Homeမြန်မာသတင်း
မြန်မာတွင် နိုင်ငံရေးအကျဉ်းသား ၃၆ ဦးရှိ၊ လွတ်လပ်စွာထုတ်ဖော်ခွင့်နှင့်ပတ်သက် အရေးယူခံရသူ အများစုပါဝင်
မြန်မာတွင် နိုင်ငံရေးအကျဉ်းသား ၃၆ ဦးရှိ၊ လွတ်လပ်စွာထုတ်ဖော်ခွင့်နှင့်ပတ်သက် အရေးယူခံရသူ အများစုပါဝင်
အာကာ
·
December 17, 2020

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၃၆ ဦးရှိပြီး ထောင်တွင်းနဲ့ ထောင်ပြင်ကနေ တရားရင်ဆိုင်နေရသူ ၅၅၀ နီးပါးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရသိရပါတယ်။
ထောင်ဒဏ်ကျခံနေရသူတွေနဲ့ တရားရင်ဆိုင်နေရသူတွေဟာ အများအားဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်တဲ့ ပုဒ်မတွေဖြစ်တယ်လို့ AAPP အဖွဲ့မှ ဦးတိတ်နိုင်က ပြောပါတယ်။
လက်ရှိ အန်အယ်လ်ဒီ အစိုးရကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ ပြောဆိုထားပြီး လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ နိုင်ကျဉ်းဟောင်းတွေကတော့ ဒါကို လက်မခံပါဘူး။
နိုင်ငံတကာမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သတ်ပြီး ပြစ်ဒဏ်ကျခံရရင် နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်ထားတဲ့ အတွက် မြန်မာနိုင်ငံမှာ လက်ရှိ ပြစ်ဒဏ်ကျခံနေရသူတွေဟာလည်း နိုင်ငံရေးအကျဉ်းသားဖြစ်တယ်လို့ ညီမျှခြင်းမြန်မာရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။
လက်ရှိ နိုင်ငံရေးအကျဉ်းသားတွေ အမှုရင်ဆိုင်၊ ပြစ်ဒဏ်ချခံနေရတဲ့ မတရားအသင်း၊ ဆက်သွယ်ရေးဥပဒေ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု စတဲ့ ဥပဒေ၊ ပုဒ်မတွေဟာ ၂၀၁၆မှာ အန်အယ်လ်ဒီ အစိုးရ စတင်တာဝန် ယူစဉ်ကတည်းက ပြင်ဆင်၊ ပယ်ဖျက်ဖို့ တောင်းဆိုနေကြတဲ့ ပုဒ်မတွေဖြစ်ပါတယ်။
သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်မှာ လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီကို ၂၀၁၃ ဖေဖော်ဝါရီ ၁၉ ရက်က ဖွဲ့စည်းပေးခဲ့ပြီး ပြစ်ဒဏ်ကျခံနေရသူ နိုင်ငံရေးအကျဉ်း သားအကျဉ်းသူဦးရေ ၃၅၄ ဦးကို နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။
လက်ရှိ အန်အယ်လ်ဒီ အစိုးရလက်ထက်မှာတော့ ၂၀၁၆ ဧပြီ ၈ ရက်မှာ နိုင်ငံရေးအကျဉ်းသား ၁၉၉ ဦးကို စွဲချက်ရုပ်သိမ်းခဲ့ကာ လွှတ်ပေးခဲ့ပြီး ၂၀၁၆ ဧပြီ ၁၇ ရက်မှာ နိုင်ငံရေးအကျဉ်းသား ၈၃ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီဖွဲ့ပြီး လုပ်ဆောင်တာမရှိတော့သလို အကျဉ်းဦးစီးဌာနက ၂၀၁၉ ဧပြီ ၂၂ ရက် မှာ ထုတ်ပြန်လိုက်တဲ့ကြေညာချက်တရပ်မှာလည်း “အကျဉ်းထောင်များ၌ နိုင်ငံရေးအကျဉ်းသားဟူ၍ သတ်မှတ်ထားသော အကျဉ်းသား၊ အကျဉ်းသူများမရှိ”ဆိုတဲ့ ကြေညာချက်ထွက်ပေါ်ခဲ့ပါတယ်။