DVB Logo
Home
မြန်မာသတင်း
မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်း ၇ သောင်းကျော် စိစစ်တွေ့ရှိခဲ့ကြောင်း တပ်မတော်သတင်းထုတ်ပြန်
DVB
·
December 24, 2020
မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်း ၇ သောင်းကျော် စိစစ်တွေ့ရှိခဲ့ကြောင်း တပ်မတော်သတင်းထုတ်ပြန်
Donate to DVB

တပ်မတော်သားတွေ မဲပေးခဲ့တဲ့ မြို့နယ် ၂၀၀ ကျော်ထဲက မြို့နယ် ၄ ခုမှာ ထပ်နေတဲ့ မဲစာရင်းတွေနဲ့ မဲမသမာမှု ဖြစ်စေနိုင်တဲ့ မဲစာရင်းအရေအတွက် ၇ သောင်းကျော် စိစစ် တွေ့ရှိခဲ့ရတယ်လို့  တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီဇင်ဘာ ၂၃ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီမြို့နယ် ၄ ခုကတော့ အောင်မြေသာဇံမြို့နယ်၊ ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်နဲ့ တနိုင်းမြို့နယ်တွေ ဖြစ်ကြပြီး တကြိမ်ထက်ပိုပြီး မဲပေးပိုင်ခွင့် ရစေနိုင်တဲ့ ထပ်နေတဲ့ မဲစာရင်းအရေအတွက် ၃၄,၇၁၀ ခု၊ မဲမသမာမှုဖြစ်နိုင်တဲ့ မဲစာရင်းအရေအတွက် ၃၉,၅၉၆ ခုနဲ့ စုစုပေါင်း ၇၄,၃၀၆ ခုရှိခဲ့တယ်လို့ ဆိုပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ သက်ဆိုင်ရာမြို့နယ်အလိုက် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် (UEC) ရဲ့ မဲရလဒ်ထုတ်ပြန်ချက်အရ ဆန္ဒမဲပေးခွင့်ရှိသူ စာရင်းနဲ့ တပ်မတော်က စိစစ်တဲ့ ဆန္ဒမဲပေးခွင့်ရှိသူစာရင်း (ပုံစံ-၁) တို့ကို ယှဉ်တွဲဖော်ပြထားခဲ့တာပါ။

အောင်မြေသာစံမြို့နယ်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရဲ့ မဲရ လဒ်ထုတ်ပြန်ချက်အရ ဆန္ဒမဲပေးခွင့်ရှိသူ ၁၈၆,၃၂၃ ယောက်နဲ့ တပ်မတော်က စိစစ်ထားတဲ့ ဆန္ဒမဲပေးခွင့်ရှိသူစာရင်း (ပုံစံ-၁) မှာ ၁၈၁,၅၈၈ ယောက်ဖြစ်ပြီး တကြိမ်ထက်ပိုပြီး မဲပေးပိုင်ခွင့် ရစေနိုင်တဲ့ ထပ်နေတဲ့ မဲစာရင်းအရေအတွက် ၂,၀၉၃  ခု၊ မဲမသမာမှု ဖြစ်နိုင်တဲ့ မဲစာရင်း အရေအတွက် ၄,၂၈၉ ခုနဲ့ စုစုပေါင်း ၆,၃၈၂ ခုရှိခဲ့တယ်လို့ ဆိုပါတယ်။

ရမည်းသင်းမြို့နယ်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ရဲ့ မဲရလဒ် ထုတ်ပြန်ချက်အရ ဆန္ဒမဲပေးခွင့်ရှိသူ ၁၉၈,၄၃၈ ယောက်နဲ့ တပ်မတော်ကစိစစ်ထားတဲ့ ဆန္ဒမဲပေးခွင့်ရှိသူစာရင်း(ပုံစံ-၁)မှာ ၁၉၈,၄၁၇ ယောက်ဖြစ်ပြီး တကြိမ်ထက်ပိုပြီး မဲပေးပိုင်ခွင့် ရစေနိုင်တဲ့ ထပ်နေတဲ့ မဲစာရင်းအရေအတွက် ၉,၆၉၂  ခု၊ မဲမသမာမှု ဖြစ်နိုင်တဲ့ မဲစာရင်း အရေအတွက် ၈,၃၉၉ ခုနဲ့ စုစုပေါင်း ၁၈,၀၉၁ ခုရှိခဲ့တယ်လို့ ဆိုပါတယ်။

ပျော်ဘွယ်မြို့နယ်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ရဲ့ မဲရလဒ် ထုတ်ပြန်ချက်အရ ဆန္ဒမဲပေးခွင့်ရှိသူ ၂၁၆,၆၉၁ ယောက်နဲ့ တပ်မတော်ကစိစစ်ထားတဲ့ ဆန္ဒမဲပေးခွင့်ရှိသူစာရင်း(ပုံစံ-၁)မှာ ၂၁၃,၈၁၇ ယောက်ဖြစ်ပြီး တကြိမ်ထက်ပိုပြီး မဲပေးပိုင်ခွင့် ရစေနိုင်တဲ့ ထပ်နေတဲ့ မဲစာရင်းအရေအတွက် ၂၁,၄၈၁  ခု၊ မဲမသမာမှု ဖြစ်နိုင်တဲ့ မဲစာရင်း အရေအတွက် ၂၂,၃၇၉ ခုနဲ့ စုစုပေါင်း ၄၃,၈၆၀ ခုရှိခဲ့တယ်လို့ ဆိုပါတယ်။

တနိုင်းမြို့နယ်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ရဲ့ မဲရလဒ်ထုတ် ပြန်ချက်အရ ဆန္ဒမဲပေးခွင့်ရှိသူ ၃၄,၃၄၉ ယောက်နဲ့ တပ်မတော်ကစိစစ်ထားတဲ့ ဆန္ဒမဲ ပေးခွင့်ရှိသူစာရင်း(ပုံစံ-၁)မှာ ၃၄,၃၄၆ ယောက်ဖြစ်ပြီး တကြိမ်ထက်ပိုပြီး မဲပေးပိုင်ခွင့် ရစေနိုင်တဲ့ ထပ်နေတဲ့ မဲစာရင်းအရေအတွက် ၁,၄၄၄  ခု၊ မဲမသမာမှု ဖြစ်နိုင်တဲ့ မဲစာရင်း အရေအတွက် ၄,၅၂၉ ခုနဲ့ စုစုပေါင်း ၅,၉၇၃ ခုရှိခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး တပ်မတော်ကဖော်ပြထားတဲ့ ထပ်နေတဲ့ မဲစာရင်းထဲမှာတော့ နိုင်ငံ သားကတ်တူ၊ အမည်တူ၊ အသက်တူ၊ မိဘတူ အားလုံးတူသူတွေအပါအဝင် နိုင်ငံသားကတ်တူ၊ အမည်တူ၊ အသက်တူ၊ မိဘလွဲစသည်ဖြင့် ထပ်နေတာတွေကို အချက် ၁၃ ချက်ပါ ဇယားနဲ့တကွ ဖော်ပြထားခဲ့ပြီး မဲမသမာမှု ဖြစ်စေနိုင်တဲ့ မဲစာရင်းထဲမှာတော့ အသက် ၁၈ နှစ် မပြည့်ဘဲ မဲစာရင်းမှာ ပါဝင်သူတွေ၊ နိုင်ငံသားကတ်မရှိဘဲ မဲစာရင်းမှာ ပါဝင်သူတွေ၊ အသက် ၁၀၀ နဲ့အထက်တွေ စတဲ့ အချက် ၃ ချက်ပါဇယားနဲ့ ဖော်ပြထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ စုစုပေါင်း ၈၇ ခုတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က မဲအပြတ်အသတ်နဲ့ အနိုင်ရရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC) က နိုဝင်ဘာ ၁၃ ရက်နေ့မှာ အမည်စာရင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ပြန် လည်စိစစ်ဖို့ တပ်မတော်က တောင်းဆိုခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေ ဥပဒေနဲ့ ညီညွတ်စေရေးနဲ့ ဖြောင့်မတ်မှန်ကန်ပြီး တရားမျှတမှုရှိ စေရေးအတွက် နိုင်ငံတော်သမ္မတအနေနဲ့ လိုအပ်သလို ကြပ်မတ်ထိန်းကျောင်းပေး သင့်တယ်လို့လည်း နိုဝင်ဘာ ၃၀ ရက်နေ့မှာ သဘောထားထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တပ်မတော်အနေနဲ့ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ ဆန္ဒမဲပေးခဲ့တဲ့ မြို့နယ် ၂၁၈ မြို့နယ်မှ ရွေးကောက်ပွဲဖြစ်စဉ်တွေအပေါ်  ဥပဒေနဲ့အညီ နည်းလမ်းတကျ ဆောင်ရွက်ခဲ့ခြင်း ရှိမရှိကို ပြန်လည်စိစစ်သုံးသပ်နေပြီး လိုအပ်ပါက သက်ဆိုင်ရာမဲဆန္ဒနယ်မှ မဲဆန္ဒရှင်တွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်းသွားမယ်လို့လည်း တပ်မတော်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကျင်းပပြီးစီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် ကြားဖြတ်ရွေးကောက်ပွဲဟာ ကြို တင်မဲပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရသလို လက်ရှိအာဏာရပါတီ NLD ကပဲ အနိုင်ရရှိခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလတွေတုန်းကတော့ တပ်မတော်အနေနဲ့ ခုလိုစိစစ်တာမျိုး မရှိခဲ့တာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013