံး (KNU) ရှမ်းပြည် ပြန်လည် ထူထောင် ရေး ကောင်စီ (RCSS) တို့နဲ့ တွေ့ဆုံပွဲကိုလည်း မစ္စတာ နမ်ဘီးယားဟာ လေ့လာသူအဖြစ် တက်ရောက်ခဲ့ပါတယ်။

ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်၊ အောက်လွှတ်တော် ပြောခွင့်ရ ဦးရွှေမန်း အပါအ၀င် အစိုးရ အရာရှိတော်တော်များများနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မစ္စတာနမ်ဘီးယားဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်စ်အိုဟေး ကင်တားနား သွားခွင့်မရခဲ့တဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် ဌာနချုပ်လိုင်ဇာက  စစ်ဘေးဒဏ်ခံရတဲ့ ဒုက္ခသည်တွေဆီ သွားရောက်ခဲ့သလို  အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့ မိတ္တီလာမြို့ကိုသွားရောက်ပြီး ကယ်ဆယ်ရေး စခန်းတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

ကုလအထူးကိုယ်စားလှယ်ဟာ ဩဂုတ်လ ၂၅ ရက်ကနေ စင်တင်ဘာလ ၂ ရက်အထိ ၉ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း လေ့လာတွေ့ရှိချက်ချက်တွေကို စက်တင်ဘာလ နှောင်းပိုင်းမှာ ကျင်းပမယ့် ၆၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013