DVB Logo
Home
မြန်မာသတင်း
လယ်ယာမြေ ပုံစံ ၇ ကြောင့် ကရင်နီတိုင်းရင်းသားများ အခက်ကြုံ 
DVB
·
December 18, 2020
လယ်ယာမြေ ပုံစံ ၇ ကြောင့် ကရင်နီတိုင်းရင်းသားများ အခက်ကြုံ 
Donate to DVB

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ထီးပေါဆိုးကျေးရွာမှာ လယ်ယာမြေ ပုံစံ ၇ ရရှိထားတဲ့ မြေပေါ်မှာ ခွင့်ပြုမိန့်မရှိဘဲ အဆောက်အအုံ ဆောက်သည်ဟုဆိုကာ ဒေသခံ ရွာသား ၂ ယောက်ကို မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက သတိပေးစာ ပေးပို့ထားပါတယ်။ 

သတိပေးစာပေးခံရတဲ့ ထီးပေါဆိုရွာသား ဦးစောတီမသေက သူ့အနေနဲ့ သူ့မြေကွက်ပေါ်မှာ ပုံစံ ၁၀၅ ရရှိထားလို့ အိမ်ဆောက်ခဲ့တာဖြစ်ပေမယ့် သူအိမ်ဆောက်ပြီးနောက်ပိုင်း သူ လျှောက်ထားခြင်းမရှိဘဲ  မြေပုံစံ ၇ ထွက်လာလို့ သတိပေးခြင်းခံရတာဖြစ်တယ်လို့ ပြောပါတယ်။ 

“  ပုံစံ ၁၀၅ က ၂၀၁၂ နှစ်မှာ ထွက်တာပေါ့နော်။ ၂၀၁၂ ထွက်ပြီးတော့ ကျနော်က ဒီအိမ်ကိုဆောက်တာ။ ဒီအိမ်ကို ဆောက်ပြီးလို့ သိပ်မကြာခင်မှာပဲ ပုံစံ ၇ ကထွက်လာတယ်။ ပုံစံ ၇ ထွက်လာတဲ့အခါကျတော့ သူတို့က ကျနော့်ကို ဘယ်လိုပြောလဲဆိုတော့ခင်ဗျား ပုံစံ ၇ ပေါ်မှာ အိမ်ဆောက်တယ်။ ကျူးကျော်အိမ်ဖြစ်နေတယ်။ ခင်ဗျား ဒဏ်ကြေးဆောင်ရမယ်။ ကျနော်ကလည်း ပြန်ပြောတာပေါ့နော်။ ဒီမှာ ပုံစံ ၁၀၅ ရှိတယ်လို့လေ ဆိုတော့ သူက သက်တမ်းက ကုန်သွားပြီ။ ဒီသက်တမ်းက ၆ လ အဲလောက်ပဲရှိတယ်။ ”

ဒါ့အပြင် မြေပုံစံ ၇ ကို သူလျှောက်ထားခဲ့တာမဟုတ်သလို သူ့အမေနဲ့ ညီအစ်ကို မောင်နှမတွေကို မေးလဲ ဘယ်သူမှ မလျှောက်ခဲ့ဘဲ သူညီနာမည်နဲ့ ထွက်လာတာလို့ ဆိုပါတယ်။ သူ့အနီးနားပတ်ဝန်းကျင်မှာကျောင်းတွေ၊ အိမ်တွေရှိပြီး တခြားလူတွေက ရွာမြေဖြစ်ပေမယ့် သူ့ရဲ့ ၀ ဒသမ ၇၅ ဧက အကျယ်ရှိတဲ့ မြေတကွက်ထဲပဲ ပုံစံ ၇ ပေါက်နေတာဖြစ်ပါတယ်။

အလားတူ ထီပေါ်ဆိုရွာနေတဲ့ မမေမေဇင်က ပုံစံ ၇ ကို သူ့အမေနာမည်နဲ့ပေါက်ထားပြီးသူက အဲမြေပေါ်မှာ အိမ်ဆောက်ခဲ့လို့ သတိပေးစာ ပေးပို့ခံရတာဖြစ်ပါတယ်။ 

“ ကျမဟာကျတော့ ပုံစံ ၇ က အမေ့နာမည်နဲ့ ပေါက်တယ်။ အိမ်မဆောက်ခင် ကိုယ်လည်း သေသေချာချာနားမလည်တော့ နုတ်နဲ့အရင်သွားမေးတယ်။ အေး လုပ်ဆောက် တဦးတယောက်ကိုယ်လည်း အိမ်ဆောက်ချင်တယ်တားမယ်ဆိုလည်းမကောင်းဘူးဆိုပြီးတော့ ဆောက်ပါ။ ဆိုပြီးတော့ ကျမတို့က နောက်မှ သဲတွေကျောက်တွေ ဝယ်ပြီးတော့ဆောက်လိုက်တော့ ကျမ တဝက်တက်ပြီးမှ တားစာထုတ်တယ်။ ”

ဒါ့အပြင် မိခင်ဖြစ်သူဆုံးပါးသွားလို့ အမွေဆက်ခံပုံစံနဲ့ပြန်လျှောက်ဖို့ ပြောလာတဲ့အတွက် ဒီလိုပုံစံလုပ်တဲ့အခါမှာလည်း အခက်အခဲအမျိုးမျိုးနဲ့ကြုံတွေ့ခဲ့ကြောင်းလည်း မမေမေဇင်က ပြောပါတယ်။

လယ်ယာမြေ ပုံစံ ၇ ဟာ အိမ်သို့မဟုတ် တခြားအဆောက်အအုံတွေ ဆောက်လို့မရဘူးဆိုတာ ဒေခံတော်တော်များများက နားလည်မထားကြပါဘူး။ လယ်ယာမြေမြေပုံစံ ၇ ရှိရင် အထောက်အထားဖြစ်တယ်ဆိုပြီး မြေစာရင်း မြေတိုင်းတွေက ပြောပြလို့ လုပ်ခဲ့ကြတာလို့ ဆိုပါတယ်။

ဒေါပေါကူကျေးရွာမှာ ရပ်ကျေးလယ်စီအဖွဲ့ဝင်အနေနဲ့ တာဝန်ထမ်းဆောင်နေတဲ့  ဦးပရေးရယ် သူ့ရွာမှာ ပုံစံ ၇ မပေါက်သေးဘဲ ပုံစံ ၇ ကျူးဆိုပြီး အဲလို လုပ်ဆောင်တာတွေ တွေ့ရှိခဲ့ရကြောင်းပြောပါတယ်။ 

ပုံစံ ၇ ထုတ်ပေးရေး စီမံချက်ကာလဆိုပြီး ၂၀၁၃ ခုမှာ စတင်ထုတ်ပေးစဉ်ကလည်း အချိန် ၃ လပဲပေးတာကြောင့် အမှားအယွင်းဖြစ်ပုံကိုလည်း ဦးပရေးရက “ ၂၀၁၃ မှာ စထုတ်ပေးပါတယ်။ ပုံစံ ၇ စထုတ်တဲ့အခါ ဒီစီမံချက်ကာလဆိုလို့ ၃ လပဲ အချိန်ပေးတယ်။ ရပ်ကျေးအုပ်စုက တအုပ်စုလုံးကို ရှိတဲ့မြေယာတွေ ပုံစံ ၇ တင်ရမယ်ဆိုပြီးတော့ ဒီ ၃ လထဲမှာ နာမည်ထပ်တဲ့သူရှိသလို နာမည်ပေါက်သင့်တဲ့လူက မပေါက်ပဲ တခြားလူတယောက်ကပေါက်သွားတာမျိုးတို့၊ နောက်ပြိုင်တူ လျှောက်တာဘာညာ အဲမှာအများကြီးရှိတယ်။ အဓိက ရေသောက်မြစ်ကတော့ ၂၀၁၂ လယ်ယာမြေ ဥပဒေက ကျနော်တို့နဲ့အဆင်မပြေတာ။ အဆင်ပြေခဲ့ရင်လည်း ဒီလိုမျိုးဖြစ်လာမှာမဟုတ်ဘူး။”

ဒါ့ကြောင့် မြေပုံစံ ၇ နဲ့ပတ်သက်ပြီး ဒေသခံတွေနဲ့ အခုလို အခက်အခဲဖြစ်လာရင်လည်း ရပ်ကျေးလယ်စီ ဘက်က လုပ်ဆောင်ပေးနိုင်တာမရှိဘူးလို့လည်း ဦးပရေးရယ်က ပြောပါတယ်။

“ရပ်ကျေးလယ်စီအနေနဲ့ကတော့ ဒီလိုမျိုးဥပဒေနဲ့ ပြဿနာဖြစ်လာပြီဆိုတာတော့ သိပ်ဆောင်ရွက်နိုင်တာမရှိဘူးပေါ့နော်။ အများကြီး တောင်သူတွေဘက်ပဲ ပေးဆပ်ရတာပေါ့နော်။ ပြည်သူဘက်က ကာကွယ်ပေးတာကတော့ ရပ်ကျေးလယ်စီအဖွဲ့ကတော့သိပ်မရှိဘူးပြောရမှာပေါ့။ ဘာလို့လဲဆိုတော့ ဒီဥပဒေက ကျနော်တို့တွေက မချစ်သော်လည်း ညားရမယ့် အနေအထားသဘောမှာဖြစ်နေတယ်။ ”

ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် ခွန်းကောရီယိုကတော့ ၂၀၁၂ လယ်ယာမြေ ဥပဒေဟာ တိုင်းရင်းသားဒေသအတွက်အဆင်မပြေသလို မြေပုံစံ ၇ နဲ့ပတ်သက်လို့ ဒေသခံတွေနားလည်အောင် မလုပ်ဆောင်ပေးလို့ အခုလို ပြဿနာတွေဖြစ်လာလို့ ဆိုပါတယ်။ 

 “ အဓိကကတော့ ၂၀၁၂ လယ်ယာမြေ ဥပဒေက ကျနော်တို့ တိုင်းရင်းသား ဒေသမှာ အသုံးပြုဖို့က အဆင်မပြေဘူးပေါ့နော်။ ကိုက်လည်းမကိုက်ညီဘူး။ နောက်တချက် ပုံစံ ၇ ရှိခြင်းအားဖြင့် အထောက်အထား တခုဖြစ်တယ်ဆိုတာကို ပြည်သူတွေကို သူတို့ ရှင်းရှင်းလင်းလင် လာရောက်ပြောပြခြင်းလည်းမရှိဘူး။ နောက်ဥပဒေကြောင်းအရ ဘယ်လိုရှိလဲဆိုတာကို ပြည်သူတွေနားလည်အောင် ပြောပြတဲ့အနေအထားမရှိတဲ့ အနေအထားကြောင့်မို့လို့  ဒီလိုပြ ဿနာ ဖြစ်လာရတယ်။ ”

လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ ၇ ရရှိထားတဲ့ တောင်သူလယ်သမားတွေဟာ မြေလုပ်ပိုင်ခွင့် လက်မှတ်ပါ စည်းမျဉ်းစည်းကမ်းတွေအရ နေအိမ်ဆောက်လုပ်ခွင့်မရတာကို သိရှိသူက နည်းပါးနေပါတယ်။

လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ ၇ ရထားတဲ့ မြေပေါ်မှာ နေအိမ်တည်ဆောက်လို့ဆိုပြီး ဖရူဆိုမြို့နယ်အတွင်းကတောင်သူ  ၂၈ ဦးဟာ နေအိမ်ဖျက်ဆီးခံရမယ့် အရေးကြုံတွေ့နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013