
နိုင်ငံတစ်ဝန်း အသက်မွေးဝမ်းကျောင်းပညာရပ်တွေ လေ့ကျင့်သင်ကြားပေးနေတဲ့ ဂျီတီအိုင်ကျောင်းတွေ အဆင့်မြှင့်တင်ရေးကို အထူးအလေးထား ဆောင်ရွက်ရမှာဖြစ်သလို၊ ဒေသလိုအပ်ချက်နဲ့ကိုက်ညီတဲ့ သင်တန်းတွေ ပေးအပ်နိုင်ဖို့ ကျောင်းသစ်တွေ စနစ်တကျ တိုးချဲ့ဆောင်ရွက်ရမယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။
စက်မှုလက်မှုသိပ္ပံကျောင်း "Government Technical Institute” GTI ပညာရေး ၁၂၅ နှစ်ပြည့် အထိမ်းအမှတ် ဒီဇင်ဘာ ၂၇ ရက်နေ့က ကျင်းပတဲ့ အခမ်းအနားမှာ မိန့်ခွန်း ပြောကြားရာ ထည့်သွင်း ပြောသွားတာပါ။
ဒီလိုလုပ်ငန်းစဉ်တွေကို ခိုင်ခိုင်မာမာ ဆောင်ရွက်နိုင်ဖို့အတွက် မဟာစီမံကိန်းတွေ စနစ်တကျချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်တယ်လို့လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။
“ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးအဖြစ် တည်ထောင်ရာ မှာ အထူးလိုအပ်နေတဲ့ အရည်အသွေးမြင့်မားတဲ့ နည်းပညာရှင်တွေ၊ ကျွမ်းကျင်ပညာရှင်တွေ နဲ့ ကျွမ်းကျင်လုပ်သားတွေကို မွေးထုတ်ပေးနိုင်ဖို့ ဒီလို GTI ကျောင်းတွေရဲ့ အရည်အချင်း မြင့်မားဖို့ဟာ အထူးပဲ လိုအပ်လှပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အသက်မွေးဝမ်းကျောင်းပညာဟာ အမှန်တကယ် တိုးတက်ပါမှ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာနိုင်မှာ ဖြစ်တဲ့အတွက် ဒီလိုသက်မွေးပညာရပ်တွေကို သင်ကြားလေ့ကျင့် ပေးနေတဲ့ အင်းစိန်ဂျီတီအိုင် သိပ္ပံကျောင်းတွေရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဟာ တစ်နေ့တခြား အရေးပါတဲ့ အခန်းကဏ္ဍ တစ်ခုအနေနဲ့ တည်ရှိလျက်ရှိပါတယ်။ အရှေ့တောင်အာရှ သာမက ကမ္ဘာ့အဆင့်မီ သက်မွေး ပညာသင်ကျောင်းများ ပေါ်ပေါက်လာစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြဖို့၊ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ အထူးပဲလိုအပ်လှပါတယ်။”
နိုင်ငံခေတ်မီ ဖွံ့ဖြိုးတိုးတက်ဖို့ အင်းစိန်ဂျီတီအိုင်အပါအဝင် တစ်နိုင်ငံလုံး မှာရှိတဲ့ နည်းပညာကောလိပ်၊ သိပ္ပံနဲ့ကျောင်းတွေမှာ နည်းပညာနဲ့ သက်မွေး ပညာသင်ယူနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်တတ်မြောက်မှု၊ အသိပညာကြွယ်ဝမှုနဲ့ ခံယူချက် ကောင်းမွန်မှု စတဲ့အချက်တွေနဲ့ ပြည့်ဝတဲ့ လူသားကောင်းတွေ ဖြစ်လာစေဖို့ အင်မတန်အရေးကြီးတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
အင်းစိန်ဂျီတီအိုင်အတွက် အရေးပါတဲ့ သမိုင်းဝင်အဆောက်အအုံတွေ၊ အမှတ်အသားတွေကို ရန်ကုန်ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ကလည်း တရားဝင်အသိ အမှတ်ပြုပြီးဖြစ်တာ ကြောင့် ရေရှည်တည်တံ့ခိုင်မြဲနိုင်ရေးအတွက် မဖြစ်မနေထည့်သွင်းစဉ်းစား လုပ်ကိုင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အင်းစိန်ဂျီတီအိုင်ဟာ ၁၈၉၅ ခုနှစ် ဧပြီ ၁ ရက်က စပြီး ရန်ကုန်မြို့၊ လသာမြို့နယ်၊ မြို့မကျောင်းလမ်း၊ အမှတ် (၂၉၇)နေရာမှာ Government Engineering School အဖြစ် စတင်မွေးဖွားခဲ့ပြီး နောင်မှာ မြန်မာနိုင်ငံရဲ့ စက်မှုလက်မှုသိပ္ပံကျောင်း (၁၂)ကျောင်းအနက် အစောဆုံး ပေါ်ပေါက်လာခဲ့တဲ့ ကျောင်းဖြစ်ပါတယ်။
၁၈၉၈ ခုနှစ်မှာ အင်းစိန်ဘူတာအရှေ့ဘက် ယခု တိရစ္ဆာန်မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနနေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး (၁၀)နှစ်အကြာ ၁၉၀၈ ခုနှစ်မှာ "Government School of Engineering & Technical High School" အမည်နဲ့ အင်းစိန်(ရွာမ) လက်ရှိနေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၁၂ ခုနှစ်မှာ "Government Technical Institute-GTI” ဆိုပြီး အမည်ပြောင်းလဲသတ်မှတ်ပြီး အသက်မွေးဝမ်းကျောင်း နည်းပညာ ရပ်တွေကို စတင်သင်ကြားခဲ့ပါတယ်။
အင်းစိန်ဂျီတီအိုင်ကနေ အစပြုပြီး လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ စက်မှုလက်မှု သိပ္ပံကျောင်းတွေအဖြစ် မန္တလေး၊ ကလော၊ ပြည်၊ ချောက်၊ မော်လမြိုင်၊ ဟင်္သာတ၊ တောင်ငူ၊ မုံရွာ၊ မိတ္ထီလာ၊ မအူပင်၊ သန်လျင်တို့မှာ ဆက်လက်ဖွင့်လှစ် သင်ကြားပေးနေပါတယ်။
ဓာတ်ပုံ- STATE COUNSELLOR










