DVB Logo
Home
မြန်မာသတင်း
လူငယ်များ အရည်အချင်းတိုးတက်စေရေး အင်တာနက်ကို ထိရောက်စွာသုံးပြီး လေ့လာရန် တိုက်တွန်း
DVB
·
December 29, 2020
လူငယ်များ အရည်အချင်းတိုးတက်စေရေး အင်တာနက်ကို ထိရောက်စွာသုံးပြီး လေ့လာရန် တိုက်တွန်း
Donate to DVB

လူငယ်တွေအနေနဲ့ အင်တာနက်ကို လူမှုကွန်ရက်အတွက်နဲ့  ဂိမ်းကစားဖို့အတွက်သာ သုံးတာမဟုတ်ဘဲ မိမိတို့အရည်အချင်းတိုးတက်စေဖို့ ထိထိ ရောက်ရောက်အသုံးချပြီး လေ့လာကြဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းလိုက်ပါတယ်။ 

ဒီဇင်ဘာ ၂၈ ရက်က အွန်လိုင်းက ကျင်းပတဲ့  မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) မိတ်ဆက်ဖြန့်ချိခြင်းအခမ်းအနားမှာ   နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။

“ဒီနေ့ခေတ်မှာ   ကမ္ဘာအရပ်ရပ်က   သတင်းအချက်အလက်တွေနဲ့ နည်းပညာတွေကို   ယခင်ကထက်   လွယ်ကူလျင်မြန်စွာရရှိနိုင်ခြင်းဟာ အရေးပါတဲ့ အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။ အင်တာနက်ပေါ်မှာ ကမ္ဘာ့ ထိပ်တန်းတက္ကသိုလ်ကြီးတွေရဲ့ သင်ကြားပို့ချမှုတွေကို အခမဲ့လေ့လာနိုင်တဲ့ website တွေ အများကြီးရှိနေပြီး ဘယ်ဘာသာရပ်၊ ဘယ်ကျွမ်းကျင်မှုကိုပဲ ဖြစ်ဖြစ်၊ ထဲထဲဝင်ဝင် လေ့လာသင်ယူနိုင်တဲ့ အခွင့်အရေး အများကြီးရှိပါတယ်။ သင်ကြားပို့ချမှု website အများစုမှာ အင်္ဂလိပ်ဘာသာနဲ့ သင်ကြားပို့ချတဲ့ အတွက်    အင်္ဂလိပ်ဘာသာ စကားကျွမ်းကျင်မှု   အတန်အသင့်ရှိဖို့လည်း လိုအပ်ပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်ဘာသာအတွက်လည်း အခမဲ့သင်တန်း တွေပေးတဲ့ website တွေ၊ YouTube Channel တွေ အများကြီးရှိပါတယ်။ လူငယ်တွေအနေနဲ့ အင်တာနက်ကို လူမှုကွန်ရက်အတွက်နဲ့  ဂိမ်းကစားဖို့ အတွက်သာ သုံးတာမဟုတ်ဘဲ  မိမိတို့အရည်အချင်းတိုးတက်စေဖို့ ထိထိ ရောက်ရောက်အသုံးချပြီး လေ့လာကြဖို့လည်း တိုက်တွန်းလိုပါတယ်။” 

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ကြိုးပမ်းကြရာမှာ အကန့်အသတ်ရှိတဲ့ သဘာဝသယံဇာတ အရင်းအမြစ်တွေကို ရေရှည်အသုံးပြုလို့ရအောင် စနစ် တကျ စီမံဆောင်ရွက်ရမှာဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ရေရှည်တည်တံ့ဖို့ ဆိုရင်တော့ နိုင်ငံသားတွေရဲ့ စွမ်းရည်အရင်းအမြစ်တွေကို စဉ်ဆက်မပြတ် မြှင့်တင်ပေးကြရမှာ  ဖြစ်တယ်၊  အခြေခံကျကျ အားထားရမှာကတော့ လူငယ်တွေပဲဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာနိုင်ငံက လူငယ်၊ လူရွယ်တွေအနေနဲ့  ကမ္ဘာ့စီးပွားရေးနဲ့ မြန်မာ့ စီးပွားရေး အခြေအနေတွေကို မျက်ခြည်မပြတ်လေ့လာပြီး အများပြည်သူက ယုံကြည်အားကိုးနိုင်တဲ့ Digital ပလက်ဖောင်းအသစ်တွေ ထပ်မံထွန်းကား လာအောင် ကြိုးစားကြရမှာ ဖြစ်သလို အခုရှိပြီးသားဖြစ်တဲ့  ပလက်ဖောင်းတွေကိုလည်း ပိုမိုအားကောင်း အောင်မြင်လာအောင် အရှိန်အဟုန်နဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်ကြဖို့ လိုတယ်။ တရားမျှတပြီး နည်းလမ်းကျတဲ့  ပြိုင်ဆိုင်မှုတွေနဲ့ ခေတ်မီဆန်းသစ်တဲ့ Digital စျေးကွက်စီးပွားရေးစနစ် ပေါ်ထွန်းလာဖို့ လူငယ်တွေဟာ နိုင်ငံတော် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ကြိုးစားကြပါလို့လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်း ပါတယ်။ 

“လူငယ်တွေအနေနဲ့ နည်းပညာတိုးတက်မှုရဲ့ ကောင်းကျိုးတွေသာမက တစ်ဖက်ကလည်း   ဆိုးကျိုးတွေဖြစ်တဲ့  လူမှုကွန်ရက်စာမျက်နှာတွေမှာ အနိုင်ကျင့်မှုတွေ၊   အမုန်းစကားတွေနဲ့လည်း   ကြုံတွေ့လာနိုင်ပါတယ်။ ဒါတွေဟာ  ရေရှည်လူမှုရေးနဲ့  ယဉ်ကျေးမှုဆိုင်ရာ   အဓိကစိန်ခေါ်မှုတွေ ဖြစ်လာနိုင်ပြီး  ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေကို  ထိခိုက် နစ်နာမှုတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကျမတို့လူငယ်တွေအနေနဲ့ အသိ၊ သတိရှိစွာနဲ့ အချင်းချင်းရိုင်းပင်းကူညီဖေးမခြင်း၊ ညီညွတ်မျှတခြင်းတို့ကို အထောက်အပံ့ဖြစ်စေနိုင်တဲ့ လူမှုပတ်ဝန်းကျင် ဖော်ဆောင်ရေးကို ဦးတည်ပြီး၊ အမုန်းတရားပြန့်ပွားစေမယ့် အတွေးအခေါ်၊ အသုံးအနှုန်း၊ အပြောအဆိုများ ပပျောက်သွားစေဖို့ ဝိုင်းဝန်းကြိုးပမ်းသွားကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်။”

မြန်မာနိုင်ငံအနေနဲ့ လူငယ်ရေးရာမူဝါဒကို ရေးဆွဲပြဋ္ဌာန်းထားရှိပြီး ဖြစ်သလို လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့အတွက် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) ကို မနေ့က စတင်မိတ်ဆက် ဖြန့်ချိလိုက်တာဖြစ်ပါတယ်။

လူငယ်ရေးရာမူဝါဒပါ အချက်တွေကို ထိရောက်စွာအကောင်အထည်ဖော်ခြင်းဖြင့် လူငယ်တွေအတွက် အရေးတကြီးလိုအပ်နေတဲ့ ကဏ္ဍပေါင်းစုံမှာ   ဖွံ့ဖြိုးတိုးတက်ပြီး  နိုင်ငံတကာနဲ့  ရင်ပေါင်တန်းနိုင်ဖို့၊ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် လူငယ်တွေက အဓိကကဏ္ဍက  ပါဝင်ဆောင်ရွက်နိုင်ဖို့  မျှော်မှန်းပြီးတော့ ဒီမဟာဗျူဟာ စီမံချက်ကို ရေးဆွဲခဲ့တာလို့ သိရပါတယ်။

မဟာဗျူဟာစီမံချက်ပါ  လူငယ် ဖွံ့ဖြိုးရေးဆိုင်ရာ ကဏ္ဍတွေကို လက်တွေ့ အကောင်အထည်ဖော်   ဆောင်ရွက်ကြဖို့    ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ တွေ၊  ပြည်တွင်းပြည်ပ အစိုးရမဟုတ်တဲ့  အဖွဲ့အစည်းတွေ၊  အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့အတူ လူငယ်တွေကိုယ်တိုင် ပူးပေါင်းပါဝင်အကောင် အထည်ဖော်ကြဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်း လိုက်ပါတယ်။ 

ဓာတ်ပုံ- State Counsellor

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013