DVB Logo
Home
မြန်မာသတင်း
လယ်မြေပြဿနာ အမြန်ဖြေရှင်းရန် လွှတ်တော်က အစိုးရထံ သ၀ဏ်လွှာပို့
DVB
·
August 29, 2013
လယ်မြေပြဿနာ အမြန်ဖြေရှင်းရန် လွှတ်တော်က အစိုးရထံ သ၀ဏ်လွှာပို့
Donate to DVB

လယ်မြေပြဿနာတွေကို အလျင်အမြန်ဖြေရှင်းပေးဖို့ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်က အစိုးရအဖွဲ့ထံ သ၀ဏ်လွှာပေးပို့ခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သ၀ဏ်လွှာကို ဖတ်ကြားခဲ့တာ ဖြစ်ပါတယ်။

“သက်ဆိုင်ရာတို့က လိုအပ်သော မြေများ၊ လိုအပ်သော ပြေယာများ ဆက်လက်အသုံးပြုရန် မသင့်သော မြေယာများကို ပြန်လည်အပ်ရန် ဆိုလိုကြောင်းနှင့် စိတ်ထား စေတနာကောင်းဖြင့် ပြန်လည် ပေးအပ်ကြလိမ့်မည်၊ ဆင်းရဲနွမ်းပါပြီး သိရှိနားလည်မှု အားနည်းသော တောင်သူလယ်သမားများ၊ ပြည်သူများအပေါ် စာနာထောက်ထားပြီး ဆောင်ရွက်ပေးသွားလိမ့်မည်ဟု မျှော်လင့် ယုံကြည်ပါသဖြင့် သုံးသပ် ဆောင်ရွက်နိုင်ပါရန် သ၀ဏ်လွှာပေးပို့အပ်ပါသည်။”

ဒီတကြိမ်ကျင်းပခဲ့တဲ့ လွှတ်တော်အတွင်း လွှတ်တော်လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်ရှင်ရဲ့ အစီရင်ခံစာကို တင်ပြခဲ့တုန်းကလည်း ဆိုင်ရာအစိုးရအဖွဲ့အနေနဲ့ အဆောတလျင် ဆောင်ရွက်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

တဆက်တည်းမှာပဲ အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ပြီးမှုတွေကို လွှတ်တော်ထံ ၂ လတကြိမ် လာရောက်အစီရင်ခံဖို့လည်း တိုက်တွန်းတင်ပြခဲ့ပြီး ဖြစ်ပါတယ်။
အခုတခါ လွှတ်တော်နာယက က အစိုးရအဖွဲ့ထံ သ၀ဏ်လွှာ ထပ်မံပေးပို့တိုက်တွန်းတာလည်း ဖြစ်ပါတယ်။

ဒီအပေါ် သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက အခုလို မှတ်ချက်ပေး ပြောပါတယ်။

“ထပ်ပြီးတော့ ပို့တဲ့သဘောကတော့ လေးနက်စေချင်တဲ့ သဘောထင်ပါရဲ့။ လွှတ်တော်ထဲမှာ အစီအရင်ခံစာ နံပါတ် ၃ ဆွေးနွေးပြီးတဲ့အခါကျတော့ လွှတ်တော် ကော်မရှင်က သွားပြီး လေ့လာထားတာတွေလည်းရှိတဲ့ အခါကျတော့ မြန်မြန်ထက်ထက် လုပ်စေချင်တယ်။ မလုပ်ဘူးဆိုလို့ရှိရင် အောက်မှာလည်း တောင်သူလယ်သမားတွေ မျှော်လင့်ချက်ထား၊ တခါ သိမ်းဆည်းထားတဲ့ လုပ်ငန်းရှင်တွေက မြန်မြန်ထက်လက် လက်ဦးမှုယူပြီးတော့ အရင်က အကောင်အထည်မဖော်တဲ့ဟာတွေကို ဇွတ်အတင်း ၀င်းခြံခတ်လို့ခတ်၊ အဲဒီလိုတွေဖြစ်တော့ အောက်မှာလည်း အမှုအခင်းတွေဖြစ်။ အဲဒါကို မြန်မြန်ထက်ထက် သူက တခုခု သမ္မတ ဆောင်ရွက်စေချင်တာ။ ပြီးခဲ့တဲ့ လွှတ်တော်ထဲမှာ ဆွေးနွေးပြီးတဲ့ နောက်ပိုင်းမှာ ဟိုဘက်က လုပ်လာတာ မတွေ့လို့ ဒါကို သက်သက် ထပ်ပြီးတော့ ပြောတာလည်း ဖြစ်နိုင်တာပေါ့။”

ဒီအကြိမ်လွှတ်တော်ထဲ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူတွေ နစ်နာမှုမရှိစေရေး စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာအပိုင်း ၃ တင်ခဲ့ပါတယ်။

ဒီအစီရင်ခံစာမှာတော့ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေကိုပေးတဲ့ မြေသိမ်းစာရင်းတခုရယ်၊ နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံတွေ တည်ဆောက်တဲ့အခါမှာ သိမ်းတာရယ်၊  နိုင်ငံတော် စီမံကိန်းတွေဖြစ်တဲ့ ကားလမ်းတွေ၊ လေယာဉ်ကွင်းတွေ အဲဒီသုံးခု သိမ်းတဲ့ဟာတွေကို တင်ပြခဲ့တာ ဖြစ်ပါတယ်။

အပိုင်း ၁ တုန်းက တပ်ကသိမ်းထားတာတွေ၊ အပိုင်း ၂ တုန်းက စက်မှုဇုန်နဲ့ အိုးအိမ်က သိမ်းထားတာတွေ အစီရင်ခံ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013