
နေပြည်တော်ရှိ လွှတ်တော်ဝန်ထမ်း ၃ ဦးမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိရတဲ့အတွက် ဆက်စပ်ဝန်ထမ်း ၃၀ ကျော်ကို ကွာရန်တင်းဆောင်ရွက်ထားတယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောပါတယ်။
လွှတ်တော်ဝန်ထမ်းတစ်ဦးမှာ ကျန်းမာရေးမကောင်းတဲ့အတွက် ဒီဇင်ဘာ ၁၆ ရက်က ဆေးစစ်ကြည့်ရာကနေ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ရတာဖြစ်ပြီး ကျန် ဝန်ထမ်း ၂ ဦးမှာလည်း ရောဂါပိုးထပ်မံတွေ့ရှိခဲ့ရတာပါ။
အတည်ပြုလူနာနဲ့ ဆက်စပ်အရေအတွက်ကို အတည်ပြုဆဲဖြစ်ပြီး လက်ရှိအချိန်မှာတော့ လွှတ်တော်ဝန်ထမ်း ၃၀ ကျော်လောက်ကို နေပြည်တော် စည်ပင်ဧည့်ရိပ်သာရှိ ကွာရန်တင်းစင်တာမှာ ထားရှိထားတာဖြစ်ပါတယ်။
ဒေါက်တာမြတ်ဝဏ္ဏစိုးက “ ကျနော်တို့ သိသလောက်က ဟိုတရက်ကလွှတ်တော်က ဝန်ထမ်းတစ်ယောက်က ဖျားလို့ ဆေးရုံသွားပြပါတယ်။ ခုတင်တစ်ထောင်မှာပါ။ အဲ့တာနဲ့ကျနော်တို့ စစ်လိုက်တော့ ပိုးတွေ့ပါတယ်။ ပိုးတွေ့တော့ သူနဲ့ ထိစပ်တဲ့သူတွေ၊ ဆက်စပ်တာတွေစစ်လိုက်တာ မနေ့ကကျနော်တို့ ၂ ဦးပိုးတွေ့ပါတယ်။ အဲဒီတော့အားလုံးပေါင်း ၃ ဦး ဖြစ်ပါတယ်။ ကျန်တဲ့ သူတို့နဲ့ထိစပ်တာအင်အား ၃၀ ကျော်လောက်ကိုတော့ ကျနော်တို့ ကွာရန်တင်းဆောင်ရွက်ထား ပါတယ်။” လို့ ဒီဗွီဘီကို ပြောပါတယ်။
ပိုးတွေ့ရှိရတဲ့ ဝန်ထမ်းတွေဟာ လူပျိုဆောင်မှာနေသူတွေဖြစ်တဲ့အတွက် လက်ရှိမှာတော့ လူပျိုဆောင်ကို အသွားအလာကန့်သတ်ထားတယ်လို့လည်း ဆိုပါတယ်။
နေပြည်တော်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရသူ အများစုဟာ အသွားအလာ ကန့်သတ်ထားသူတွေနဲ့ စောင့်ကြည့်လူနာတွေဖြစ်ပြီး အခု လွှတ်တော်ဝန်ထမ်း ၃ ဦးအပါအဝင် ဒေသတွင်း ကူးစက်မှုကတော့ ၁၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။
ဒီဇင်ဘာ ၄ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရတဲ့အတွက် အသွားအလာ ကန့်သတ်ထားတဲ့ မြို့မဈေးကားဂိတ်နဲ့ ဘောဂသီရိကားဝင်းတို့ကိုတော့ ဒီဇင်ဘာ ၁၇ ရက်က ပြန်လည်ဖွင့်ပေးလိုက်ပြီဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၇ ရက်အထိ နေပြည်တော်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၆၀၇ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရှိသူ ၄၈၂ ဦးရှိတယ်လို့လည်း နေပြည်တော်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။










