DVB Logo
Home
အာရှဒေသ
အင်ဒိုနီးရှား လူမှောင်ခိုမှု အစည်းအဝေး
DVB
·
August 28, 2013
Donate to DVB

အင်ဒိုနီးရှားနိုင်ငံက လူမှောင်ခိုမှုနဲ့ပတ်သက်တဲ့ ဒေသဆိုင်ရာ အစည်းအဝေးတခုကို အောင်မြင်မှုတခုအဖြစ် ထုတ်ဖော်ပြောဆို ကြိုဆိုလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ ကျင်းပခဲ့တဲ့ အစည်းအဝေးကို နိုင်ငံပေါင်း ၁၂ နိုင်ငံလောက် တက်ရောက်ခဲ့ကြပါတယ်။

အင်ဒိုနီးရှားနဲ့ မလေးရှားလိုနိုင်ငံတွေမှာ တပိန်ပိန် တလိမ်လိမ်နဲ့ နေနေကြရတဲ့ အာဖဂန်နစ္စတန် နဲ့ မြန်မာနိုင်ငံက ထောင်နဲ့ချီနေတဲ့ ဒုက္ခသည်တွေဟာ ဩစတြေးလျလိုနိုင်ငံမျိုးမှာ ပြန်လည်အခြေချ နေထိုင်ခွင့်ရဖို့ နှစ်ပေါင်းများစွာ စောင့်နေကြပါတယ်။

အတော်များများဟာ အလွန်ပိတ်ပင် တားဆီး၊ ဖိနှိပ်ခံကြရလို့ ဩစတြေးလျနိုင်ငံကို ရောက်ဖို့ မျှော်လင့်ချက်နဲ့ သူတို့အသက်ကိုစွန့်ပြီး အိန္ဒိယသမုဒ္ဒရာကို လှေစီးဖြတ်သန်းလာခဲ့ကြသူတွေ ဖြစ်ပါတယ်။

ဩစတြေးလျ လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီး တိုနီ ဘတ်ခ်က “အင်ဒိုနီးရှား ကမ်းခြေတွေနဲ့ ဩစတြေးလျ ကမ်းခြေတွေအကြား အလှမ်းဝေးတဲ့နေရာတွေမှာ ကျနော်တို့ မြင်ခဲ့ရတာတွေအားလုံးရဲ့ အကြီးအကျယ် ချောက်ချားစရာကတော့ လူတွေ တခါတရံ မေးတတ်တဲ့ လူဘယ်လောက်များများ ရေနစ်သေဆုံးခဲ့ကြပြီလဲဆိုတာပါပဲ။ အမှန်တရားကတော့ အဲဒီမေးခွန်းရဲ့အဖြေကို ဘယ်သူမှမသိတာပါပဲ။ ပင်လယ်ပြင်မှာ လူပေါင်း ဘယ်လောက်များများ အသက်ဆုံးရှုံးခဲ့ကြပြီလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး" လို့ ပြောပါတယ်။

ဩစတြေးလျက အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်ကို လက်မှတ် ရေးထိုးထားပါတယ်။ ဒါပေမယ့် ခိုလှုံခွင့်တောင်းသူတွေရဲ့ တိုးများလာနေတဲ့ အရေအတွက်ကို ကြုံနေရတဲ့အတွက် သူ့အနေနဲ့ ခိုလှုံခွင့်တောင်းသူတွေကို မ၀င်နိုင်အောင် တားဆီးဖို့ လုပ်လို့ ရနိုင်တာတွေ အားလုံးကို လုပ်ဆောင်နေရပါပြီ။

ဩစတြေးလျ ၀န်ကြီးချုပ် ကက်ဗင်းရဒ်ကတော့ ဒီကိစ္စကို ကိုင်တွယ်ဖို့ ဩစတြေးလျအတွက် အကောင်းဆုံး နည်းလမ်းအနေနဲ့  ပြဿနာကို သူ့ရဲ့ အနီးဆုံး အိမ်နီးချင်းနိုင်ငံ ပါပူဝါ နယူးဂီနီကို ပို့ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အစီအစဉ်သစ်အရ ဩစတြေးလျကို လှေတွေနဲ့လာကြတဲ့ ခိုလှုံခွင့်တောင်းသူတွေဟာ ပါပူဝါ နယူးဂီနီမှာ ပြန်လည်အခြေချ နေထိုင်ကြရမှာဖြစ်ပါတယ်။

ပါပူဝါ နယူးဂီနီ နိုင်ငံခြားရေး ၀န်ကြီး ရင်းမ်ဘင့်ခ် ပါတိုက “သူတို့ဟာ အလုပ်လုပ်ခွင့် အခွင့်အရေးနဲ့ ပညာသင်ကြားခွင့် ရကြမှာပါ။ ပြောချင်တာကတော့ ပါပူဝါ နယူဂီနီက ခင်ဗျားတို့ကို ကြိုဆိုပါတယ် ဆိုတာပါပဲ” လို့ ပြောပါတယ်။

ဒါပေမယ့် ပါပူဝါ နယူးဂီနီ နိုင်ငံခြားရေးဝန်ကြီး ပါတိုက အီရန်နိုင်ငံသား ခိုလှုံခွင့်တောင်းသူ တချို့ကတော့ ပါပူဝါနယူးဂီနီမှာ တသက်တာ နေတာထက် မိခင်နိုင်ငံကို ပြန်ပို့ပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ ပြောပါတယ်။

“ဒီကနေ့ ကျနော် လုပ်ခဲ့တဲ့ ရှင်းလင်းပွဲမှာ သူတို့ထဲက လူ ၅၀ ဟာ သူတို့ရဲ့ နိုင်ငံကို ပြန်ဖို့ သဘောတူခဲ့ကြပါတယ်။”

ခိုလှုံခွင့်တောင်းသူတွေနဲ့ ဒုက္ခသည်တွေရဲ့ လှုပ်ရှားမှုတွေဟာ ဩစတြေးလျနိုင်ငံမှာ ကြီးမားတဲ့ နိုင်ငံရေးကိစ္စတခု ဖြစ်နေပါတယ်။ နောက် အဲဒီ နိုင်ငံရေးဇာတ်လမ်းထဲကို အင်ဒိုနီးရှား နိုင်ငံဟာလည်း ဆွဲ အသွင်းခံနေရပါတယ်။

ဒုက္ခသည်ဖြစ်လာမယ့်သူတွေ လာမယ့်၊ ဖြတ်သွားမယ့် ဦးတည်မယ့် နိုင်ငံတွေ ပါဝင်ပြီး ဆွေးနွေးပွဲတခု ကျင်းပခဲ့တာကတော့ အင်ဒိုနီးရှားသမ္မတရဲ့ စိတ်ကူးပါ။ အစည်းအဝေးကို ၃ မျက်နှာပါ ကြေညာချက်တခု နဲ့ ၃ နာရီတည်းနဲ့ နိဂုံးချုပ်ခဲ့ပါတယ်။

ဒါပေမယ့် အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး မာတီ နာတာလီ ဂါဝါ ကတော့ အစည်းအဝေးက အကျိုးရလဒ် နည်းနည်းပဲရှိတယ် ဆိုတဲ့အပြောတွေကို  ငြင်းပယ်ခဲ့ပါတယ်။

"ဒီကနေ့တွေ့ဆုံကြတဲ့ နိုင်ငံတွေက ကျနော်တို့ အတူတွဲပြီး အလုပ်လုပ်နိုင်မယ့် နေရာတွေကို ဖော်ဆောင်သတ်မှတ်၊ ဆက်လုပ်နိုင်ဖို့တွေကို ချမှတ်ဆောင်ရွက်ခဲ့တာတွေရဲ့ ကျေးဇူးကြောင့် အများကြီးပိုကောင်းတဲ့ အခြေအနေ ဖြစ်လာပြီဆိုတာ ကျနော်ပြောနိုင်ပါတယ်။ ဥပမာ အတော်လေး ခိုင်မာအားကောင်းတယ်လို့ ကျနော်ယူဆတဲ့ ရှာဖွေကယ်တင်ရေး လုပ်ငန်းဆောင်တာတွေ ဖြန့်ကြက်လုပ်ဆောင်ဖို့လိုဟာမျိုးပေါ့။"

အင်ဒိုနီရှားက ဩစတြေးလျဟာ လူမှောင်ခိုတွေအတွက် အကျိုးဖြစ်စေတယ်လို့ အငြင်းပွားခဲ့တဲ့ စီမံချက်တခုဖြစ်တဲ့ အီရန်နိုင်ငံက လူတွေကို ဆိုက်ရောက်ဗီဇာ ပေးတာကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။ နောက် လူမှောင်ခိုတာကို ပြန်ပြီးနှင်ထုတ်နိုင်တဲ့ ချိုးဖောက်ကျူးလွန်မှုတခုအဖြစ် သတ်မှတ်ဖို့ ပြင်ဆင်နေပါပြီ။

တုံ့ပြန်မှုအနေနဲ့ ပြန်လည် အခြေချနေထိုင်ဖို့ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံမှာ စောင့်ဆိုင်းနေကြတဲ့ ထောင်နဲ့ချီနေတဲ့ ဒုက္ခသည်တွေကို သူ့နိုင်ငံက အရေအတွက် တိုးပြီး လက်ခံဖို့ စဉ်းစားပေးမယ်လို့ ဩစတြေးလျက ပြောပါတယ်။

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ရေဘက်ကာ ဟန့်ရှ်ခါ က ဂျာကာတာကနေ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013