DVB Logo
Home
အာရှဒေသ
အိန္ဒိယ-ပါကစ္စတန် အငြင်းပွားမှု
DVB
·
August 27, 2013
အိန္ဒိယ-ပါကစ္စတန် အငြင်းပွားမှု
Donate to DVB

ပါကစ္စတန်စစ်တပ်က အငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသမှာ နယ်စပ်ကိုဖြတ်ကျော်လာတဲ့
အိန္ဒိယတပ်သားတွေကို ဒီအပတ်ထဲမှာ ဘာအကြောင်းမှ မရှိဘဲ ပစ်ခတ် တိုက်ခိုက်တဲ့အတွက် သူ့ရဲ့တပ်က အရာရှိ ၂ ယောက် သေဆုံးသွားခဲ့တယ်လို့ ပြောပါတယ်။

အိန္ဒိယကတော့ ပါကစ္စတန်က ပစ်ခတ်တာကို တုံ့ပြန်ပစ်ခတ်တာသာ ဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

အိန္ဒိယက ကန့်ကွက်ဆန္ဒပြသူတွေနဲ့ အတိုက်အခံတွေကတော့ အကြံပြုထားတဲ့ ဆွေးနွေးမှု တွေလုပ်ဖို့ နှစ်နိုင်ငံ ဆက်ဆံရေးကို ရပ်ဆိုင်းထားဖို့ တောင်းဆိုနေကြပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီက ဘတ်စ်ကားဂိတ်တခုမှာ ဟိန္ဒူ အမျိုးသားရေးဝါဒီ အုပ်စုတခုက ဒါဇင်များစွာရှိတဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ပါကစ္စတန် လာဟိုးမြို့ကို ထွက်ဖို့ အဆင်သင့် ဖြစ်နေတဲ့ ဘတ်စ်ကားတစီးကို ၀ိုင်းထားခဲ့ပါတယ်။ သူတို့က ပါကစ္စတန် ဆန့်ကျင်ရေး ကြွေးကြော်သံတွေ အော်ဟစ်ကြပြီး အိမ်နီးချင်း နှစ်နိုင်ငံကို ဆက်သွယ်ထားတဲ့ ဘတ်စ်ကားလုပ်ငန်းကို ချက်ချင်း ပိတ်ပစ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဟိန္ဒူ ဆင်နာ လို့ ခေါ်တဲ့ အုပ်စုကို ဦးဆောင်တဲ့ ဗစ်ကီ ချောင်ဒရီက "ပါကစ္စတန်က ကျနော်တို့စစ်သားတွေကို သတ်နေ၊ ကျနော်တို့ကို တိုက်ခိုက်နေပြီး ကျနော်တို့က ဒီလို ၀န်ဆောင်မှု လုပ်ငန်းတွေကို လုပ်နေကြပါတယ်။ အခုတော့ တော်လောက်ပါပြီဗျာ။ ပါကစ္စတန်ကို ဘာ ဘတ်စ်ကား၊ ဘာရထားမှ မထွက်တော့ပါဘူး။ ကျနော်တို့က အဲဒါကို ခွင့်မပြုတော့ပါဘူး” လို့ ပြောပါတယ်။

ကန့်ကွက်ဆန္ဒပြသူတွေက ဒီလအစောပိုင်းက အငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသမှာ အိန္ဒိယစစ်သား ၅ ယောက် အသတ်ခံရတာကို တုံ့ပြန်နေကြတာပါ။

သတ်ဖြတ်မှုတွေမှာ ပါကစ္စတန်စစ်တပ်က ပါဝင်ပတ်သက်တယ်လို့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး အေကေ အန်ထနီက ပြောပါတယ်။

“အခုတော့ ရှင်းနေပါပြီ။ ပါကစ္စတန် သိမ်းပိုက်ထားတဲ့ ကက်ရှ်မီးယား ဒေသမှာ အုပ်စုတခုက ထိန်းချုပ်ရေးမျဉ်းကို ဖြတ်ကျော်ဝင်ရောက်လာပြီး ကျနော်တို့ရဲ့ ရဲရင့်တဲ့ စစ်သားတွေကို သတ်ဖြတ်ခဲ့တဲ့အချိန်မှာ ပါကစ္စတန်စစ်တပ်က အထူးတပ်ဖွဲ့ဝင်တွေ ပါဝင် ပတ်သက်ခဲ့ပါတယ်။ ထိန်းချုပ်ရေးမျဉ်းရဲ့ ပါကစ္စတန်ဘက်ခြမ်းမှာ ပါကစ္စတန်စစ်တပ်ရဲ့ အကူအညီ အပံ့အပိုး မပါ၊ တိုက်ရိုက်ပတ်သက်မှု မပါဘဲနဲ့ ဘာမှမဖြစ်ဘူးဆိုတာ ကျနော်တို့ အားလုံး သိပါတယ်။”

ဒါပေမယ့် ပါကစ္စတန်ကတော့ စွပ်စွဲပြောဆိုမှုကို ငြင်းခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဆိုင်ရာ ပါကစ္စတန် မဟာမင်းကြီး ဆယ်လ်မန် ဘာရှာက ခုလိုပြောပါတယ်။

“ပါကစ္စတန်အစိုးရက ပါကစ္စတန်စစ်တပ် ဒါမှမဟုတ် ဘယ်တပ်ဖွဲ့မှ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးပါပြီ။ ပါကစ္စတန်အစိုးရက တာဝန်ယူမှု မလုပ်နိုင်သလို ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး ပါကစ္စတန် လက်နက်ကိုင်တပ်တွေကလည်း ဖြေရှင်းလိမ့်မယ် မဟုတ်ပါဘူး။”

နောက်ရက်ပိုင်းမှာတော့ ပါကစ္စတန်က ကက်ရှမီးယားမှာ အိန္ဒိယစစ်တပ်က အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို ချိုးဖောက်ပြီး ပါကစ္စတန် စစ်သား ၂ ယောက် နဲ့ အရပ်သား ၁ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

နောက်ပိုင်းမှာ ပါကစ္စတန်က အိန္ဒိယဘက်က ကျူးကျော်ထိပါးတာဖြစ်တယ်လို့ ပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တခုကို ချမှတ်ခဲ့ပြီး အိန္ဒိယဘက်ကလည်း တန်ပြန်ဆုံးဖြတ်ချက် ချမှတ်ပြီး တုံ့ပြန်ခဲ့ပါတယ်။ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းဟာ နောက်လထဲ နယူးယောက်မှာ ပါကစ္စတန် ၀န်ကြီးချုပ် န၀ပ်ရှရစ်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် နိုင်ငံရေးအရှိန်က မြင့်တက်လာနေပြီး အိန္ဒိယအစိုးရကို နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေးမှု မလုပ်ဖို့ ဖိအားပေးမှုတွေက မြင့်တက်လာနေပါတယ်။

အိန္ဒိယရဲ့ အဓိက အတိုက်အခံပါတီဖြစ်တဲ့ ဘီဂျေပီ ပါတီရဲ့ အကြီးတန်းခေါင်းဆောင် ဝေခိုင်ရာ နိုင်ဒူက “ဒီခြိမ်းခြောက်မှုတွေနဲ့ အကျပ်အတည်း တွေ့နေတဲ့အချိန်မှာ အစိုးရက ဘာလုပ်နေသလဲဗျ။ ပါကစ္စတန်နဲ့ တွေ့ဆုံဆွေးနွေးဖို့တောင် ဘယ်လိုများ စဉ်းစားသလဲဗျာ။ သူတို့ဘက်က အိန္ဒိယနိုင်ငံကို အကြမ်းဖက်ဖို့၊ အားပေးအားမြှောက် လုပ်နေတာတွေ မရပ်ဆိုင်းမချင်း ပါကစ္စတန်နဲ့ ဘာ ညှိနှိုင်းဆွေးနွေးမှုမှ မလုပ်နိုင်ဘူး။ ဘာအဓိပ္ပါယ်မှ မရှိဘူး” လို့ ပြောပါတယ်။

အိန္ဒိယ အာဏာရကွန်ဂရက်ပါတီရဲ့ ၀ါရင့်လွှတ်တော်အမတ် မာနစ်ရှင်ကာ အိုင်ယာ လို ငြိမ်းချမ်းရေး သမားတွေကတော့ သီးခြားလေသံ ထွက်နေပါတယ်။ သူက နျူကလီးယာလက်နက် ပိုင်ဆိုင်ထားကြတဲ့ အိမ်နီးချင်းနိုင်ငံတွေအဖို့ ဆွေးနွေးညှိနှိုင်း ငြိမ်းချမ်းရေး လုပ်တာဟာ တခုတည်းသော နည်းလမ်းပဲလို့ အခိုင်အမာ ပြောဆိုနေပါတယ်။

“ဘယ်လိုပဲ ဖြစ်ဖြစ် ပါကစ္စတန်နဲ့ ခင်ဗျားတို့ မဆွေးနွေးနိုင်ဘူးဆိုရင် ဘာမှဖြေရှင်းလို့ရမှာ မဟုတ်ဘူးလေ။ ကျနော်တို့ မျက်နှာချင်းဆိုင်တွေ့ကြ၊ သူတို့လုပ်နိုင်တဲ့ လမ်းကြောင်းတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ရဲ့ အထင်ကို ကျနော်တို့ တကယ်တမ်း ပြောကြတာက တခုတည်းသော နည်းလမ်းလို့ ကျနော်ယုံကြည်ပါတယ်။ အဲဒါက စစ်ကို ရှောင်နိုင်တဲ့ တခုတည်းသော တခြားရွေးလမ်းပဲ။ အဲဒါကို အနှောင့်အယှက် ပေးလို့မရဘူး။ အနှောင့်အယှက် ပေးလို့မရနိုင်တဲ့ ကိစ္စပါပဲဗျာ။”

ဘစ်စမီလာ ဂီလာနီက  အာရှဒေသ သတင်းဆောင်းပါးကဏ္ဍ အတွက် နယူးဒေလီက သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013