DVB Logo
Home
မြန်မာသတင်း
ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာအိမ်ရာတွင် ဆိုင်ကယ်ခိုးယူခံရမှုများလာ
DVB
·
December 20, 2020
ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာအိမ်ရာတွင် ဆိုင်ကယ်ခိုးယူခံရမှုများလာ
Donate to DVB

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်က မြရည်နန္ဒာ အိမ်ရာတွေမှာ ဆိုင်ကယ်ခိုးယူမှုတွေ မကြာခဏ ဖြစ်နေတဲ့အတွက် အခမဲ့ ဆိုင်ကယ်ရပ်နားဖို့ နေရာ လုပ်ပေးနေသလို ရဲတပ်ဖွဲ့က လှည့်ကင်းတာဝန်ယူဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

မြရည်နန္ဒာအိမ်ရာ ဆောက်လုပ်စဉ်ကတည်းက ကား၊ ဆိုင်ကယ် ရပ်နားဖို့ ပါကင်နေရာ မပါခဲ့တာကြောင့် တိုက်ခန်းတွဲနေ ပြည်သူတွေအနေနဲ့ မိမိနေထိုင်ရာ တိုက်ခန်းအပြင်ဘက်မှာပဲ ဆိုင်ကယ်ကို ရပ်နားထားရပြီး မကြာခဏ ခိုးယူခံနေရတာဖြစ်တယ်လို့  မြရည်နန္ဒာအိမ်ရာ လူမှုကူညီရေးအဖွဲ့ဆီက သိရပါတယ်။

မြရည်နန္ဒာ အိမ်ယာအတွင်း စက်တင်ဘာလကနေ ဒီဇင်ဘာလအထိ ဆိုင်ကယ်ပျောက်ဆုံးတာကြောင့် အမှုဖွင့်တိုင်ကြားတာ ၅ မှုနဲ့ ဆိုင်ကယ်ပျောက်ကြောင်း သတင်းပေးတိုင်ကြားမှု ၁၀ မှုလောက် ရှိတယ်လို့ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်နယ်မြေ ရဲစခန်းဆီက သိရပါတယ်။

ကိုဗစ်ကာလ ညမထွက်ရ အမိန့်ကန့်သတ်ထားတာကြောင့် ညအချိန်ထက် နေ့ခင်းပိုင်းမှာ ဆိုင်ကယ်ခိုးတာ ပိုဖြစ်လာတယ်လို့လည်း သိရပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ ညအချိန်မှာလည်း လှည့်ကင်း ပတ်ကင်းတွေ ဆောင်ရွက်ပေးနေပြီး အိမ်ရာအတွင်း လုံခြုံရေးဆောင်ရွက်နေသူတွေ၊ ဆိုင်ကယ် စောင့်ရှောက်ပေးနေသူတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။

မြရည်နန္ဒာအိမ်ယာ လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစံလွင်က ဆိုင်ကယ်ထားဖို့ ပါကင်နေရာ မလုံလောက်တာက ပျောက်ဆုံးနေရတဲ့ အဓိက အချက်လို့ ပြောပါတယ်။

“ဆိုင်ကယ်တွေ ဒီလိုပဲ ပေါ့ပေါ့ပါးပါး ထားကြတယ်။ အပြင်မှာထားကြတယ်။ တချို့လည်း ဇတ်သော့ပေါက် ခတ်တယ်။ ချိန်းသော့ မခတ်ဘူး။ တချို့လည်း GPS မတပ်တာ စသဖြင့်ပေါ့နော်။ အဲဒီလိုတွေ ဖြစ်လာတဲ့အခါ ကျနော့် တိုက်ခန်းမှာက ဆိုင်ကယ် ပျောက်ရှမှုက များလာသလို ကျနော်တို့က တိုက်ခန်းဖြစ်တဲ့ခါကျတော့ ရပ်ကွက်လိုမျိုး လမ်းသွယ်တွေ၊ အိမ်တွေက မျက်နှာချင်းဆိုင်တောင် မရှိကြဘူး၊ ကိုယ့်အခန်းနဲ့ ကိုယ်နေ၊ သူ့အခန်းနဲ့ သူနေတွေ၊ ဒီဘက်မှာ ရင်းနှီးမှုကလည်း နည်းကြသေးတယ်၊ တစ်ယောက်က သွားရင် သူ့ဆိုင်ကယ်လိုလို ကိုယ့်ဆိုင်ကယ်လိုလို ပုံစံမျိုးတွေကလည်း ရှိတဲ့ခါကျတော့ ဆိုင်ကယ်ကတော့ နေ့စဉ်လိုလိုကို ပျောက်နေတယ်” လို့ ပြောပါတယ်။

ဆိုင်‌ကယ်တွေ မကြာခဏ ခိုးယူခံနေရတာကြောင့် အခမဲ့ ဆိုင်ကယ်အပ်နှံဖို့ နေရာကို ဒီဇင်ဘာ ၁၇ ရက်နေ့ကတည်းက စတင်လုပ်ဆောင်ခဲ့ပြီး အိမ်ရာမှာ နေထိုင်သူတွေ ပူးပေါင်း ဖွဲ့စည်းထားတဲ့ မြရည်နန္ဒာအိမ်ရာ လူမှုကူညီရေးအဖွဲ့ဝင်တချို့က အလှည့်ကျ စောင့်ကြည့်ပေးမှာ ဖြစ်ပါတယ်။

အဲဒီနေရာမှာ ညနေ ၆ နာရီကနေ မနက် ၁၀ နာရီအထိ အပ်နှံနိုင်တယ်လို့လည်း သိရပါတယ်။ ဌာနဆိုင်ရာက စီမံပေးမယ့် ပါကင်နေရာမရမချင်း မြရည်နန္ဒာအိမ်ရာ လူမှုကူညီရေး အဖွဲ့အနေနဲ့ ရေရှည်အထိ အခမဲ့အပ်နှံနိုင်အောင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အခမဲ့ ဆိုင်ကယ်အပ်နှံဖို့နေရာ စတင်ဖွင့်လှစ်ပြီး ၃ ရက်အတွင်း ဆိုင်ကယ်အပ်သူ ၅၀ လောက် ရှိလာတာကြောင့် ဆိုင်ကယ်ထားရှိဖို့ နေရာပိုလိုအပ်လာလို့ အိမ်ရာဝင်းထဲက မြေလွတ်နေရာတချို့မှာ ဆိုင်ကယ်ထားရှိ‌ဖို့ ခွင့်ပြုပေးစေချင်တယ်လို့လည်း အဖွဲ့ ဥက္ကဋ္ဌက ပြောပါတယ်။

ဆိုင်ကယ် ခိုးယူခံရမှု များပြားလာတဲ့အပေါ်  မြရည်နန္ဒာအိမ်ရာမှာ နေထိုင်တဲ့ မနှင်းပွင့်က “ဒီမှာက မသမာတဲ့လူတွေက ချောင်းနေတာ။ နေရာတိုင်းမှာ သူတို့ ချောင်းနေတာပေါ့နော်။ ဥပမာတိုက်ရှေ့မှာ ဒီတိုင်းထားပြီးတော့ အပေါ်တက်သွားမယ်ဆိုရင် ကြည့်တဲ့သူ ရှိလား၊ မရှိဘူးလား မသိဘူးပေါ့၊ တခါတလေကျ အဲဒီလို ဖြစ်တတ်တယ်၊ အပေါ်ကနေ ပြန်လာတာနဲ့ မရှိတော့တာမျိုး ဖြစ်တတ်တယ်။ တခါတလေကျလည်း ဖမ်းမိတာတော့ ရှိတာပေါ့။ တချို့တွေကလည်း စောင့်ကြည့်နေတာတော့ ရှိတာပေါ့။ ခုနောက်ပိုင်းကျတော့ တစ်နေ့ကို တစ်စီးလောက် ပျောက်တဲ့ခါကျတော့ လူတွေက ကူပြီးတော့ ကြည့်ပေးနေတာတော့ ရှိတယ်၊။ အလုပ်အားရင် ကြည့်ပေးထားတာပေါ့။ ညီမတို့ဆိုလည်း အောက်ထပ်မှာ နေတာဆိုတော့ သံဆန်ကာတွေ လုပ်လိုက်တယ်။ အိမ်ထဲမှာလည်း သံကြိုးတွေခတ်ပြီး အချိန်တိုင်းကြည့်နေရတယ်” လို့ ပြောပါတယ်။

မြရည်နန္ဒာအိမ်ရာမှာ တိုက်တန်းပေါင်း ၈ ခုရှိပြီး တိုက်ခန်းပေါင်း ၂၀၀၀ ကျော်ရှိပါတယ်။

ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013