DVB Logo
Home
မေးမြန်းခန်း
နယ်စပ်ဂိတ်များ ဖွင့်လှစ်လိုက်သည့်အပေါ် လ၀က နှင့် မေးမြန်းချက်
DVB
·
August 28, 2013
နယ်စပ်ဂိတ်များ ဖွင့်လှစ်လိုက်သည့်အပေါ် လ၀က နှင့် မေးမြန်းချက်
Donate to DVB

ကမ္ဘာလှည့်ခရီးသည်တွေရော မြန်မာနိုင်ငံသား ပတ်စပို့ကိုင်ဆောင်သူတွေပါ ဒီကနေ့စလို့ မြန်မာနိုင်ငံတွင်းကို ထိုင်းနိုင်ငံကနေ လေယာဉ်တခုတည်းနဲ့သာ မဟုတ်ဘဲ ကုန်း လမ်းကြောင်းကပါ ၀င်ထွက်သွားလာနိုင်ပြီလို့ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာနက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်တကြောက တာချီလိတ်-မယ်ဆိုင်ဂိတ်၊ ​မြဝတီ-မဲဆောက်ဂိတ်၊ ​ကော့သောင်း-ရနောင်းဂိတ်နဲ့ ​ထီးခီး-ပူနာရွန်ဂိတ် ​၄ ​ခုကို ဒီကနေ့ဖွင့်လိုက်တာကြောင့်  စပြီး ၀င်ရောက်နိုင်ကြပြီဖြစ်ပြီး ဗီဇာစည်းမျဉ်းစည်းကမ်းကတော့ အပြောင်းအလဲမရှိပါဘူး။

အရင်တုန်းကတော့ နိုင်ငံတကာလေဆိပ်ကနေသာ ၀င်ခွင့်ပြုထားတာပါ။ နယ်စပ်ဂိတ်တွေကနေ ​ဝင်မယ်ဆိုရင် ​နေ့ချင်းပြန်ခရီး ​ဒါမှမဟုတ် ​နယ်စပ်ဒေသမှာသာ ၁ ပတ်ကြာအထိ ​နေထိုင်ခွင့် ရခဲ့တာ ​ဖြစ်ပါတယ်။

နယ်စပ်ဂိတ်တွေဖွင့်လှစ်မှုကြောင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကို အထောက်အကူပြုစေလိမ့်မယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ရုံးအဖွဲ့မှူး ဦးသန်းနိုင်ထွန်းက ပြောပါတယ်။ ဦးသန်းနိုင်ထွန်းကို ဒီဗွီဘီက  ဆက်သွယ်မေးမြန်းထားပါတယ်၊

နယ်စပ်ဂိတ် လေးခုမှာ ဂိတ်ပေါက်တွေကနေ ၀င်တဲ့အခါမှာ ဗီဇာတွေ ဘယ်လိုမျိုး ရယူရမှာလဲ။

“အခု ကျနော်တို့ လက်ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေမှာ ၀င်သလိုမျိုးပဲလေ။ ပတ်စပို့ရှိတယ်၊ ဗီဇာရှိတယ်ဆိုရင်၊ ပတ်စပို့ ဗီဇာ ရှိတဲ့လူတိုင်း ၀င်လို့ရတယ်လေ။”

အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေမှာ ဆိုလို့ရှိရင် ခရီးသွားဗီဇာနဲ့ စီးပွားရေးဗီဇာတို့ကို ဆိုက်ရောက်ဗီဇာတွေ ထုတ်ပေးတယ်လို့ ကျနော်တို့ သိရတယ်။ အဲဒီဂိတ်တွေကရော။

[caption id="attachment_43038" align="alignright" width="300" caption="မြ၀တီ-မဲဆောက် နယ်စပ်ဂိတ်ဖွင့်လှစ်စဉ်"][/caption]

“ကျနော်တို့ ဆိုက်ရောက်ဗီဇာ မပေးသေးဘူး၊ မပေးသေးဘူးဆိုတာက လောလောဆယ် ခေတ်မီလေဆိပ်တွေလို စက်ကရိယာတွေက အပြည်အစုံ မတပ်ရသေးဘူးလေ။ နောက်ပိုင်းတော့ အစီအစဉ်ရှိပါတယ်။ လောလောဆယ်တော့ ဆိုက်ရောက်ဗီဇာ မပေးနိုင်သေးဘူး။”

ထိုင်း-မြန်မာ နှစ်နိုင်ငံဆိုတော့ မြန်မာနိုင်ငံသား တယောက်အနေနဲ့ ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးမှာ ဗီဇာယူပြီးတော့ လေယာဉ်မစီးပဲနဲ့ အဲဒီ နယ်စပ် ၄ ပေါက်ကနေ ထိုင်းကိုလည်လို့ရလား။

“ရတယ်။ တရားဝင် ပတ်စပို့နဲ့ ဗီဇာသာ ရှိပါစေ။ ဘယ်သူမဆို ရတယ်၊ တတိယ နိုင်ငံသားရော အ၀င်ရော အထွက်ရော ရပါတယ်။”

ထိုင်းနိုင်ငံကို လေကြောင်းခရီးနဲ့ လာတယ်။ အကြောင်းတခုခုကြောင့် မဲဆောက်မှာ ကျနော်ရောက်နေရင်းနဲ့ မြန်မာပြည်နဲ့ မဲဆောက်မြို့ကို အသွားအပြန် လုပ်ချင်တယ် ဆိုလို့ရှိရင်ကော ရသလား။

“အဲဒါကတော့ တခုရှိတာပေါ့ဗျာ သူသတ်မှတ်ချက်တွေရှိတယ်။ ဗီဇာဆိုတာ အကြိမ်ကြိမ် ပြည်ဝင်ခွင့်ဗီဇာရှိမှ အကြိမ်ကြိမ် ၀င်ထွက်လို့ရမှာပေါ့။ တကြိမ်ကတော့ ကျနော်တို့ ပေးထားတယ်၊ ဗီဇာရှိရင် ရတယ်လေ။ ဟိုဘက်က ဗီဇာရှိရင် ၀င်လာခဲ့၊ ဒီဘက်က ဗီဇာယူပြီး ပြန်ထွက်ပေါ့။ ကျနော်တို့က အဲဒီလေးပေါက်က အရင်တုန်းက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ပေါ့။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကလွဲရင် ကျန်တဲ့နေရာက ၀င်လို့မရဘူး။ အခုကျတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြင်ကို ဒီလေးပေါက်ကို ထပ်ဖွင့်ပေးလိုက်တာပေါ့။ ထားဝယ်ရေနက်ဆိပ်ကမ်းတို့ဘာတို့ ကျနော်တို့ လုပ်နေတာကိုး။ လုပ်နေတော့ အဲဒီဘက်လည်း နီးသွားတာပေါ့ဗျာ။ ဘန်ကောက်ကနေတဆင့် ရန်ကုန်လာရမယ့်အစား အဲဒီကလူတွေလည်း အဲဒီမှာ ဖြတ်လမ်းကနေ လွယ်လွယ်ကူကူ ၀င်ထွက်နိုင်အောင်ပေါ့။”

re-entry ဗီဇာက နယ်စပ်ဂိတ်တွေမှာ ပေးလား။

“မပေးပါဘူး။ re-entry ယူချင်တယ်ဆိုရင် သက်ဆိုင်ရာ သံရုံးကနေ တခါတည်း တောင်းလာရမှာ။ အကြိမ်ကြိမ် ပြည်ဝင်ပြည်ထွက် လိုချင်တယ်ဆိုရင် သက်သက်လျှောက်ရတယ်။ သက်မှတ်တဲ့ ဗီဇာအမျိုးအစားပေါ့။ အဲဒီလိုလည်း ခွင့်ပြုထားတာပေါ့။ သဘောက ကျနော်တို့ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွေမှာ ၀င်ထွက်ခွင့်ပြုတဲ့အတိုင်းပဲ ကျနော်တို့က အဲဒီကနေ ၀င်ထွက်ခွင့်ပေးလိုက်တာ။ အပြည်ပြည်ဆိုင်ရာ ၀င်ထွက်ခွင့်တွေကို တိုးမြှင့်ဖွင့်ပေးလိုက်တဲ့ သဘောပဲ။”

ထိုင်းနဲ့မြန်မာ နယ်စပ်မှာတော့ လေးဂိတ်ဖွင့်ပြီးသွားပြီ။ ထပ်ပြီးတော့ တိုးချဲ့ဖွင့်ဖို့ရှိသေးလား။

“အစီအစဉ်တွေအပေါ်မူတည်ပြီးတော့ နောက်ထပ်ဖွင့်လှစ်ဖို့ ရှိပါတယ်။ တဖြည်းဖြည်းတော့ ချဲ့သွားမှာပေါ့။ လောလောဆယ် ကျနော်တို့ ပထမ စမ်းသပ် အစပျိုးတာပေါ့။”

တရုတ်ဘက်မှာရော ဘယ်လိုရှိလဲ။
“နောက်ပိုင်းတော့ လာမှာပါ။ ထိုင်းနဲ့ ဒီဘက် နယ်မြေ အေးချမ်းသာယာမှုအပေါ် မူတည်ပြီးမှ ဒါကို ကျနော်တို့ စမ်းသပ်လုပ်တာပေါ့။ နောက် တဖြည်းဖြည်းချဲ့သွားမှာပေါ့။”

အစိုးရရဲ့နယ်စပ်ဂိတ်တွေကနေပြီးတော့ ၀င်ထွက်ခွင့် လုပ်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ နည်းနည်းရှင်းပြပေးပါလား။

“လက်ရှိ ခေတ်စနစ်နဲ့အညီပေါ့။ ကိုယ့်နိုင်ငံကို လွတ်လွတ်လပ်လပ် ၀င်ထွက်သွားလာနိုင်အောင် ဟိုတယ်ခရီးရဲ့ ရည်မှန်းချက်ပြည့်မီအောင် ကျနော်တို့ ထောက်ပံ့ပေးတဲ့သဘော။ ဟိုတယ်ခရီးကလည်း ကျနော်တို့ဆီကို ထိုင်းနိုင်ငံလိုပဲ ကမ္ဘာလှည့် ခရီးသည်တွေ တိုးပြီး ၀င်ထွက်နိုင်အောင်ပေါ့ဗျာ။ နဂိုရည်မှန်းချက်ထဲမှာလည်း ပါတယ်လေ။ ကျနော်တို့ တရားဝင်နယ်စပ်ဂိတ်တွေက နဂိုကတည်းက နှစ်နိုင်ငံချင်း စာချုပ်ချုပ်ထားတာတွေ ရှိတယ်။ အဲဒီစာချုပ်တွေအပေါ်မူတည်ပြီးမှ ကျနော်တို့ နှစ်နိုင်ငံ ညှိနှိုင်းပြီးတော့မှ တိုးချဲ့သွားတာပေါ့။ တိုင်းပြည်နယ်မြေဒေသ လုံခြုံမှု အခြေအနေအရ အဲဒီအပေါ်မူတည်ပြီးတော့ စဉ်းစားသွားတာပေါ့။”

ဒီနေ့ ဂိတ်တွေ ဖွင့်တာနဲ့ ပတ်သက်ပြီး လ၀က အနေနဲ့ အမှတ်တရ ဘာများပြောချင်ပါသလဲ။

“ကျနော်တို့ တိုင်းပြည် လက်ရှိအခြေအနေအရ တိုင်းပြည်ကို နိုင်ငံတကာက စိတ်ဝင်စားတဲ့ အခါကျတော့ ကျနော်တို့ လ၀က လုပ်ငန်းနဲ့ ပတ်သက်လို့ ချောချောမွေ့မွေ့ဖြစ်အောင်၊ နိုင်ငံတကာနဲ့ ယှဉ်လို့ရတဲ့ ခေတ်မီစနစ်နဲ့ ကျနော်တို့က လွယ်လွယ်ကူကူ ၀င်နိုင်အောင်ပေါ့ဗျာ။ နိုင်ငံတကာနည်းတူ ကျနော်တို့က လ၀ကရဲ့ လုပ်ငန်းတာဝန်တွေကို အပြည့်အ၀ အကောင်အထည် ဖော်တာပေါ့။”

တလောတုန်းက နှစ်နိုင်ငံ ၀န်ကြီးများအဆင့် ဆွေးနွေးပွဲမှာ မြန်မာပြည်သားတွေကို ဆိုက်ရောက် ဗီဇာထုတ်ပေးဖို့ ဆိုပြီးတော့ မြန်မာဘက် ကမ်းလှမ်းတယ်ဆိုတာ ကြားရတယ်၊ အဲဒီအစီအစဉ်က ဘယ်အဆင့်ရောက်ပြီးလဲ။

“ထိုင်းဘက်က အကြောင်းမပြန်သေးဘူး၊ ဆိုက်ရောက်ဗီဇာ အခုခွင့်ပြုထားတာ နိုင်ငံ ၅၀ တောင်ရှိတယ်လေ။ အဲဒီနိုင်ငံတွေကနေ အပြန်အလှန် ပေးဖို့ဆိုပြီး ကျနော်တို့ ပေးသလို သူတို့လည်း ပြန်ပေးဖို့ ကမ်းလှမ်းတာလေးတွေရှိတယ်။ တချို့နိုင်ငံတွေကလည်း ပေးမယ်ဆိုပြီး အကြောင်းပြန်တာလေးတွေတော့ ရှိတယ်။ ထိုင်းကတော့ မပြန်သေးဘူး။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013