DVB Logo
Home
Lead Story
COVID အစ ဝူဟန်ကဆိုတာ တကယ် မှန်ကန်ရဲ့လား
DVB
·
December 20, 2020
COVID အစ ဝူဟန်ကဆိုတာ တကယ် မှန်ကန်ရဲ့လား
Donate to DVB

လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တုန်းက တရုတ်နိုင်ငံ ဝူဟန်မြို့ ပင်လယ်စာဈေးကနေစတင်ခဲ့တဲ COVID-19 ရောဂါဟာ လက်ရှိအချိန်မှာ တစ်ကမ္ဘာလုံးရင်ဆိုင်နေရတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာဆိုးတစ်ခုဖြစ်လို့နေပါတယ်။

COVID-19 ရောဂါဟာ SARS နွယ်ဝင် ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီးတော့ လင်းနို့တွေကနေ စတင်ပေါက်ပွားတယ်လို့ ယူဆခြင်းခံထားရပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း ထူးဆန်းတဲ့ တုပ်ကွေးဗိုင်းရပ်စ်တစ်မျိုး ကူးစက်ခံထားရတဲ့ ဝေဒနာရှင်တစ်ဦးကို တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ပထမဆုံးအကြိမ် စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ ဘာမှန်းမသိသေးတဲ့ အဆိုပါရောဂါကို COVID-19 လို့ နာမည်ပေးခဲ့ကြသလို အလွယ်တကူ ဝူဟန်ကိုရိုနာလို့လည်း ခေါ်ဆိုခဲ့ကြပါတယ်။

အဆိုပါ ရောဂါကပ်ဘေးဟာ လူဦးရေ ၁၁ သန်းကျော်နေထိုင်တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့ ပင်လယ်စာဈေးတစ်ခုကနေစတင်ခဲ့တယ်လို့ လက်ရှိအချိန်အထိ ယူဆထားခဲ့ကြပါတယ်။ ဒါပေမယ့် အီတလီ ကျန်းမာရေးအာဏာပိုင်တွေနဲ့ CDC တို့ဆီက သတင်းစကားတွေအရ အဆိုပါအချက်ဟာ မှန်ကန်ခြင်းရှိမရှိ ပြန်လည်သုံးသပ်ဖို့ လိုအပ်လာပြီဖြစ်ပါတယ်။

ကိုဗစ်အစ အီတလီကလား


Retroactive နည်းလမ်းနဲ့ စမ်းသပ်လေ့လာမှုတွေအရ COVID-19 ရောဂါပိုးကူးစက်ခံထားရတဲ့ လူနာဟာ အီတလီနိုင်ငံမှာ ၂၀၁၉ နိုဝင်ဘာလ ၂၁ ရက်နေ့ကတည်းက ရှိနေခဲ့တယ်လို့ သိလာရပြီဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာမှာ COVID-19 ရောဂါ တရားဝင်စတင်မပေါ်ပေါက်လာခင် ၂ ပတ် အလို ဒါမှမဟုတ် အီတလီနိုင်ငံမှာ COVID-19 ရောဂါသည် တွေ့ရှိကြောင်း မကြေညာခင် ၃ လ အလိုကာလဖြစ်တာမို့ တစ်ကမ္ဘာလုံးဟာ ရောဂါပိုးပျံ့နှံ့ရာလမ်းကြောင်းကို ရေလိုက်လွှဲခဲ့ကြတာဖြစ်နိုင်တယ်လို့ သုံးသပ်ခံနေရပါတယ်။

မီလန်မြို့က အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးဟာ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ အသက်ရှူလမ်းကြောင်းဆိုရင်ရာ ပြင်းထန်အဖျားဝေဒနာကြောင့် အရေးပေါ် ဆေးရုံတင်ခဲ့ရတယ်လို့ CDC က ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ သတင်းထုတ်ပြန်ချက်အရ ကလေးငယ်ရဲ့ ရောဂါလက္ခဏာတွေဟာ COVID-19 ရောဂါလက္ခဏာတွေနဲ့ အတိအကျကိုက်ညီနေခဲ့တယ်လို့ ဆိုပါတယ်။

အီတလီကျန်းမာရေးဝန်ထမ်းတွေက ဝက်သက်ရောဂါလို့ ယူဆပြီး Swab ရယူမှုတွေပြုလုပ်ခဲ့ပေမယ့် Negative အဖြေသာပြခဲ့ပါတယ်။ ဒါပေမယ့် ခုချိန်မှာတော့ အဆိုပါ Swab ရလဒ်ဟာ COVID-19 Positive ဖြစ်တယ်ဆိုတာကို သိလာရပြီဖြစ်ပါတယ်။

၎င်းကာလတုန်းက အီတလီမှာ ခုလို ရောဂါလက္ခဏာမျိုးနဲ့ ဆေးရုံတက်လာသူ ၃၉ ဦးအထိ ရှိခဲ့ပြီး ဝက်သက်ရောဂါအဖြစ် သတ်မှတ်ကာ Swab ရယူမှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး တစ်ဦးမှ ဝက်သက်ရောဂါမဟုတ်ခဲ့ဘူးလို့ အီတလီကျန်းမာရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Measles and Rubella Network က ဆိုထားပါတယ်။

အဲ့ဒီနောက် ၃ လအကြာမှာတော့ အီတလီဟာ ကိုဗစ်ရောဂါဒါဏ်ကို အဆိုးရွားအပြင်းထန်ဆုံးခံရတဲ့တိုင်းပြည်ဖြစ်လာခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ရာ လွန်ဘာဒီဒေသမှာဆိုရင် အလောင်းတွေ ပုံနေတဲ့အထိ အခြေအနေဆိုးရွားသွားခဲ့တာပါ။ အဲ့ဒီအချိန်ကတည်းက ရောဂါစတင်ရာဒေသလို့ သတ်မှတ်ခံထားရတဲ့ ဝူဟန်ဒေသထက် အီတလီကအခြေအနေက အဆပေါင်းများစွာ ပိုမိုဆိုးရွားနေခဲ့ပြီး လူ ၁.၈ သန်း ရောဂါကူးစက်ခံရကာ ၆၂၀၀၀ အထိ သေဆုံးခဲ့တဲ့အပေါ်မှာ တကမ္ဘာလုံးက အံ့အားသင့်ခဲ့ကြရပါတယ်။

ခုချိန်မှာတော့ သုတေသနပညာရှင်တွေက COVID-19 စတင်ရာဒေသဟာ တရုတ်ပြည်ဝူဟန်ထက် အီတလီနိုင်ငံ လွန်ဘာဒီဒေသဖြစ်နိုင်တယ်လို့ သုံးသပ်လာကြပြီဖြစ်သလို COVID-19 ရဲ့ ပထမလှိုင်းစတင်ရာနေရာလို့လည်း သုံးစွဲလာကြပါပြီ။

ကိုဗစ်ခရီး တစ်နှစ်အကြာ


လက်ရှိမှာ COVID-19 ရောဂါပိုး ကမ္ဘာပေါ်မှာ ပျံ့နှံ့နေခဲ့တာ ၁ နှစ်ကျော်လွန်သွားခဲ့ပါပြီ။ ကူးစက်ခံခဲ့ရသူ ၇၃ သန်းနဲ့ ရောဂါကြောင့် သေဆုံးသူ ၁.၆ သန်းအထိ ရှိနေပြီဖြစ်ပါတယ်။ တူဗာလူ၊ တာ့ခ်မင်နစ္စတန်၊ တိုကလောင်၊ ဆာမိုအာ၊ စိန့် ဟယ်လီနာ၊ ပလာအို၊ နီယူအေး၊ နော်ယူး၊ မိုက်ခရိုးနီးရှား၊ ခီရီဘာတီနဲ့ မြောက်ကိုရီးယားစတဲ့ နိုင်ငံ ၁၁ နိုင်ငံကလွဲလို့ ကမ္ဘာနိုင်ငံတိုင်းမှာ ဒီရောဂါဆိုးကြီးက နေရာယူထားပါတယ်။

ဒါကြောင့်လည်း COVID-19 အကြောင်းပြောတိုင်း ကမ္ဘာလုံးဆိုင်ရာကပ်ဘေး၊ တစ်ကမ္ဘာလုံးအကျပ်အတည်းတွေ့စေတဲ့ ရောဂါဆိုး စတဲ့စကားလုံးတွေကို အသုံးပြုပြီး ပြောဆိုနေကြတာဖြစ်ပါတယ်။ အကြောင်းကတော့ တစ်ကမ္ဘာလုံးမှာ COVID-19 ရောဂါဆိုးကြီး ပြန့်နှံ့ဖြစ်ပွားနေတာကြောင့်ပါ။

ကာကွယ်ဆေးတွေ စတင်ပေါ်ပေါက်လာပြီဖြစ်ပေမယ် ကုသဆေးကတော့ ပေါ်ထွက်လာဖို့ အလှမ်းဝေးနေဆဲပါ။ ပေါ်ထွက်လာတဲ့ ကာကွယ်ဆေးတွေက စမ်းသပ်မှုတွေမှာ ရလဒ်ကောင်းမွန်ခဲ့ကြပေမယ့် တကယ့်လက်တွေ့ အခြေအနေမှာ ဘေးထွက်ဆိုးကျိုးတစ်ချို့နဲ့ ဓာတ်မတည့်မှုတစ်ချို့ရှိနေတာမို့ လူသားတို့နဲ့ ကိုဗစ်တို့ရဲ့တိုက်ပွဲက အဖြေထွက်ပေါ်လာဖို့ အလှမ်းဝေးနေဆဲပါ။

ဒီလိုအခြေအနေမှာ လူတစ်ဦးချင်းစီရဲ့ စည်းကမ်းလိုက်နာမှုနဲ့ ကျန်းမာရေးကို ဂရုပြုနေထိုင်မှုတွေက အထူးကိုအရေးပါလာမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျလိုက်နာပြီး COVID-19 ရောဂါဆိုးကို ကမ္ဘာကြီးရဲ့ ထောင့်တိုင်း နေရာတိုင်းကနေ တိုက်ထုတ်နိုင်ဖို့ ဆက်ပြီး ကြိုးပမ်းကြရဦးမှာဖြစ်ပါတယ်။

ရေးသားသူ Ye Zon Aung

 


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013