နိုင်ငံကူးလက်မှတ်၊ ဗီဇာဖြင့် ထိုင်း-မြန်မာ နယ်စပ်ဂိတ် ၄ ခုတွင် ၀င်ခွင့်ပြုပြီ
နန်းမြနဒီ
·
August 28, 2013

ပြည်ထောင်စုအစိုးရက ထိုင်း-မြန်မာ နယ်စပ်မှာ အပြည်ပြည်ဆိုင်ရာ ၀င်ပေါက်ထွက်ပေါက် ဂိတ် ၄ ခုကို ဒီကနေ့မနက် တရားဝင်ဖွင့်လှစ်လိုက်ပါတယ်။
အရင်တုန်းက ကမ္ဘာလှည့်ခရီးသည်တွေဟာ မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေကနေသာ ၀င်ရောက်နိုင်ပေမယ့် အခု နယ်စပ်ဂိတ်တွေကို တိုးချဲ့ဖွင့်လိုက်တာကြောင့် ကုန်းလမ်းခရီးကလည်း စတင် ၀င်ရောက်နိုင်ကြ ဖြစ်ပါတယ်။
ဒီအစီအစဉ်အရ နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေဟာ မြန်မာနိုင်ငံတွင်း ခွင့်ပြုထားတဲ့ နေရာအားလုံးကို သွားရောက်လည်ပတ်နိုင်မှာဖြစ်ပြီး အပြန်ခရီးမှာလည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့ လေကြောင်းလိုင်းတွေနဲ့ အခြားနယ်စပ် နှစ်သက်ရာ ဂိတ်ကနေ ပြန်လည်ထွက်ခွာနိုင်တော့မှာ ဖြစ်ပါတယ်။
နယ်စပ်ဂိတ်ကနေ ၀င်ရောက်မယ့် နိုင်ငံခြားသားတွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်က မြန်မာသံရုံးမှာ ပြည်ဝင်ခွင့်ဗီဇာ ရယူပြီးရင် နယ်စပ်ဖြတ်ဂိတ်ကြေး နဲ့ အခွန်အခ ပေးဆောင်စရာ မလိုတော့ဘဲ ပြန်တဲ့အချိန်မှသာ ဗီဇာရက်လွန်နေရင် တနေ့ကို ၃ ဒေါ်လာနှုန်း ပေး ဆောင်ရမယ်လို့ ကော့သောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး ဦးဝင်းဗိုလ်က ဒီကနေ့မနက် ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဒီလုပ်ငန်းဟာ တဖြည်းဖြည်းတိုးတက်လာမယ်လို့ မျှော်လင့်ပြီး ပျော့ကွက်၊ ဟာကွက်တွေအပေါ် ဝေဖန်မှုတွေကို လက်ခံပြီး အချိန်နဲ့တပြေးညီ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့လည်း ဦးစီးမှူးက ပြောခဲ့တယ်လို့ ကော့သောင်း လ၀က ၀န်ထမ်းတဦးက ဆိုပါတယ်။
[caption id="attachment_43031" align="alignright" width="300" caption=" မြ၀တီ-မဲဆောက် နယ်စပ်ဂိတ်"]
[/caption]
နယ်စပ်ဂိတ်လေးခုကို အပြည်ပြည်ဆိုင်ရာ ၀င်ပေါက်ထွက်ပေါက်အဖြစ် သတ်မှတ်လိုက်တာကြောင့် ဒေသခံတွေအတွက် ၀င်ငွေ တိုးတက်လာနိုင်တယ်လို့ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များ အသင်း (ရန်ကုန်ဇုန်) ဥက္ကဋ္ဌ ဦးတင်ဝင်းက ပြောပါတယ်။
“နယ်စပ်ဒေသ လမ်းတလျှောက်မှာ ရွာတွေရှိတယ်။ ဟိုတယ်တွေ၊ အိမ်တွေ၊ တည်းခိုခန်းတွေ ရှိမယ်။ သူတို့တွေ အထိုက်အလျောက် ၀င်ငွေရလာနိုင်မယ်။ စားသောက်ဆိုင်တွေ ၀င်ငွေ ရလာနိုင်တယ်။ ဒါတွေက နယ်ခံဒေသမှာရှိတဲ့ လူတွေဟာ ၀င်ငွေလည်း ရလာမယ်၊ မျက်စိပွင့်နားပွင့်လည်း ဖြစ်လာမယ်၊ တိုးတက်မှုလက္ခဏာလည်း ဖြစ်လာမယ်လို့ အန်ကယ်တို့ တွက်ပါတယ်။”
တနင်္သာရီတိုင်း ကော့သောင်းမြို့မတံတားမှာ ကျင်းပခဲ့တဲ့ ဖွင့်ပွဲအခမ်းအနားကို ကော့သောင်း လ၀က ညွှန်မှူး ဦးဆန်းလွင် နဲ့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ထိုင်းဘက်ခြမ်းက ရနောင်းခရိုင် အုပ်ချုပ်ရေးမှူး၊ လ၀က၊ နယ်စပ်ရေး ရာ ကော်မတီဝင် အစရှိတဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
ကရင်ပြည်နယ် မြ၀တီ - မဲဆောက်ချစ်ကြည်ရေးတံတားက ဖွင့်ပွဲအခမ်းအနားကို လ၀က ၀န်ကြီး ဦးခင်ရီ နဲ့ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီး ဦးဌေးအောင်တို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။
ဝန်ကြီး ဦးခင်ရီရဲ့ ဖွင့်ပွဲမိန့်ခွန်းမှာ နောက်ထပ် တရုတ်၊ အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ် ၀င်ပေါက်တွေလည်း ဖွင့်ဖို့ရှိပေမယ့် စက်ကိရိယာတပ်ဆင်မှု မပြည့်စုံသေးဘူးလို့ ပြောပါတယ်။
“မြန်မာ-ထိုင်း နယ်စပ်တလျှောက် ၀င်ထွက်ပေါက် ၄ ခုနဲ့ ရန်ကုန်-မန္တလေး-နေပြည်တော်ကဲ့သို့သော အပြည်ပြည်ဆိုင်ရာ လေဆိပ် ၃ ခုအပါအ၀င် စုစုပေါင်း ၇ နေရာရှိပါတယ်။ အဲဒီ ၇ နေရာအနက် ကြိုက်တဲ့နေရာကနေ ပြန်လည်ထွက်ခွာခွင့်ပြုမှာဖြစ်ပါတယ်။ တခြားသော ၀င်ထွက်ပေါက်တွေဖြစ်တဲ့၊ တရုတ်-အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်စတဲ့ နပ်စပ်ဂိတ်ပေါက်တွေမှာ လတ်တလော စစ်ဆေးဖို့ လိုအပ်တဲ့ စက်ကိရိယာတွေ တပ်ဆင်ဖို့ မပြီးသေးတဲ့အတွက် အထက်မှာဖော်ပြခဲ့တဲ့ ၀င်ထွက်ပေါက် ၇ ခုကိုပဲ အသုံးပြုခြင်း ဖြစ်ပါတယ်။”
ရှမ်းပြည်အရှေ့ပိုင်း မယ်ဆိုင် - တာချီလိတ်ဂိတ်မှာတော့ ရှမ်းပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူက ဦးဆောင် ဖွင့်လှစ်ပေးခဲ့ပါတယ်။
နောက်ထပ် ဂိတ်တခုဖြစ်တဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်က ထီးခီး - ဖူနာရွန် ဂိတ်ကိုတော့ ဒေသခံ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေက ဖွင့်လှစ်ပေးခဲ့ပါတယ်။
ဒီကနေ့ကစပြီး နိုင်ငံခြားသားတွေကို ခုလို ၀င်ခွင့်ပြုလိုက်တဲ့အပြင် နိုင်ငံကူးလက်မှတ်နဲ့ ဗီဇာရှိတဲ့ မြန်မာနိုင်ငံသားတိုင်း ဘယ်သူမဆို နယ်စပ်ဂိတ်ကနေ ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။
ဒီနှစ် ဇန်န၀ါရီလကနေ ဩဂုတ်လ ၂၇ ရက်နေ့ထိစာရင်းအရ မြန်မာနိုင်ငံထဲကို ၀င်ရောက်လာတဲ့ နိုင်ငံခြားသားဧည့်သည်ပေါင်း ၄ သိန်း ၃ သောင်းကျော်ရှိပြီး မနှစ်ကထက် ၁ သိန်းကျော် ပိုတိုးလာကြောင်း၊ ထိုင်းနိုင်ငံသားက ရာခိုင်နှုန်းအများဆုံးဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ထွန်းဦးက ဒီဗွီဘီကို ပြောပါတယ်။
