DVB Logo
Home
မေးမြန်းခန်း
တိုင်းရင်းသားတွေရဲ့ လိုလားချက် ဒု-သမ္မတကို တင်ပြသွားမယ် – ကေအန်ယူ
DVB
·
August 27, 2013
တိုင်းရင်းသားတွေရဲ့ လိုလားချက် ဒု-သမ္မတကို တင်ပြသွားမယ် – ကေအန်ယူ
Donate to DVB

လာမယ့် ဩဂုတ်လ ၃၁ ရက်နေ့မှာ အပစ်ရပ်တိုင်းရင်းသား ခေါင်းဆောင်တချို့နဲ့  ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်မှု ကော်မတီဝင် ဝန်ကြီးတွေ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / ရှမ်းပြည်တပ်မတော် (အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ) က ခေါင်းဆောင်တွေနဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က ခေါင်းဆောင်တွေဟာ ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့အဖွဲ့ကို သွားရောက်တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒီတွေ့ဆုံမှုအတွင်း ပြောဆိုဆွေးနွေးမယ့်အချက်တွေနဲ့ပတ်သက်ပြီး ကေအန်ယူ အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

[caption id="attachment_42986" align="alignright" width="300" caption="ပဒိုကွယ်ထူးဝင်း"][/caption]

“အဓိက တင်ပြမှာကတော့ လက်ရှိ ကျနော်တို့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ တိုင်းရင်းသားဘက်ကလည်း တကယ်ငြိမ်းချမ်းရေးလိုချင်တဲ့ ဆန္ဒနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မယ်ဆိုလို့ရှိရင် ကျနော်တို့ ဆွေးနွေးပြောဆိုမယ့်အချက်၊ လုပ်ဆောင်ရမယ့်အချက်၊ ဆွေးနွေးလို့ရှိရင်လည်း ဘယ်သူတွေ ပါဝင်သင့်တယ်ဆိုတာကို ဆွေးနွေးသွားမှာ ဖြစ်တယ်။”

အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ နဲ့ နှစ်ဖွဲ့ပေါင်းပြီး သွားတွေ့မှာဆိုတော့ ကျန်တဲ့ တိုင်းရင်းသားတွေကရော။

“ကျန်တဲ့တိုင်းရင်းသားတွေလည်းပါတာပေါ့။ ပါတယ်ဆိုတာ ကျနော်တို့ရဲ့ တိုင်းရင်းသား လိုလာချက်တွေ တင်ပြရမှာပဲ။”

ဘယ်အဖွဲ့အစည်းကို ကိုယ်စားပြုပြီးတော့ သွားတာလဲ၊ ဥပမာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အဖွဲ့ရဲ့ ကိုယ်စားလှယ် အနေနဲ့လား၊ ဘယ်အဖွဲ့ကို ကိုယ်စားပြုပြီးတော့ သွားမှာလဲ။

“ယူအန်အက်ဖ်စီ အနေနဲ့ မဟုတ်ဘူး။ ကျနော်တို့ ကေအန်ယူအနေနဲ့ နောက် အာစီအက်စ်အက်စ် အနေနဲ့လည်း ကျနော်တို့ တိုင်းရင်းသားတွေ လိုအပ်မှုအရ လိုချင်တဲ့ ဆန္ဒ တိုင်းရင်းသားတွေ မျှော်မှန်းတဲ့ ပြည်တွင်းငြိမ်းချမ်းရေး လိုအပ်မှုတွေကို တင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။”

အရင်တုန်းက ကေအန်ယူအနေနဲ့ သမ္မတကြီးနဲ့ သွားရောက်တွေ့ဆုံတာ ရှိသလို စစ်ဦးစီးချုပ်နဲ့လည်း သွားပြီးတော့ တွေ့ဆုံတာတွေ ရှိတယ်၊ ဒီလိုတွေ့ဆုံမှုတွေကြောင့် ဒီနောက်ပိုင်းမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တိုးတက်မှုတွေ ရှိလား။

“ကျနော်တို့ ကရင်ဒေသမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်ကနေ အခု အပစ်အခတ်ရပ်စဲရေး ၁ နှစ်ကျော်အတွင်းမှာတော့ တိုးတက်မှုတွေ ရှိသလို တကယ်ငြိမ်းချမ်းရေး အပိုင်းမှာ တိုက်ခိုက်မှုတွေကတော့ လျှော့ပါးသွားတယ်။ ဒါပေမယ့် ကင်းစင်တယ်လို့ ပြောလို့မရဘူး။ ရန်လိုမှုကတော့ နည်းနည်းလျှော့သွားတယ်။ တဖက်က ပြန်ကြည့်လို့ရှိရင်လည်း နှစ်ပေါင်းများစွာ တိုက်လာခိုက်လာကြတော့ ယုံကြည်မှုဆိုတာ အပြည့်အ၀ရှိတာ မဟုတ်ဘူး။ ဒီမယုံကြည်မှုတွေက ကျနော်တို့ ယုံကြည်မှုတည်ဆောက်တဲ့ အခန်းကဏ္ဍ ယန္တရားတွေလည်း ကျနော်တို့ လုပ်ဆောင်တဲ့အပိုင်းတွေ ဖြစ်တယ်။ တဖက်ကလည်း ငြိမ်းချမ်းရေးကို မှုတည်ပြီးတော့ ငြိမ်းချမ်းရေးကို ဒီအခွင့်အရေးတခုအနေနဲ့ လုပ်ကိုင်နေတဲ့ အနေအထားတွေတော့ ရှိတယ်။ ဒါတွေကတော့ စိန်ခေါ်မှုပေါ့။ ဒီစိန်ခေါ်မှုတွေကို ကျနော်တို့ ဘယ်လိုကျော်လွှာသွားရမလဲဆိုတာကလည်း ကျနော်တို့ အကုန်လုံး ၀ိုင်းဝန်ပြီးတော့ လုပ်ဆောင်ရမှာပဲ။ ကျနော်တို့ တိုင်းရင်းသား လူထုကလည်း ဒါကို ၀ိုင်းဝန်ပြီးတော့ ဒါကြီး ပြန်မလှည့်ဖို့အတွက် ကြိုးစားသွားရမှာပေါ့။”

တခြား ဘာများ ဖြည့်စွက်ပြောစရာများ ရှိဦးမလဲ။

“ကျနော်တို့ရဲ့ တိုင်းရင်းသားတွေ လိုလားချက်တွေကို တင်ပြဆွေးနွေးမှာပဲ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တိုင်းပြည်မှာလည်း ပြည်တွင်းစစ်ဖြစ်တာ နှစ်ပေါင်းကြာလှပြီဆိုတော့ ဒီပဋိပက္ခတွေကြောင့် တိုင်းပြည်ဖွံ့ဖြိုးမှု နောင့်နှေးနေတဲ့အပေါ်မှာ ကျနော်တို့ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားတဲ့ အရင်းခံ ပြဿနာဖြစ်တဲ့ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ကတော့ အဓိက ကျနော်တို့ ဆွေးနွေးကြရမှာ ဖြစ်တယ်။ တဆင့်ပြီး တဆင့်သွားမှာပေါ့။ နောက်တချက်က ကျနော်တို့ တိုင်းပြည် ငြိမ်းချမ်းရေးအတွက်က အခုလက်ရှိ အစိုးရမှာ တာဝန်ရှိသလို တိုင်းပြည်ကနေ ရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေမှာလည်း တာဝန်ရှိတယ်။ တိုင်းပြည်ကို ကာကွယ်ရမယ်ဆိုတဲ့ တပ်မတော်မှာလည်း တာဝန်ရှိတာပေါ့။ လူမှုလူတန်းစား အဖွဲ့အစည်းတွေကလည်း တာဝန်ရှိတယ်။ တဦးတယောက်တည်းတော့ ငြိမ်းချမ်းရေး တည်ဆောက်လို့ရမှာ မဟုတ်ဘူး။ အကုန်လုံး ၀ိုင်းပြီးတော့ လုပ်ကြမှ၊ မလုပ်ကြဘူးဆိုရင်တော့ တကယ် ငြိမ်းချမ်းရေး တည်ဆောက်လို့ရမှာ မဟုတ်ဘူး။ ငြိမ်းချမ်းရေး တည်ဆောက်လို့မရရင် ကျနော်တို့ တိုင်းပြည်ဟာ သယံဇာတ ဘယ်လောက်ပဲ ကြွယ်ဝချမ်းသာ၊ ဘယ်လောက်ပဲ အရင်းအမြစ် ချမ်းသာနေ ကျနော်တို့ သူများနောက်မှာ ကျန်ခဲ့မှာပဲလို့ ကျနော်တို့က တင်ပြချင်တယ်။ တကယ်လည်း လိုအပ်တယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013