DVB Logo
Home
မြန်မာသတင်း
အစိုးရဘဏ်များ အရှုံးပေါ်နေ
DVB
·
September 2, 2013
အစိုးရဘဏ်များ အရှုံးပေါ်နေ
Donate to DVB

ငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ ဘဏ်လုပ်ငန်းနယ်ပယ်အတွင်းမှာ  ပုဂ္ဂလိကဘဏ်တွေ အမြတ်ထွက်နေပေမယ့် အစိုးရဘဏ်တွေကတော့ အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။

အစိုးရဘဏ်တွေမှာ အပ်ငွေကသာ များနေပြီး ဘဏ်အနေနဲ့ ပေးရတဲ့ အတိုးက များတဲ့အတွက် ၀င်ငွေရရှိမှုက လျော့နည်းနေတာပါ။

ဒီ့အပြင် ချေးငွေပိုင်းဆိုင်ရာ ၀န်ဆောင်မှုမှာလည်း အားနည်းလို့ အစိုးရပိုင်ဘဏ်ဖြစ်တဲ့ မြန်မာ့စီးပွားရေးဘဏ်တွေမှာ အရှုံးနဲ့ယှဉ်ဆိုင်နေရတယ်လို့ သမ၀ါယမဘဏ်က အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်က ဒီဗွီဘီကို ပြောပါပါတယ်။

“အစိုးရဘဏ်တွေမှာဘယ်လိုဖြစ်နေလဲဆိုတော့ သူက အပ်ငွေ (saving) များတယ်လေ။ များတော့ အတိုးပေးရတာများတယ်။ ဒီတော့ ၀င်ငွေက နည်းတာပေါ့။ ပြီးတော့ သူကချေးငွေ (loan) လည်း မပေးနိုင်ဘူး။ ဒါကြောင့် နိုင်ငံတော်အစိုးရက ပံ့ပိုးပေးနေရတဲ့အပိုင်းဖြစ်နေတယ်/”
ဒါပေမယ့် ပုဂ္ဂလိကပိုင်ဖြစ်တဲ့ ဘဏ် ၁၉ ခုကတော့ အရှုံးမရှိဘူးလို့ ဆိုပါတယ်။

“ပုဂ္ဂလိကပိုင်ဘဏ်တွေကတော့ အမြတ်နည်းတာနဲ့ များတာပဲ ရှိတယ်။ မရှုံးကြဘူး။ ဒါက လက်ရှိ အနေအထားပါ။ တချို့က ရှုံးလည်း မရှုံးဘူး၊ မြတ်လည်း မမြတ်ဘူး။ ဒါပေမယ့်  ၀န်ထမ်းတွေအတွက် လစာပေးနိုင်တာဖြစ်လို့ အလုပ်အကိုင်တွေ ရရှိစေတယ်။ အဲ့လိုအကျိုးကျေးဇူးတော့ရှိတယ်။”

မြန်မာနိုင်ငံမှာ အစိုးရပိုင်ဘဏ်နဲ့ ပုဂ္ဂလိကပိုင်ဘဏ်တို့အကြား အပ်ငွေရရှိမှု အနေအထားက ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုဖြစ်တဲ့ ၂၀၀၁-၀၂ ဘဏ္ဍာနှစ်ကစပြီး ၂၀၁၀-၁၁ ဘဏ္ဍာနှစ်ကာလအထိ အစိုးရပိုင်ဘဏ်မှာ အပ်ငွေရရှိမှုက ကျပ်သန်းပေါင်း ၂၃၁၁,၈၄၇ သန်း ရရှိခဲ့တယ်လို့ ဗဟိုဘဏ်ရဲ့ စာရင်းတွေအရ သိရပါတယ်။

အလားတူ ပုဂ္ဂလိကပိုင်ဘဏ်တွေမှာ အပ်ငွေရရှိမှုက ကျပ်သန်းပေါင်း ၂၅၉၇,၈၇၂ သန်းရှိလို့ အပ်ငွေရရိမှုအနေအထားမှာ ပုဂ္ဂလိကဘဏ်တွေရဲ့ အပ်ငွေရရှိမှုက ပိုမိုပါတယ်။

ချေးငွေထုတ်ချေးမှုမှာလည်း ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုအတွင်း အစိုးရပိုင်ဘဏ်မှာ ကျပ်သန်းပေါင်း ၂၄၇,၆၀၂ သန်း ထုတ်ချေးမှုခဲ့ပြီး ပုဂ္ဂလိကပိုင်ဘဏ်တွေမှာ ကျပ်သန်းပေါင်း ၃၇၇,၃၀၂ သန်း ထုတ်ချေးခဲ့တဲ့အတွက် ပုဂလိကဘဏ်တွေက သာလွန်နေပါတယ်။

ဒါဟာ ဘဏ်ရဲ့ဝန်ဆောင်မှုတွေကြောင့် ပုဂ္ဂလိကဘဏ်တွေအနေနဲ့ ချေးငွေနဲ့အပ်ငွေပမာဏ မြင့်တက်လာတာလို့ စီးပွားရေးမူဝါဒရေးရာ ကျွမ်းကျင်သူ ဒေါက်တာအောင်ကိုကိုက ပြောပါတယ်။

“ရုံးပိုင်းဆိုင်ရာ ကိစ္စတွေမှာ မလိုလားအပ်တဲ့ စာရွက်စာတမ်းတွေ ပေးရတာကြောင့် လူတွေက အဲဒီအပေါ်မှာ ခွဲခြားသွားတာလည်း ဖြစ်နိုင်တယ်။ ဘဏ်တွေအပေါ်မှာ ဗဟိုဘဏ်က တပြေးညီထိန်းချုပ်ဖိုတော့ လိုတာပေါ့။ အဖွဲ့အစည်းပိုင် ဘဏ်ပဲဖြစ်ဖြစ်၊ လုပ်ငန်းရှင်ကြီးတွေပိုင်တဲ့ ဘဏ်ပဲဖြစ်ဖြစ်၊ အစိုးရပိုင်ဘဏ်ပဲဖြစ်ဖြစ် တပြေးညီ ထိန်းချုပ်ပြီးတော့ စောင့်ကြည့်ရမှာပေါ့။ ဒီဘဏ်တွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်းအားမှာလည်း အရေးကြီးတာပေါ့။ ယှဉ်ပြိုင်နိုင်စွမ်းဆိုတာက ငွေအပ်နှံသူတွေကို ဘယ်လောက်အတိုင်းအတာအထိ ၀န်ဆောင်မှု ကောင်းကောင်းပေးနိုင်လဲ၊ အဲဒါလည်း အများကြီး မူတည်တယ်။”

ဘဏ်တွေအနေနဲ့ ချေးငွေထုတ်ချေးတဲ့နေရာမှာလည်း ကုန်သွယ်မှုလုပ်ငန်းအပေါ် ၃၁ ရာခိုင်နှုန်းကျော်နဲ့ အများဆုံးထုတ်ချေးထားပြီး စက်မှုလက်မှုလုပ်ငန်းအပေါ်မှာတော့ ၂၆ ရာခိုင်နှုန်းနဲ့ ဒုတိယအများဆုံးထုတ်ချေးမှုရှိတယ်လို့ နိုင်ငံတော်ဗဟိုဘဏ်ရဲ့စာရင်းတွေအရ သိရပါတယ်။

အစိုးရဘဏ်နဲ့ ပုဂ္ဂလိကပိုင်ဘဏ်တွေအကြား ငွေကြေးဝန်ဆောင်မှုအပေါ်ထားရှိတဲ့ ဘဏ်တိုးနှုန်းက ဗဟိုဘဏ်က သတ်မှတ်ထားတဲ့အတိုင်း အပ်ငွေအပေါ် အတိုးနှုန်းက ၁ နှစ်ကို ၈ ရာခိုင်နှုန်းနဲ့ ချေးငွေအပေါ်အတိုးနှုန်းက ၁၃ ရာခိုင်နှုန်းရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013