DVB Logo
Home
မြန်မာသတင်း
ပန်းတနော်တွင် မွတ်စလင် အိမ်တအိမ် ဖျက်ပေးလိုက်ရ
DVB
·
August 27, 2013
Donate to DVB

ဧရာဝတီတိုင်း ပန်းတနော်မြို့မှာ သီချင်းဖွင့်ရာကနေ စကားများပြီး မွတ်စလင်အိမ်တအိမ်ကို မွတ်စလင် ဘာသာရေးခေါင်းဆောင်ပိုင်းက ကိုယ့်ဘာသာကိုယ် ဖျက်ပေးလိုက်တယ်လို့ မြို့ခံတွေ ပြောပါတယ်။

ဩဂုတ် ၂၆ ရက် မနက်ပိုင်းက ပန်းတနော်မြို့ ကွက်သစ်ရပ် ရေလဲလမ်းမှာရှိတဲ့ အစ္စလာမ်ဘာသာဝင် ဦးကာစင်ရဲ့  နေအိမ်မှာ ကုလားသီချင်းဖွင့်သလို အနားက ဗုဒ္ဓဘာသာအလှူက ဗမာသီချင်း အပြိုင်ဖွင့်ကြရာက အချင်းများကြတာလို့ မြို့ခံတွေက ပြောပါတယ်။

ဒီနောက် ဒီအချင်းများမှုကနေ လူများလာပြီး တခြားနေရာတွေကိုပါ ကူးစက်မှာစိုးတဲ့အတွက် မြို့ခံမွတ်စလင်ဘာသာရေးခေါင်းဆောင်တွေက ဦးကာစင်ရဲ့အိမ်ကို ဖျက်ပေးလိုက်တယ်လို့ ပန်းတနော်မြို့ခံတွေက ပြောပြပါတယ်။

ပန်းတနော်မြို့က အမတ်ဟောင်း ဦးမန်းညွန့်သိန်းက “အနောက်ပိုင်း ကွက်သစ်မှာဖြစ်တာ။ အဲဒီလမ်းထဲမှာ စတုဒီသာကျွေးတယ်ဆိုလား။ မွတ်စလင် အိမ်တအိမ်ကလည်း ကုလားသီချင်းတွေ ဖွင့်တယ်ပေါ့။ အဲဒီကနေ ချိတ်ပြီးတော့ ရုန်းရင်းဆန်ခတ်ဖြစ်တယ်လို့တော့ ကြားတာပဲ။ နောက်တော့ အဲဒီ မွတ်စလင်အိမ်ကို ဖျက်ပြီးတော့ ရွှေ့လိုက်တယ်ပေါ့။ ဗုဒ္ဓဘာသာဘက်က ဖျက်တာတော့ မဟုတ်ဘူး ထင်ပါတယ်။ သူတို့ဟာ သူတို့ပဲ ပြဿနာ မဖြစ်ရအောင်ပေါ့လေ။ နောက်ကွယ်မှာ မသင်္ကာစရာတွေ အများကြီးရှိတယ်” လို့ ပြောပါတယ်။

ဦးကာစင်ရဲ့နေအိမ်ကို ဖျက်ပြီးတဲ့နောက် ဦးကာစင်လည်း ပန်းတနော်မှာ မနေတော့ပဲ ရန်ကုန်ဘက်ကို ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

ဒီကိစ္စကို ဘယ်လိုကိုင်တွယ်သလဲလို့ မေးမြန်းဖို့ မြို့နယ်ရဲစခန်းနဲ့ အုပ်ချုပ်ရေးပိုင်းကို တယ်လီဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် မရသေးပါဘူး။
ပန်းတနော်မြို့မှာ ဒီဖြစ်ရပ်ဟာ လွန်ခဲ့တဲ့ ၁ လလောက်က ပျံ့လွင့်နေတဲ့ ကောလာဟလကို တဆင့်တိုးဖြစ်ပွားခဲ့တာပါ။

လွန်ခဲတဲ့ ၁ လလောက်က ပန်းတနော်မြို့နယ် ဇယားလားကြီးအုပ်စု အပိုင်မှာ ဗုဒ္ဓဘာသာ အမျိုးသမီးငယ်တဦး သေဆုံးခဲ့ပါတယ်။ ဒီသေဆုံးမှု မတိုင်ခင်မှာ အဲဒီအမျိုးသမီးငယ်ဟာ မွတ်စလင်တဦး နေအိမ်မှာ အလုပ်လုပ်နေသူဖြစ်ပြီး သူ့နေအိမ်မှာပဲ သေဆုံးခဲ့တာပါ။

မသဂြုင်္ိဟ်ခင်မှာ  ကိုယ်ဝန်နဲ့ သေဆုံးတာဖြစ်နိုင်တယ်လို့ စွပ်စွဲမှု ထွက်ပေါ်လာပြီး ပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ ဆေးစစ်ချက်ရယူခဲ့တယ်လို့ ဦးမန်းညွန့်သိန်းက ပြောပါတယ်။ ဆေးရုံဆေးစစ်ချက်က ဘယ်လိုမှန်းမသိပေမယ့် အပြင်မှာ ကိုယ်ဝန်နဲ့ သေဆုံးတယ်ဆိုတဲ့ သတင်းပျံ့နှံ့နေတယ်လို့ သူက ပြောပါတယ်။

သေဆုံးသူအမျိုးသမီးငယ်ဟာ ဇလားယားကြီးအုပ်စု စံကျကျေးရွာကဖြစ်ပြီး ရုံးတင်တရားစွဲဆို ခံရသူကတော့ သဲဂူကျေးရွာက ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ပန်းတနော်မြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ နေမင်းမျိုးထွန်းကို မေးမြန်းတဲ့အခါ သူတို့ကျန်းမာရေးဌာနက ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာ ကိစ္စ အပြင်ကို ထုတ်ဖော်ပြောဆိုတာ မရှိဘူးလို့ ပြောပါတယ်။

“ကျနော်တို့ အဲဒါနဲ့ပတ်သက်ပြီး ဆေးစစ်ချက်အကုန်လုံး လုပ်ရမယ့် လုပ်ငန်းစဉ်အကုန်လုံး လုပ်ပြီးခဲ့တော့ ဆက်လက်လုပ်ရမယ့် ဟာလေးတွေကို သူ့ဌာနသူ အကုန်လုံး ပေးပို့ပြီးပါပြီ။ ဆက်လုပ်ရမယ့် လုပ်ငန်းစဉ် တရားရုံးကို ဆက်ပြီးတင်ရမယ့်ဟာမျိုးတွေတို့၊ ကျန်တဲ့လုပ်ငန်းစဉ်တွေ အကုန်လုံးကတော့ ဆက်ပြီးသွားနေပါတယ်။ ကျနော့်တို့ ဌာနအနေနဲ့ အပြင်ကို ထုတ်ပြောတာမျိုး မရှိပါဘူးခင်ဗျ။

"ကျန်းမာရေးဌာနနဲ့ ဆေးရုံးကတော့ ရောက်လာတဲ့လူနာ (သို့) အလောင်းကို ဆေးရုံကလုပ်ရမယ့် လုပ်ငန်းစဉ်အတိုင်းပဲ လုပ်ပါတယ်။ ဖြစ်ပေါ်လာတဲ့ သတင်းတွေအရတော့ ကျနော်တို့ ကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းအနေနဲ့တော့ တိုက်ရိုက်ဖြေရှင်းလို့ မရပါဘူ။ ဒါက သက်ဆိုင်ရာ ဌာနတွေက ဖြေရှင်းရမှာပါ။ အပြင်သတင်းတွေနဲ့ ပတ်သက်လို့ ဘာမှ မှတ်ချက်ပေးလို့ မရပါဘူး” လို့ ပြောပါတယ်။

လူသေမှုနဲ့ စွပ်စွဲဖမ်းဆီးထားသူ မွတ်စလင်အမျိုးသားကို လာမယ့် ဩဂုတ် ၂၉ ရက်နေ့ ပန်းတနော်တရားရုံးမှာ ရုံးထုတ်ဖို့ ရှိပြီး အဲဒီနေ့မှာ ကျေးရွာတွေက လယ်သမားတွေရဲ့ အမှုရုံးချိန်းတွေလည်း ရှိပြီး ပန်းတနော်မြို့မှာ လူစုံမယ့်သဘောရှိနေတာကြောင့် အေးအေးချမ်းချမ်းဖြစ်အောင် တတ်နိုင်သလောက် ထိန်းသိမ်းပြောဆိုနေတယ်လို့ ဦးမန်းညွန့်သိန်းက ပြောပါတယ်။

“ကျနော်တို့ကတော့ လူထုကိုထိန်းတာပေါ့လေ။ ဒီလိုဟာတွေ မဖြစ်ဖို့။ နောက်ကွယ်က လက်မည်းကြီးတွေ ရှိတယ်ဆိုတာ အရပ်စကားနဲ့တော့ ပြောရတာပေါ့ဗျာ။ ဒါ ထိုက်သလောက် နားလည်တဲ့သူလည်းရှိပါတယ်။ နားမလည်တဲ့ အစွန်းရောက်တွေလည်းရှိတာပဲ” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013