ကိုဗစ်-၁၉ ထိန်းချုပ်ရေး အမိန့်ညွှန်ကြားချက်များ ဇန်နဝါရီ ၃၁ ရက်အထိ ထပ်တိုး
DVB
·
December 30, 2020
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနဲ့ပတ်သက်တဲ့ အမိန့်ညွှန်ကြားချက်တွေကို ဇန်နဝါရီ ၃၁ ရက်အထိ နောက်ထပ်တစ်လ ထပ်တိုးလိုက်တယ်လို့ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ကြေညာပါတယ်။
ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်ပြီးထိန်းချုပ်ဆောင်ရွက်ဖို့လိုတာကြောင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ၊ ပြည်ထောင်စုဝန်ကြီးဌာနတွေက ကိုဗစ်-၁၉ ထိန်းချုပ်တားဆီးရေးအတွက် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်တွေကို ဇန်နဝါရီ ၃၁ ရက်အထိ ထပ်တိုးလိုက်တယ်လို့ ဆိုပါတယ်။
ဒီထဲမှာ ဖြေလျှော့ တိုးမြှင့်ဖို့ လိုတဲ့ကိစ္စတွေကတော့ မပါဘူးလို့ ဒီဇင်ဘာလ ၂၉ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ဗဟိုကော်မတီရဲ့ အသိပေးကြေညာချက်မှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၂၉ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၂၃,၁၅၃ ယောက်၊ သေဆုံးသူ ၂,၆၃၇ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၀၅,၂၇၉ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။