DVB Logo
Home
မြန်မာသတင်း
အစိုးရချပေးသည့် ဆင်းမ်ကတ် မှောင်ခိုဈေးကွက် ကြီးထွား
DVB
·
August 29, 2013
အစိုးရချပေးသည့် ဆင်းမ်ကတ် မှောင်ခိုဈေးကွက် ကြီးထွား
Donate to DVB

အစိုးရက ခွဲတမ်းစနစ်နဲ့ လုပ်နေတဲ့ ၁၅၀၀ တန်ဖုန်းဆင်းမ်ကတ်ရဲ့ မှောင်ခိုဈေးကွက်ပြဿနာက ရန်ကုန်မြို့ရဲ့ ရပ်ကွက်တိုင်းမှာ ဖြစ်ပေါ်နေတာကြောင့် တကယ်လိုအပ်သူတွေ ဖုန်းဆင်းမ်ကတ်ကို မသုံးစွဲနိုင် ဖြစ်နေပါတယ်။

မန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ခွဲတမ်းနဲ့ရောင်းချပေးနေတဲ့ ၁၅၀၀ တန် ဆင်းမ်ကတ်တွေရဲ့ မှောင်ခိုဈေး ကွက်က တဖြည်းဖြည်းအရှိန်မြင့်လာပြီး ဆင်းမ်ကတ်တခုကို ကျပ် ၁၂၀,၀၀၀ ကနေ ၉၀,၀၀၀ လောက်အထိ ပေါက်နေပါတယ်။

အခုလိုမှောင်ခိုဈေးကွက်ပြဿနာကြောင့်  ၁၅၀၀ တန် ဖုန်းတွေကို မဲစနစ်နဲ့ ပေါက်လာကြတဲ့ သူတွေထဲက အများစုဟာ သူတို့ အသုံးပြုဖို့မဟုတ်ဘဲ ဈေးနှုန်းအမြင့်နဲ့ ပြန်လည်ရောင်းချနေကြတဲ့ ဘက်ကိုပဲ ဦးတည်နေတယ်လို့ ရန်ကုန်မြို့နေ မြို့ခံတချို့က ပြောပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်များအသင်း (မန္တလေးတိုင်း) ရဲ့ ဥက္ကဋ္ဌ ဦးရဲမြတ်သူက အခုလို သုံးသပ်ပါတယ်။

“လိုသလောက် မပေးတဲ့ အတွက်ကြောင့် ဆင်းရဲသားတွေဘက်က ၁၅၀၀ ကို ဖုန်းကတ်ဆက်ဖို့ သူတို့က ကိုင်တာ မဟုတ်ဘူးလေ။ ၁၅၀၀ ကို တန်းစီလို့ရှိရင် ဘယ်နှသောင်းမြတ်မလဲဆိုတာ သူက အလုပ်မလုပ်ဘဲနဲ့ အချိန်ကုန်ခံပြီး တန်းစီကြတာလေ။ ဘာဖြစ်သွားသလဲဆိုတော့ မြန်မာလူမျိုးတွေက တန်းစီတဲ့ လူမျိုးတွေ ဖြစ်ပြီး အလုပ်အကိုင်တွေ ပျက်ပြီး တန်းစီတဲ့အလုပ်တွေ လုပ်ရတဲ့အတွက်ကြောင့် လုပ်အားတွေလည်း လျော့သွားတယ်၊ တကယ်တမ်းကျတော့ သူတို့က လွတ်လွတ်လပ်လပ် ပြိုင်ဆိုင်ချိန်ပေးတဲ့အခါကျမှ သူမရောင်းရင် ငါရောင်မယ်၊ ငါမရောင်းရင် သူရောင်းမယ်ဆိုတဲ့ ခေတ်တကယ်ရောက်မှ ဒါတွေက ဈေးပေါပေါနဲ့ ၀ယ်လို့ရမှာလေ။”

၁၅၀၀ တန်ဖုန်းကတ်တွေကို မူရင်းဈေးထက် ဈေးကြီးပေးပြီး ပြန်ဝယ်ကြတဲ့သူတွေထဲမှာ စီးပွားရေးလုပ်ကိုင်သူတွေ ပါဝင်သလို မဖြစ်မနေ ဖုန်းကတ်တခုရမှ အဆင်ပြေမယ့်သူတွေက များတယ်လို့ ဖုန်းလျှောက်ထားကြတဲ့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် ၁၅၀၀ တန်ဖုန်းဆင်းကတ်တွေကို မဲနှိုက်ရောင်းချပေးတဲ့နေရာမှာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ မသမာမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။

တချို့ရပ်ကွက်တွေမှာ အရင်က သန်းခေါင်းစာရင်းပါ မိသားစုဝင်အကုန် လျှောက်ထားခွင့်ရှိပေမယ့် အခုဆိုရင် တအိမ်ထောင်ကို တယောက်သာ လျှောက်ထားနိုင်တော့တယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ရန်ကုန်မြို့မှာနေထိုင်တဲ့ အိမ်ရှင်မတဦးက “ကျမ လှိုင်မြို့နယ် ရပ်ကွက်ရုံးမှာ သွားလျှောက်တော့ ရပ်ကွက်မှာ အနည်းဆုံး ၆ လ နေထိုင်ဖူးတဲ့သူမှ ဖုန်းလျှောက်ခွင့်ရှိတယ်လို့ ပြောတယ်။ ကျမတို့ ရွာကနေလာတာဆိုတော့ ဒီမှာ ၈ လရှိသွားပြီ။ ကျမတို့မှာလည်း လျှောက်ခွင့်ရှိတယ်။ အဲလိုပြောတာ့ မရဘူးတဲ့။ ညီမတို့က ဧည့်စာရင်းတိုင်ပြီး နေတဲ့အဆင့်မှာပဲ ရှိသေးတာတဲ့။ တန်ဖိုးနည်းဖုန်းဆိုတော့ တကယ့်ကို ရချင်တာပေါ့နော်။ တကယ်လိုအပ်တဲ့ သူတွေကျတော့ မရတဲ့အတွက် ဒီဟာ မဖြစ်သင့်ဘူးပေါ့” လို့ ပြောပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ရောင်းချခဲ့တဲ့ ၁၅ သိန်းတန် ဖုန်းကတ်တွေကအစ အခုလက်ရှိ ၁၅၀၀ တန်ဖုန်းကတ်တွေအထိ မှောင်ခိုဈေးကွက်တောက်လျှောက်ဖြစ်ပေါ်ခဲ့ပြီး အစိုးရက အကန့်အသတ်နဲ့ ထိန်းချုပ်နေသရွေ့ အခုလို သတ်မှတ်နှုန်းထားအတိုင်း မဝယ်ယူနိုင်တဲ့ ပြဿနာက ဆက်ရှိနေဦးမှာပဲလို့ ရန်ကုန်အခြေစိုက် မိုဘိုင်းဖုန်းလုပ်ငန်းရှင်တချို့က ပြောပါတယ်။

အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ ဖုန်းဆင်းမ်ကတ် ရောင်းချပေးနေမှုအပိုင်းနဲ့ပတ်သက်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို မေးမြန်းခဲ့ရာမှာ တစုံတရာဖြေကြားပေးခြင်း မရှိခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီလကစပြီး ၁၅၀၀ တန် ဆင်းမ်ကတ်တွေကို တလ ၃ သိန်းခွဲနှုန်းနဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်တွင်းက မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှုအရည်အသွေးကလည်း အခုအချိန်အထိ အဝေဖန်ခံနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013