
တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ မနက်ဖြန် ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ကချင်ပြည်နယ်ကို စတင်ထွက်ခွာမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားပါတီတွေနဲ့ ဆွေးနွေးနိုင်ဖို့ကို ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နဲ့ အင်ထုံးခါးနော်ဆန်တို့ပါဝင်တဲ့ ၃ ဦးပါ ကိုယ်စားလှယ်အဖွဲ့ကို အန်အယ်လ်ဒီပါတီက ဖွဲ့စည်းတာ ဝန်ပေးထားတာပါ။
ဒီအဖွဲ့အနေနဲ့ ကချင်ပြည်နယ်ကို အရင်ဆုံးသွားရတာဟာ ပြည်နယ်စည်းနဲ့ ပါတီကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့ အားကောင်းမှုကြောင့်ဖြစ်ပြီး ကချင်ကအပြန် မွန်ပြည်နယ်ကို သွားမယ်လို့ ပါတီဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီးမှာ မီဒီယာတွေကို ပြောပါတယ်။
“ ကချင်ပြည်နယ်ကို သူတို့ မနက်ဖြန်သွားပါမယ်။ အပြန်မှာ မွန်ပြည်နယ်ကို သွားပါမယ်။ အဲနှစ်ခုပြီးမှပဲ သူတို့ Report ပြန်တင်ပါမယ်။ အဲဒါပြီးတော့မှ ကျန်တဲ့ဟာတွေကို ဆက်သွားဖို့ ကျနော်တို့ CEC ကနေ ဘယ်သွားပါဆိုတာ ပြန်ပြီး ညွှန်ကြားမှာပေါ့။ ကချင်နဲ့ မွန်ရွေးတယ်ဆိုတာက ဒါကတော့ အချင်းချင်းအကုန် ပြန်တိုင်ပင်ပြီး ဘယ်ကိုသွားသင့်သလည်းဆို တဲ့ဟာကို ဆုံးဖြတ်ကြတာပေါ့။ အဲတော့ ကချင်ကိုသွားသင့်တယ်ဆိုတာက ကချင်ပြည်နယ် စည်းက အားကောင်းတယ်လေ၊ ကူညီပေးတဲ့အဖွဲ့တွေကလည်း အားကောင်းတယ်ဆိုတော့ ကချင်ကို အရင်သွားတာ။ ရောက်တာတော့ ကျန်တဲ့ဟာ တွေ အကုန်ရောက်မှာပါ” ။
အခုလို တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ဒေသခံ အလုပ်အမှုဆောင်တွေ၊ အောင်နိုင်ရေးအဖွဲ့တွေ၊ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမြင်သဘောထားတွေကို အရင်တွေ့ဆုံဆွေးနွေးပြီးမှ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးကြမှာဖြစ်တယ်လို့ ပြောပါတယ်။
ပါတီအနေနဲ့ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံတဲ့အခါ ဘယ်လိုအကြောင်း အရာတွေပဲ ဆွေးနွေးရမယ်လို့ ညွှန်ကြားထားတာမရှိဘူးလို့လည်း ဆိုပါတယ်။
“ ခန့်မှန်းခြေနဲ့ ဘယ်သူက ဘာတောင်းမယ်၊ ဒီဟာတောင်းမယ် ခုချိန်မှာတော့ အဲလိုပဲ စိတ်ကူးနဲ့ပြောနေကြတာတွေ ရှိတာပေါ့။ ဒါတွေဟာ သူတို့ပြောလိုက်တဲ့အခါကျမှ ပါလာမှာ၊ အဲကျမှ ကိုအောင်မိုးညိုတို့ဆီကနေ ကျနော်တို့က သိရမှာ။ ဘယ်ပြည်နယ်က ဘာတောင်းမယ်ဆိုတာတွေပေါ့။ ဒါကတော့ ကျနော်တို့အထင်နဲ့ ပြောတာပါ။ ဒါက ခန့်မှန်းခြေပေါ့ နော်။ သွားပြီးတော့မှ စကားပြောပြီးတော့မှ နားထောင်လာပြီးတော့မှ ကျနော်တို့ ဘယ်လိုပြန်အဖြေပေးရမလည်းဆိုတာ ဆုံးဖြတ်ပေးနိုင်မှာပေါ့” လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
ဒါအပြင် အခုလို တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် Time frame အနေနဲ့ အစိုးရမဖွဲ့စည်းခင်ထိ အချိန်ရှိသေးသလို ပုံမှန်ဆက်သွယ်ရေးကိုတော့ ပုံသေထားလို့ မရဘူးလို့ ဆိုပါတယ်။
အခုကတည်းက ဆက်ဆံရေး ကောင်းအောင် ထူထောင်ထားမယ်ဆိုရင် လွှတ်တော်တွေ ဖွဲ့စည်းပြီးတဲ့အချိန်မှာ ဘယ်လိုတွေ တွဲလုပ်နိုင်မလည်းဆိုတာတွေမှာ မူဘောင်တွေ ချပေးနိုင်မယ်လို့ ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။










