DVB Logo
Home
မြန်မာသတင်း
စမွတ်စာခွန်တွင် ကိုဗစ်ကူးခံရသူ ရွှေ့ပြောင်းလုပ်သား ၁၂၁၇ ဦးရှိလာ၊ ယာယီဆေးရုံဆောက်လုပ်မှု ဒေသခံများ ဆန္ဒပြ
DVB
·
December 25, 2020
စမွတ်စာခွန်တွင် ကိုဗစ်ကူးခံရသူ ရွှေ့ပြောင်းလုပ်သား ၁၂၁၇ ဦးရှိလာ၊ ယာယီဆေးရုံဆောက်လုပ်မှု ဒေသခံများ ဆန္ဒပြ
Donate to DVB

မြန်မာရွှေ့ပြောင်းလုပ်သားအများစု ဝင်ရောက်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်စာခွန်ခရိုင်ထဲမှာ ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီထိ နောက်ထပ်အသစ်ကူးစက်သူ ၉၆ ဦး ရှိတယ်လို့ ခရိုင် ကိုဗစ်-၁၉ စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ 

ဒါကြောင့် စမွတ်စာခွန်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူစုစုပေါင်း ၁၃၅၆ ဦးထိရှိလာပြီး အဲဒီထဲမှာ ထိုင်းနိုင်ငံသားက ၅၆ ဦးနဲ့ ရွှေ့ပြောင်းအလုပ်သမား ၁၂၁၇ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ 

စမွတ်စာခွန်မှာ နေ့စဉ်နဲ့အမျှ ကိုဗစ်-၁၉ စစ်ဆေးရေးကို နယ်လှည့်ဆောင်ရွက်နေရာမှာ ဒီဇင်ဘာ ၂၄ ရက်နေ့ထိ နမူနာပေါင်း ၁၂၉၆၄ ခုကို ဓာတ်ခွဲစစ်ဆေးခဲ့တာဖြစ်ပြီး ဆေးရုံမှာတက်ရောက်ကုသနေသူကတော့ ၇၃ ဦးရှိပါတယ်။ 

ကျန်သူတွေကတော့ ကွာရန်တင်းစင်တာမှာ အခြားသူတွေနဲ့အတူ ရောနှောနေထိုင်ပါတယ်။  စမွတ်စာခွန်က ပိုးတွေ့လူနာအများစုဟာ ရောဂါလက္ခဏာမပြသေးကြောင်း၊ ရောဂါလက္ခဏာပေါ်လာမှသာ ပုစွန်ဈေးနားလာဖွင့်ထားတဲ့ ယာယီဆေးကုသရေးစခန်းမှာ လာပြဖို့ သက်ဆိုင်ရာက ပြောထားတယ်လို့ အသွားအလာကန့်သတ်ထားခံရတဲ့ အလုပ်သမားတွေက ပြောပါတယ်။ 

အခုလို ပိုးတွေ့လူနာတွေ ထောင်ကျော်ရှိတဲ့အတွက် စမွတ်စခွန်းမှာ လူနာပေါင်း ရာနဲ့ချီဝင်ဆံ့နိုင်တဲ့ ယာယီဆေးရုံဆောက်လုပ်ဖို့လည်း သက်ဆိုင်ရာက ပြင်ဆင်နေပါတယ်။ 

မူလက စမွတ်စာခွန်မြို့ ထိုင်းအမျိုးသားအားကစားတက္ကသိုလ်ဝင်းကြီးထဲမှာ ဆေးရုံဆောက်ဖို့ ပြင်ဆင်ထားပြီး ဆောက်လုပ်ရေးပစ္စည်းတွေကို စစ်တပ်က ကား ၁၀ စီးကျော်နဲ့ တင်ဆောင်လာရာမှာ အနီးနားနေပြည်သူပေါင်း တစ်ရာကျော်စုဝေးရောက်ရှိလာပြီး စစ်ကားတွေကို ဆန္ဒပြဟန့်တားခဲ့ကြပါတယ်။ 

ထိုင်းပြည်သူတွေက အသစ်ဆောက်မယ့် ဆေးရုံဟာ သူတို့ရပ်ကွက်နဲ့ အလွန်နီးကပ်ပြီး အားကစားကွင်းမှာလည်း ကလေးတွေနေ့စဉ်သွားရောက်အသုံးပြုနေတာကြောင့် ကိုဗစ် ၁၉ ကူးစက်ပြန့်ပွားလာမှာကို စိုးရိမ်တာကြောင့် ကန့်ကွက်တယ်လို့ ဆိုပါတယ်။ အဆိုပါဆေးရုံကို စစ်တပ်ထဲမှာသာ သွားဆောက်ဖို့ ဆန္ဒပြသူတွေက အကြံပြုခဲ့ကြပါတယ်။ 

စမွတ်စာခွန် ပုစွန်ဈေးနဲ့ ဆက်စပ်နေတဲ့ ကိုဗစ် ၁၉ ရောဂါပိုးဟာ ဒီဇင်ဘာ ၂၄ ရက်နေ့ထိ ထိုင်းနိုင်ငံက ခရိုင်ပေါင်း ၂၉ ခုဆီ ပျံ့နှံ့ရောက်ရှိသွားပြီလို့ ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြပါတယ်။  

စမွတ်စာခွန်ခရိုင်မှာ တရားဝင်နဲ့ တရားမဝင် မြန်မာအလုပ်သမား ၂ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။

ထိုင်းတနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုအခြေအနေမှာ ဒီဇင်ဘာ ၂၅ ရက် မနက် ၁၁ နာရီထုတ်ပြန်ချက်အရ လူနာသစ် ၈၁ ဦးတွေ့ရှိပြီး အဲဒီထဲမှာ ရွှေ့ပြောင်းလုပ်သား ၃၅ ဦးပါဝင်ပါတယ်။  

ထိုင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၅၉၁၀ ဦးရှိပြီး ၄၁၃၀ ဦး သက်သာပျောက်ကင်းကာ သေဆုံးသူ ၆၀ ဦးရှိပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013