DVB Logo
Home
မြန်မာသတင်း
အယုံလွယ်သူများထံက ငွေကြေးလိမ်လည်သူ နိုင်ငံခြားသားများပါဝင်သည့်ဂိုဏ်း ဖမ်းမိ
DVB
·
December 24, 2020
အယုံလွယ်သူများထံက ငွေကြေးလိမ်လည်သူ နိုင်ငံခြားသားများပါဝင်သည့်ဂိုဏ်း ဖမ်းမိ
Donate to DVB

အယုံလွယ်သူတွေကို ယုံကြည်အောင်ပြောဆိုပြီး Online ကတစ်ဆင့် ဘဏ်ကို ငွေလွှဲစေပြီး လိမ်လည်ရယူသူ နိုင်ငံခြားသားတွေပါတဲ့ ဂိုဏ်းတခုအား ဖော်ထုတ်ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

မန္တလေးမြို့နေ၊ Tin Yan Naing ဖေ့စ်ဘွတ်ခ်အကောင့်ကို Eve Garden ဖေ့စ်ဘွတ်ခ်အကောင့် အသုံးပြုတဲ့ အမျိုးသမီးတစ်ဦးက နိုဝင်ဘာ ၂၈ ရက်နေ့မှာ စတင်မိတ်ဖွဲ့ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

ဖေ့စ်ဘွတ်ခ်ပေါ် ခင်မင်ချိန် ၂ ပတ်ခန့်အတွင်းမှာ Eve Garden အကောင်ပိုင်ရှင် အမျိုးသမီးက အမေရိကန်နိုင်ငံသူ၊ ကိုးရီးယား လူမျိုးတစ်ဦး ဖြစ်ကြောင်း၊ ဆီးရီးယား စစ်မြေပြင် ငြိမ်းချမ်းရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ချိန် အမေရိကန် ဒေါ်လာ ၇၄၀၀၀၀ နဲ့ ရွှေချောင်းတွေ ရရှိခဲ့ပြီး ကိုဗစ်ရောဂါကာလအတွင်း ထိန်းသိမ်းဖို့ ခက်ခဲတာကြောင့် အပ်နှံထားလိုကြောင်း Tin Yan Naing အကောင့်ပိုင်ရှင်ကို ပြောပြီး ပစ္စည်းထုပ်တွေ၊ ဒေါ်လာ ဓာတ်ပုံတွေ ပေးပို့လာခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက် ၂ ရက်လောက်အကြာမှာ အမျိုးသမီးတစ်ဦးအသံနဲ့ ရန်ကုန်လေဆိပ်ပစ္စည်း လက်ခံဌာနက ဖြစ်ကြောင်း၊ ပြည်ပက ပို့လိုက်တဲ့ပစ္စည်းတွေ ရန်ကုန်လေဆိပ်ရောက်နေပြီး ပစ္စည်းထုတ်ယူဖို့ အမေရိကန် ဒေါ်လာ ၁၂၅၀ (မြန်မာငွေ ၁၆၉၀၀၀၀ ကျပ်) ကို Bank Account ကို လွှဲပေးဖို့အပါအဝင် ၃ ကြိမ် ပစ္စည်းထုတ်ယူဖို့ ငွေကျပ်စုစုပေါင်း သိန်း ၁၇၀၀ ကျော်ကို Bank Account လွှဲပေးခဲ့တယ်လို့ သိရပါသည်။

ငွေလွှဲပေးတဲ့ ဘဏ်နဲ့ Account တွေကို ခြေရာခံပြီး သက်ဆိုင်ရာဘဏ်တွေနဲ့ ပူးပေါင်းကာ ငွေလာထုတ်ချိန် CCTV မှတ်တမ်းတွေ၊ Bank Account ပိုင်ရှင်တွေကို ဖော်ထုတ်ရာ လှိုင်မြို့နယ်နဲ့ ရွှေပြည်သာမြို့နယ်နေ အသက် ၂၀ ကျော်ဝန်းကျင်ရှိ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးတို့ကို ဖမ်းဆီးမိခဲ့ပါတယ်။

မေးမြန်းချက်အရ သာမန်လက်လုပ်လက်စားတွေဖြစ်ကာ ပုဂ္ဂိုလ်တစ်ဦးက သူတို့ကို ၁၀၀၀၀ ကျပ်စီ ပေးကာ အမည်၊ နေရပ်၊ မှတ်ပုံတင်နံပါတ်တွေနဲ့ MPU ကတ်တွေ ဘဏ်အသီးသီးမှာ ပြုလုပ်စေပြီး  MPU ကတ်တွေ ယူဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက် ကွင်းဆက်အရ မရမ်းကုန်းမြို့နယ်၊ ၈ ရပ်ကွက်နေ၊ အမျိုးသား ၁ ဦးအပါအဝင် မိသားစုဝင် ၃ ဦးအား ထပ်မံဖမ်းဆီးမိခဲ့ပါတယ်။

သူတို့ဟာ သာမန်လက်လုပ်လက်စားတွေဆီကနေ MPU ကတ်တွေေ ၁၀၀၀၀ ကျပ်နဲ့ ဝယ်ယူခဲ့ပြီး သင်္ဃန်းကျွန်း မြို့နယ်၊ (င/က) ရပ်ကွက်နေ နိုင်ဂျီးရီးယားနိုင်ငံသား EZIEFULE (ခ) ABIAZIEN WISDOM နဲ့ ဇနီး မြန်မာနိုင်ငံသူ ဒေါ်စိုးစိုးစံ (ခ) နန်းစန္ဒီတို့ဆီကို MPU တစ်ကတ်ကို တစ်သိန်း ကျပ်နှုန်းနဲ့ ပြန်လည်ရောင်းချခဲ့ကြောင်း သိရှိရတာကြောင့် နိုင်ဂျီးရီးယားနိုင်ငံသားနဲ့ ဇနီးဖြစ်သူတို့ကို ဒီဇင်ဘာ ၁၆ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

အမှုမှာ EZIEFULE နဲ့အတူ သူငယ်ချင်းဖြစ်သူ နိုင်ဂျီးရီးယားနိုင်ငံသား ၁ ဦးလည်း  ပူးပေါင်းဆောင်ရွက်ကြောင်း၊ သူငယ်ချင်းဖြစ်သူဟာ ဒီဇင်ဘာလ (၅) ရက်နေ့က ရန်ကုန်ကနေ မလေးရှားကို ထွက်ခွာသွားပြီလို့ သိရပါတယ်။

လိမ်လည်ပုံ စိစစ်ချက်အရ Online ကတဆင့် ယုံကြည်လွယ်သူ ပစ်မှတ်တွေရှာစည်းရုံးပြီး ယုံကြည်လာပါက MPU ကတ်နံပါတ်တွေနဲ့ သက်ဆိုင်ရာ ဘဏ်တွေကို ဒေါ်စိုးစိုးစံ(ခ)နန်းစန္ဒီ အသံနဲ့ ငွေလွှဲခိုင်းကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

ကနဦး စိစစ်ချက်တွေအရ ဇွန်လမှာ ၁၅ ဦး၊ ဇူလိုင်လ ၁၈ ဦး၊ ဒီဇင်ဘာလ ၁၈ ဦးတို့ကို ပစ်မှတ်ထား ဆောင်ရွက်ခဲ့ကြောင်း၊ အချို့ ငွေလွှဲပေးသူတွေ ရှိသလို လွှဲမပေးသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

လိမ်လည်ခံရသူတွေ သက်ဆိုင်ရာရဲစခန်းအသီးသီးမှာ အမှုဖွင့်ထားချက်နဲ့ ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ ၁ မှုစီ၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်တို့မှာ ၂ မှုစီ၊ ရန်ကုန်တိုင်း ၁၀ မှုနဲ့ ရှမ်းပြည်နယ်က ၅ မှု ရှိတယ်လို့ သိရပါတယ်။

လိမ်လည်မှု ဖမ်းဆီးတဲ့ဖြစ်စဉ်မှာ ဘဏ်ပြေစာ ၄၁ ရွက်၊ ဘဏ်စာအုပ်မျိုးစုံ ၂၅ အုပ်၊ MPU ကတ်မျိုးစုံ ၅၇ ကတ်၊ ဖုန်း ၉ လုံး၊ Laptop ၁ လုံး၊ ငွေကျပ်သိန်း ၁၀၀ ကျော်၊ လေယာဉ် လက်မှတ် ၁ စောင်၊  လေယာဉ် Booking စာရွက် ၃ ရွက်နဲံ Memory Stick ၃ ခုတို့ သိမ်းဆည်းရမိခဲ့ပြီး လိမ်လည်ရရှိငွေတွေကိုတော့ ခွဲဝေသုံးစွဲပြီးဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် ဒေါ်စိုးစိုးစံ(ခ)နန်းစန္ဒီဟာ သင်္ဃန်းကျွန်းမြို့နယ်မှာ ဆိုင်ခန်းငှားရမ်းပြီး စတိုး ဆိုင်တခုတည်ထောင်ရင်းနှီးထားကြောင်း ပေါ်ပေါက်ခဲ့ပြီး နိုင်ဂျီးရီးယားနိုင်ငံသားတွေ ပါဝင်ပတ်သက်နိုင်တဲ့ အလားတူဂိုဏ်းတွေ ရှိနိုင်ကြောင်း ရဲတပ်ဖွဲ့က သံသယရှိတာကြောင့် ဆက်လက်စစ်ဆေးနေပြီး  ဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013