DVB Logo
Home
မြန်မာသတင်း
ပစ္စည်းစုံကွန်တိန်နာဝင်ပေါက် ၃ ခု အောက်တိုဘာကုန် စစ်မည်
DVB
·
August 28, 2013
ပစ္စည်းစုံကွန်တိန်နာဝင်ပေါက် ၃ ခု အောက်တိုဘာကုန် စစ်မည်
Donate to DVB

ပစ္စည်းစုံကွန်တိန်နာ ၀င်ပေါက်တွေဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း ၃ ခုမှာ အောက်တိုဘာလကုန်ကစပြီး တရားမ၀င်ကုန်သွယ်တာတွေ စစ်ဆေးတော့မယ်လို့ စီးပွားကူးသန်း ၀န်ကြီးရုံး ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံကို ကုန်သွယ်ကြတဲ့နေရာမှာ ပင်လယ်ရေကြောင်းက ကုန်သွယ်တာဟာ ၈၀ ရာခိုင်နှုန်းရှိပြီး တရားမ၀င်ကုန်သွယ်တာ အများဆုံးဖြစ်နေတာမို့ အခုလို စစ်ဆေးဖို့လုပ်တာလို့ ဦးတင်ရဲဝင်းက ပြောပါတယ်။

“အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွေ အနေနဲ့ တွက်လိုက်တဲ့အခါမှာ သီလ၀ါကနေစပြီးတော့မှ ထီးတန်း၊ အေးရှားဝေါလ်၊ MIT ဆိုတဲ့ အပါအ၀င် အပြည်ပြည်ဆိုင်ရာ သင်္ဘောတွေ ဆိုက်ကပ်နိုင်တဲ့ နေရာက ၇ နေရာရှိပါတယ်။ ၇ နေရာမှာမှ အဓိက ကွန်တိန်နာ ၀င်ပေါက် ၃ ခုဖြစ်တဲ့ ထီးတန်း၊ အေးရှားဝေါလ်နဲ့ MIT ဒါတွေကတော့ ပစ္စည်းစုံ ကွန်တိန်နာတွေ ၀င်ရောက်တဲ့ အပေါက်ဖြစ်ပါတယ်။ အဲဒီနေရာတွေကို ပထမဆုံး ဦးစားပေးတဲ့အနေနဲ့ စဉ်းစားပါတယ်။ ကျန်တဲ့ ဆိပ်ကမ်း ၄ ခုကိုဖြင့် ဒုတိယ အနေနဲ့ ကျနော်တို့ စဉ်းစားပါတယ်။ ၀င်တာကတော့ ၇ နေရာစလုံး ကျနော်တို့ ၀င်မှာပါ။”

မြိတ်၊ ကော့သောင်း၊ စစ်တွေ စတဲ့ ပြည်တွင်းကမ်းရိုးတန်းသွား သင်္ဘောတွေမှာ တရားမ၀င် ကုန်ပစ္စည်းတွေ တင်ဆောင်လာခြင်းရှိ မရှိကို ဩဂုတ်လ ၁၂ ရက်ကစပြီး စစ်ဆေးနေပြီလို့လည်း ပြောပါတယ်။

တရားမ၀င်ကုန်ပစ္စည်းတွေ အမြဲလိုဝင်နေတာမို့ ဘယ်လောက်ထိ စစ်ဆေးလုပ်ဆောင်နိုင်မလဲ စောင့်ကြည့်ရမယ်လို့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တဦးဖြစ်တဲ့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

“အချိုမှုန့်တို့၊ ကျွဲရိုင်းတို့ ကျန်တဲ့ပစ္စည်းတွေ ပိတ်ထားတယ် ပြောတာပဲ။ ကျနော်တို့ ရန်ကုန်မှာ အားလုံးဝယ်လို့ရတယ်။ အဲဒီတော့ ပမာဏကတော့ ခန့်မှန်းလို့ မရဘူး။ သို့သော်လည်းပဲ ဒီလမ်းကြောင်းတွေတော့ ရှိနေတာကတော့ အမှန်ပဲ။ ပမာဏကတော့ ကြီးမားတဲ့ ပမာဏတော့ ရှိနေမှာပဲ။ ထိရောက်မှုတွေကတော့ ကျနော်တို့ မပြောနိုင်ဘူး။ သို့သော်လည်းပဲ မလုပ်တာထက်စာရင် နည်းနည်း လုပ်တဲ့အတွက် အဟန့်အတားတော့ ဖြစ်သွားတာပေါ့။ ဘယ်လောက်လုံခြုံအောင် လုပ်နိုင်မလဲဆိုတာ ကျနော်လည်း မပြောနိုင်ဘူး။ လုပ်တဲ့အဖွဲ့အပေါ်၊ ဘယ်လောက်အားထုတ်မှု အပေါ် မူတည်တာပေါ့နော်။”

ရှည်လျားလှတဲ့ မြန်မာ့ကမ်းရိုးတန်း ရှိနေတာကြောင့် တရားမ၀င်ကုန်သွယ်တာတွေ ပပျောက်အောင် လုပ်ဖို့ ခက်ပေမယ့် လျော့နည်းအောင်တော့ လုပ်ရမယ်လို့ စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်က တရားမ၀င် ကုန်သွယ်မှု ထိန်းချုပ်ရေးအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013