DVB Logo
Home
မြန်မာသတင်း
ငါးပုစွန်မွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုမရှိစေရန် သတိပေးနှိုးဆော်
DVB
·
August 26, 2013
Donate to DVB

အခုရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံတ၀န်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာကြောင့်  ငါးပုစွန် မွေးမြူရေးကန်တွေ ရေနစ်မြုပ်ပျက်စီးမှုကနေ ကြိုတင်ကာကွယ်ကြဖို့ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနက  သတိပေးနှိုးဆော်ထားပါတယ်။

ငါးပုစွန် မွေးမြူရေးလုပ်ငန်းဟာ ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံးရေးသာမက ပြည်ပတင်ပို့ နိုင်ငံခြား ၀င်ငွေရရှိတဲ့ လုပ်ငန်းဖြစ်လို့ ငါးမွေးမြူရေးကန်တွေ ရေကြီးနစ်မြုပ်မှုကနေ ကြိုတင်ကာကွယ်ကြဖို့ သက်ဆိုင်ရာက သတိပေးနှိုးဆော်ထားတာပါ။

သတိပေးနှိုးဆော်ချက်ထဲချက်မှာ ငါးကန်ပေါင် နိမ့်တဲ့နေရာတွေနဲ့ ရေစီးကြောင်းနဲ့ နီးတဲ့နေရာတွေမှာ သဲအိတ်တွေဖို့ပြီး ကန်ပေါင်ခိုင်ခံ့အောင်လုပ်ဖို့၊ ရေကြီးရေလျှံလာပါက ငါးတွေ လွတ်ထွက်မသွားအောင် ပိုက်နဲ့ ကာရံထားဖို့၊  လိုအပ်ရင် ငါးတွေ ရွှေ့ပြောင်းဖို့ ငါးဖမ်းပိုက်နဲ့ စက်လှေတွေ ကြိုတင်ပြင်ဆင်ထားဖို့၊  ငါးစာနဲ့ လုပ်ငန်းသုံးပစ္စည်းတွေ ရေလွတ်ရာ ရွှေ့ပြောင်းထားဖို့ စတာတွေ ပါရှိပါတယ်။

ငါးလုပ်ငန်းအဖွဲ့ချုပ်ရဲ့ ဒု-ဥက္ကဋ္ဌ ဦးနှင်းဦးကတော့ လတ်တလော မိုးအဆက်မပြတ်ရွာမှုကြောင့် အထူးသဖြင့် မြစ်လက်တက်များတဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ ငါးကန်တွေ အထူးသတိပြုဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် မြစ်ရေကြီးမှုကြောင့် ငါးလုပ်ငန်းအဓိက လုပ်ကိုင်တဲ့ မြန်မာနိုင်ငံအောက်ပိုင်း ဒေသတွေမှာ  ငါးကန်တွေ ပျက်စီးမှုတချို့ရှိခဲ့ပေမယ့် ကြီးမားတဲ့ ဆုံးရှုံးမှုတွေတော့ မရှိဘူးလို့ သူက ပြောပါတယ်။

“ကျနော်တို့ တပြည်လုံး အောက်ပြည်မှာ များသောအားဖြင့် ရေက ကြီးနေတာကိုး။ ကျနော်တို့ လက်လှမ်းမီသလောက် သိပ်ဆိုးဆိုးရွားရွားကြီးတော့ မရှိသေးဘူး။ ဒါပေမယ့် ကျနော်တို့ထက် ဆိုးရွာတဲ့ နေရာတွေကတော့ အခုထိ သတင်းမရသေးဘူး။ ရေကြီးတဲ့ အားက မနှစ်ကထက် ပိုများတယ်။ ကျနော်တို့က မှန်းထားတယ် ဖြစ်မယ်။ ဘယ်လောက်ဖြစ်သွားသလဲဆိုတာ သတင်းအတိအကျ မရသေးဘူး ဖြစ်နေတယ်။ အခုလောလောဆယ်မှာတော့ တမံတွေ မြှင့်ထားဖို့ ပြောထားတယ်။ ကန်တွေမှာ ရေကြီးမယ့် သဘောရှိတဲ့ တာပေါင်တွေ မြှင့်ထားမယ်။ တကယ်လို့ တာပေါင်တွေ မနိုင်လို့ရှိရင် ပိုက်တွေနဲ့ တားသင့်ရင် တားထားဖို့ ကျနော်တို့ လက်လှမ်းမီသလောက်တော့ ပြောထားတယ်။”

မြန်မာနိုင်ငံအတွင်း ဩဂုတ်လ တတိယအပတ်က စတင်ကာ မိုး အဆက်မပြတ် ရွာသွန်းပြီး မြစ်ရေများ မြင့်တက်လာမှုကြောင့် ဟမွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူး၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်း ဒေသကြီးအတွင်း မြို့နယ်အချို့မှာ လူနေအိမ် အဆောက် အအုံတွေနဲ့ စပါးစိုက်ခင်းတွေ ရေနစ်မြုပ် ပျက်စီးခဲ့တာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက  ရေလွှမ်းမိုးမှုကြောင့် ကရင်နဲ့ မွန်ပြည်နယ်တွေမှာ စပါးခင်း  သုံးသောင်းကျော် ရေနစ်မြုပ်ခဲ့တယ်လို့  အစိုးရ  သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်း ထုတ်ပြန် ထားပါတယ်။

လတ်တလော ဧရာဝတီတိုင်း ငါးသိုင်းချောင်း မြို့နယ်အတွင်းကျေးရွာ တချို့မှာတော့  မိုးကြီးပြီး မြစ်ရေတက်မှုကြောင့် ရေနစ်မြုပ်နေဆဲပဲလို့ ငါးသိုင်းချောင်းမြို့ခံတဦးက ပြောပါတယ်။

“အခုရက်ကျတော့ နည်းနည်း တန့်နေတယ်လေ။ နည်းနည်းလေး ပြန်ကျတယ်။ မိုးရေလေး ရွာလို့ရှိရင် နည်းနည်းလေး ပြန်တက်တယ်၊ အဲဒီလောက်ပါပဲ။ ငါးသိုင်းချောင်းသားတွေကတော့ အဲဒါ မဆန်းတော့ဘူးလေ။ တချို့နေရာတွေမှာတော့ ကုန်းမြေ ဟိုဘက်တွေမှာကျတော့ တော်တော်ကြီးတယ်တဲ့။ တချို့ပြောတာကတော့ မြှုပ်နေတယ်တဲ့။ ငါးမြွေတိုး နှုတ်သီးလောက် ရေပေါ်သလားလို့ မေးတော့ စပါးတွေ အဲဒီလောက်တောင် မပေါ်တော့ဘူးတဲ့၊ ပျက်မယ် ပြောတယ်။  သူက ရွာတော်တော်ကြီးတယ်လေ။ ငါးသိုင်းချောင်းနဲ့ဆိုရင်တော့ ၇ မိုင်လောက် ဝေးတယ်။”

အလားတူ ကရင်ပြည်နယ် ဘားအံမြို့မှာလည်း အခုလ ၂၁ ရက်နေ့ကတည်းက ရေကြီးခဲ့ရာ ဒီကနေ့ထိ ရေမကျသေးဘဲ ရှိနေသေးတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ရေကြီးမှုကြောင့် ဘားအံမြို့ပေါ်မှာ လတ်တလော ကယ်ဆယ်ရေးစခန်း ၁၂ ခု ဖွင့်လှစ်ထားပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် စစ်တောင်းမြစ်၊ သံလွင်မြစ်နဲ့ ငဝန်မြစ်ရေ တို့ဟာ စိုးရိမ်ရေမှတ်အထိကို ကျော်လွန်တယ်လို့ ဩဂုတ် ၂၅ ရက်နေ့က  မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013