Home
မြန်မာသတင်း
“ကျနော်ချစ်တဲ့ မန္တလေးမြို့ကို ပစ်မထားပါဘူး” - မြို့တော်ဝန် ဒေါက်တာရဲလွင်
DVB
·
December 28, 2020
မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ဟာ အန်အယ်လ်ဒီ အစိုးရရဲ့ လာမယ့် အစိုးရသက်တမ်းသစ်မှာတော့ မြို့တော်ဝန်အဖြစ် ဆက်လက်လုပ်ကိုင်တော့မှာမဟုတ်ဘဲ တရားဘာဝနာအားထုတ်ဖို့ အချိန်ပေးတော့မယ်လို့ ထုတ်ဖော်ရေးသားလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဒေါက်တာရဲလွင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူ မှုကွန်ရက်ပေါ်ကတဆင့် ဒီဇင်ဘာ ၂၆ ရက်က အသိပေးထားခဲ့တာ ဖြစ်ပါတယ်။ “ဖေဖော်ဝါရီလဆန်းလောက်ကျမှ ရှင်းပြဖို့စိတ်ကူးခဲ့ပေမယ့် ပြည်သူတွေရဲ့ တောင်းဆိုမှု များတာကြောင့်နဲ့၊ အစိုးရအဖွဲ့အတွင်း ပြဿနာဖြစ်နေသလိုလို ရေးသားချက်အချို့ကြောင့် စောပြီးရှင်းပြရတာပါ။ မြို့တော်ဝန်ရာထူးကို ၃ ကြိမ်တိတိငြင်းပယ်ပြီး နောက်ဆုံးနာရီပိုင်းအလိုမှ လက်ခံခဲ့တာ ပြည်သူတွေအသိပါ။ စလက်ခံကထဲက ၅ နှစ်ပဲ လုပ်ပေးဖို့ဆုံးဖြတ်ခဲ့တာပါ” မြို့တော်ဝန်ဟာ ပြီးခဲ့တဲ့ ၅ နှစ်သက်တမ်းကာလအတွင်းမှာ မန္တလေးမြို့တော် စည်ပင်သာယာရေးနဲ့ ပတ်သက်ပြီး တက်တက်ကြွကြွ လုပ်ဆောင်လေ့ရှိတဲ့အတွက် ပြည်သူတွေ ချီးကျူးအားပေးမှုတွေနဲ့အတူ လူသိများထင်ရှားပါတယ်။ ခုလက်ရှိ တာဝန်မထမ်းဆောင်နိုင်တာနဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ကြောင့်သာဖြစ်ကြောင်းလည်း ခုလိုပြောပါတယ်။ “အကြောင်းရင်းတွေအများကြီးထဲက အဓိကအကျဆုံးက အသက်အရွယ်ပါ။ ကျနော့်အသက် ၆၈ နှစ်ရှိပါပြီ။ သံသရာအတွက် ပြင်ဆင်ဖို့လိုပါပြီ။ ကျနော်ဖြတ်သန်းခဲ့ရတဲ့ ဘဝတလျှောက်လုံး မနက်ကစလို့ ညအချိန်အထိ မနားမနေလုပ်ခဲ့ရလို့ တရားဘာဝနာနဲ့ ကင်းဝေးခဲ့တာ အခုအချိန် အထိပါ။ ထဲထဲဝင်ဝင်လုပ်ဖို့ အချိန်ရောက်ပါပြီ။ နောက်အ ကြောင်းတချက်က ကျန်းမာရေးပါ။ ၂၀၁၂ ခုနှစ်က အူမကြီးထဲကအကျိတ် polyp ၁၁ ခု ခွဲထုတ်ခဲ့တာ အခုအချိန်အထိပြန်မပြရသေးပါဘူး။ အမှန်အတိုင်းက ၆ နှစ်တကြိမ်ပြရမှာပါ။ ကင်ဆာဖြစ်နိုင်ခြေများတဲ့ ရောဂါပါ။ အစာအိမ်ထဲမှာ ပါရှိနေပြီလို့လည်း ဝေဒနာ ခံစားမှုအရ ယူဆထားပါတယ်”        မန္တလေးမြို့တော် စည်ပင်သာယာရေးအဖွဲ့အနေနဲ့ ပြောင်းလဲတိုးတက်မှုနဲ့အတူ အဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီးတော့လည်း မြို့တော်ဝန်က ခုလိုရေး သားဖော်ပြထားပါတယ်။        “ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ စည်ပင်ဝန်ထမ်းတွေအများစုကို ပြောင်းလဲ ပေးနိုင်ခဲ့လို့ civil service reform အခုအချိန်မှာ ပြည်သူတွေရဲ့ မေတ္တာကို ရယူ နေတဲ့ အပြာဝတ်တွေဖြစ်နေပါပြီ။ နည်းပညာပြောင်းလဲမှုတွေနဲ့ လမ်းခင်းတာ၊ မီးတိုင် စိုက်ထူတာ၊ precast drains အသေး၊ အလတ် နဲ့ အကြီးတွေခင်းတာ တွေကိုပြည်သူတွေ မျက်ဝါးထင်ထင်တွေ့မြင်နေရပါပြီ။ လမ်းဘေးသန့်စင်ခန်းတွေ၊ စျေးအသစ်တည်ဆောက် ပေးပြီး စျေးအဟောင်းတွေ အဆင့်မြှင့်တာ ပြုပြင်မွမ်းမံတာတွေပါ အများကြီး လုပ်ပေး နိုင်ခဲ့ပါတယ်။ SCATS မီးပွိုင့် အခု ၅၀ အပြင် Individual loop sensor မီးပွိုင့် ၁၈ ခု၊ Fully AI ရတဲ့ HIK8600 iVMS Intellegent vehicle management system၊ လမ်းမီးအဖွင့်အပိတ်ကို ဗဟိုထိန်းချုပ်မှု စံနစ်နဲ့ control center ကနေ ထိန်းချုပ်နိုင်မယ့် Lora street light control system တွေ လုပ်နိုင်ခဲ့ပါတယ်။ စည်ပင်ရဲ့ ဘတ်ဂျက်က အ ခြားပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ လုံးဝမတူပါဘူး။ နိုင်ငံတော်ကပံ့ပိုးမှု လုံးဝမရပဲ မိမိ ဝင်ငွေပေါ်မှာသာရပ်တည်ရတဲ့ အဖွဲ့အစည်းပါ။ အရင်ကတော့ စည်ပင်ပိုင် မြေတွေကို ရောင်းချပြီး အသက်ဆက်ခဲ့ကြပေမယ့် ကျနော့်လက်ထက်မှာ ပုံမှန်ဝင်ငွေ တိုးတက်လာအောင် အခွန်အကောက်အရေအတွက်တိုးချဲ့နိုင်ဖို့ data အမှန်ရရှိရေး whole city household data survey လုပ်ခဲ့တာ၊ ပုံမှန်ငှားရမ်းခတွေထက် အများကြီး လျော့နည်းနေတဲ့ စည်ပင်ပိုင်မြေ အဆောက်အဦတွေအပေါ် လက်ရှိပေါက်စျေးရဲ့ ၆၀% ရအောင် တဦးချင်းညှိနှုင်းတာ ကအစ ဘယ်တုန်းကမှမရှိခဲ့ဘူးတဲ့ fiber cables တွေအတွက် right of way ခတွေ စတင်ကောက်ခံနိုင်တာအဆုံး နည်းပေါင်းစုံနဲ့ စည်ပင်ရဲ့ ဘတ်ဂျက်ကို တိုးတက်အောင်လုပ်ခဲ့နိုင်လို့ အရင်ဝင်ငွေရဲ့ ၂ ဆကျော်နဲ့ လည်ပတ်နေပါပြီ။” ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းတုန်းကလည်း မြို့တော်ဝန် ဒေါက်တာရဲလွင်ကို ပါတီကနေ ရွေးကောက်ပွဲဝင်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ငြင်းပယ်ခဲ့ပြီးဖြစ်ကာ  ရွေးကောက်ပွဲအပြီး နိုဝင်ဘာလ ၁၀ ရက်နေ့မှာတော့ ဝန်ကြီးချုပ်ဆီ နောက် ၅ နှစ်သက်တမ်းမှာ ဆက်မလုပ်တော့ကြောင်း တင်ပြခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။        ခုလိုရာထူးသက်တမ်းဆက်မတိုးတာက မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့ကြား ဘာပြဿနာမှ မရှိကြောင်း ဒေါက်တာရဲလွင်က ပြောပါတယ်။        “အရေးအကြီးဆုံးအသိပေးချင်တဲ့အချက်က ကျနော်ဆက်မလုပ်တော့တာ ကျနော့်ရဲ့ ကိုယ်ရေးကိုယ်တာကြောင့်ပါ။ NLD အစိုးရအနေနဲ့ ရွေးကောက်ပွဲဝင်ဖို့အထိပါ ကျနော့်ကို နေရာပေးခဲ့တာပါ။ ကျနော်နဲ့ ဝန်ကြီးချုပ်အကြားမှာ ဘာပြဿနာမှ မဖြစ်ဖူးပါ။ ငယ်သူငယ်ချင်း တွေလို ရင်းရင်းနှီးနှီးဆက်ဆံလျက်ပါ။ ကျနော်ပိုစ့်မတင်ဖြစ်တာက ကိုဗစ်ကာလ ဘာလုပ်ငန်းစစ်မှ လုပ်လို့မရအောင်ဖြစ်နေလို့ ပိုစ့်တင်စရာ အကြောင်းမရှိချိန် မို့လို့ပါ။ ကျနော်မြို့တော်ဝန်အဖြစ် ဆက်မလုပ်တော့ပေမယ့် ကျွန်တော်ချစ်တဲ့ မန္တလေးမြို့ကို ပစ်မထား ပါဘူး။ လုပ်ငန်းခွင်တွေသွားပြီး အကြံဉာဏ်တွေ ဆက်ပေးမှာပါ။ မြို့တော် ဖွံ့ဖြိုးရေးနဲ့ ကိုဗစ်အတွက် လှူလည်း ဆက်လှူသွားမှာ ပါ။ မန္တလေးနဲ့ မကင်းကွာပါဘူး”        မန္တလေးမြို့ဇာတိ ဒေါက်တာရဲလွင်ဟာ အသက် ၆၈ နှစ်အရွယ် ရှိနေပြီဖြစ်ကာ မန္တလေးမြို့၊ အမှတ် ၉ အခြေခံပညာအထက်တန်းကျောင်းတွင် အထက်တန်းအောင်မြင်ခဲ့ပြီး ဆေးတက္ကသိုလ် (မန္တလေး)မှာ တက်ရောက်ပညာသင်ကြားခဲ့သူ ဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ်မှာ ဆရာဝန်ဘွဲ့ကို ရရှိခဲ့ပြီး မျက်စိအထူးကု မဟာဘွဲ့တန်းကိုတော့ ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်မှာ ၁၉၈၆ ခုနှစ်မှ ၁၉၈၉ ခုနှစ်ထိသင်ကြားခဲ့တာ ဖြစ်ပါ တယ်။ ၂၀၁၅ အ​ထွေ​ထွေ​ရွေး​ကောက်ပွဲအပြီး ​ ဒေါက်တာဇော်မြင့်မောင် မန္တ​လေးတိုင်း ဝန်ကြီးချုပ်ဖြစ်လာပြီး​နောက် ​ဒေါက်တာရဲလွင်ကို မြို့​တော်ဝန်အဖြစ် ထမ်း​ဆောင်ရန် ကမ်းလှမ်းခြင်းခံခဲ့ရတာပါ။ ဒါပေမယ့် ၃ ကြိမ်တိုင်ငြင်းဆိုခဲ့ပြီးနောက်မှ လက်ခံခဲ့ပြီး ၂၀၁၆ ခုနှစ် ဧပြီလ ၅ ရက်နေ့မှာတော့ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး ဝန် ကြီး၊​ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ၊​ မန္တလေးမြို့တော်ဝန် အဖြစ် ခန့်အပ်ခံခဲ့ရတာ ဖြစ်ပါတယ်။ တာဝန်ထမ်းဆောင်စဉ်အတွင်း မန္တလေးမြို့ကို သိသိသာသာ တိုးတက်အောင် လုပ်ဆောင်နိုင် ခဲ့ပြီး အာဆီယံဒေသတွင်းနိုင်ငံတွေရဲ့ စမတ်စီးတီး ဖြစ်လာနိုင်ဖွယ်ရှိတဲ့ မြို့ ၁၀ မြို့စာရင်းမှာ မန္တလေးမြို့က ပါဝင်နိုင်ခဲ့ပါတယ်။        လတ်တလောမှာတော့ မန္တလေးမြို့တော်ဝန်ရဲ့ ရာထူးသက်တမ်းဟာ လာမယ့် ၂၀၂၁ ခုနှစ် မတ်လမှာ ကုန်ဆုံးမှာ ဖြစ်ပပြီး နောက်ထပ်မြို့တော်ဝန်အသစ် ဘယ်သူဖြစ် လာမလဲဆိုတာကို စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024