DVB Logo
Home
မြန်မာသတင်း
ပွင့်လင်းမြင်သာမှုမရှိသည့်အပေါ် လွှတ်တော်အမတ် ပြစ်တင်
DVB
·
August 26, 2013
ပွင့်လင်းမြင်သာမှုမရှိသည့်အပေါ် လွှတ်တော်အမတ် ပြစ်တင်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာမှာ မီးရှို့ဖျက်ဆီးမှုကြောင့် မွတ်စလင် ကလေးလူကြီး ၃၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး သူတို့ရှေ့ရေးအတွက် အကူအညီလိုအပ်တယ်လို့ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြင့်နိုင်က ပြောပါတယ်။

ဒုက္ခသည်တွေကို ထန်းကုန်းကျေးရွာက အာရဗီ ဘာသာရေးနှစ်ထပ်ကျောင်းဆောင်မှာ နေရာချထား ကျွေးမွေးနေပြီး အခြေအနေ တည်ငြိမ် အေးငြိမ်းနေတယ်လို့ သူက ပြောပါတယ်။

“ဒုက္ခသည်က အိမ်ခြေအနေနဲ့ သူတို့အတိအကျ ကောက်တာ ၄၈ လို့ ပြောတယ်။ ကျနော်တို့ မေးခဲ့တာက ၅၁ အိမ်လို့ ပြောတယ်။ အဲဒါက မီးလောင်ပျက်စီးသွားတာ။ ဆိုင်ခန်းနဲ့ အိမ် ၁၃ လုံးက ရိုက်ဖျက်ခံရတယ်။ လူဦးရေနဲ့ဆိုရင် အမျိုးသားက ၁၆၀ ရှိတယ်။ အမျိုးသမီးက ၁၅၈ ယောက်။ စုစုပေါင်း ၃၁၈ ယောက်ရှိတယ်။ အဲဒီထဲမှာ သူငယ်တန်းကနေ ဆယ်တန်းထိ ကလေးက ၄၅ ယောက်ပါတယ်။ အသေအပျောက်မရှိပါဘူး။ ဗလီတလုံးမှ မပျက်စီးပါဘူး။ ထန်းကုန်းအနေနဲ့ ပြောရရင်တော့ မိုးခေါင်ရေရှားပဲဗျ။ ပြန်လည်ထူထောင်ရေးကတော့ ၀ိုင်းဝန်းကူညီပံ့ပိုးသင့်တယ် ထင်တယ်လေ။”

ဒီအဖြစ်အပျက်ကြောင့် ကျွဲနွား အိမ်မွေးတိရစ္ဆာန်တွေလည်း ပျောက်နေပြီး အရေအတွက်တော့ မသိရကြောင်း ဒေါက်တာမြင့်နိုင်က ပြောပါတယ်။

ဒေါက်တာမြင့်နိုင်ဟာ နေပြည်တော်မှာ အမျိုသားလွှတ်တော်တက်နေရာက အခင်းဖြစ်တာကြောင့် ကန့်ဘလူမြို့ကိုပြန်ပြီး အခင်းဖြစ်ရာ ကျေးရွာကို သွားရောက်ခဲ့တာပါ။

ဩဂုတ် ၂၄ ရက်နေ့ ညနေပိုင်းက အမျိုးသမီးငယ်တဦးကို အမျိုးသား ၃ ဦးက ကိုယ်ထိလက်ရောက်ဆွဲတယ်ဆိုတဲ့ တိုင်ကြားချက်ကြောင့် ကျေးရွာရဲထံတိုင်ကြားရာမှာ ၃ ဦးထဲက ၁ ဦးကို ဖမ်းမိပြီး ရွာရဲစခန်းကနေ ကန့်ဘလူရဲစခန်းအချုပ်၊ အဲဒီကနေ ရွေွှ့ဘိုထောင်ချုပ်ကို ပို့ဆောင်ခဲ့ပါတယ်။

ထန်းကုန်းကျေးရွာမှာ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာဝင် တ၀က်ခန့်စီ နေထိုင်နေကြတာဖြစ်ပြီး ဩဂုတ် ၂၄ ရက်နေ့က ဖြစ်စဉ်မှာ ရွာသားတွေက ၀င်ရောက်ရိုက်နှက်ဖျက်ဆီးတာ မဟုတ်ဘဲ တခြားနေရာတွေက လာရောက်ဖျက်ဆီးကြတယ်ဆိုတာ ကြားသိလာတယ်လို့ ဒေါက်တာမြင့်နိုင်က ပြောပါတယ်။

အဲဒီအမျိုသားကို သူတို့ လက်ကိုအပ်ဖို့ တောင်းဆိုရာက မရတဲ့အဆုံး မီးရှို့ဖျက်ဆီးမှုတွေကို လူအုပ်စုလိုက်ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့  ဒေါက်တာမြင့်နိုင်ကို မေးမြန်းရာမှာ မီးရှို့ဖျက်ဆီးမှုဖြစ်စဉ်မှာ လှုံ့ဆော်သူတွေလို့ သံသယရှိသူ ၁၁ ဦးကို ရဲက စစ်ဆေးနေတယ်လို့ ပြောပါတယ်။

အဲဒီ ၁၁ ဦးနဲ့တွေ့ခွင့်ရဖို့ ခရိုင်ရဲမှူးကြီး အုန်းလှိုင်ထံ ၁ နာရီကျာ်ကြာ တွေ့ဆုံပြီး ခွင့်တောင်းပေမယ့် မရတဲ့အပေါ် ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ဒေါက်တာမြင့်နိုင်က ပြောဆိုလိုက်ပါတယ်။

“သူတို့ စိစစ်မှာပါတဲ့။ ပြန်လွှတ်မှာပါလို့ ပြောတယ်။ ကျနော်က တွေ့ချင်ပါတယ်လို့ ပြောတော့ သူတို့ ကျနော့်ကို တွေ့ခွင့်မပေးဘူး။ ဘယ်မှာထားတယ်ဆိုတာတောင် ကျနော့်ကိုမပြောပါဘူး။ ကျနော်က ဒီအချက်အလက်တွေကို သိချင်ပါတယ်။ သိမှ မင်းတို့ဘယ်လိုဖြစ်တာလဲ စသဖြင့် အချက်အလက်ကို လိုက်ချင်ပါတယ်။ ခုတော့ ကိုယ်ဟာကိုယ်ပဲ ရှာပြီး လုပ်ကိုင်နေပါတယ်။ ဘယ်မှာလဲ ပွင့်လင်းမြင်သာမှု။ တကယ်တော့ ဒီဖြစ်စဉ်ကြီးက မဖြစ်သင့်၊ မဖြစ်အပ်၊ မဖြစ်ထိုက်တဲ့ဟာကြီးပဲ။ ဒါကြီးကို ဖြစ်နိုင်မှန်းသိလျက်နဲ့ ကြိုတင်ပြင်ဆင်မှုတွေ အုပ်ချုပ်ရေးပိုင်းက နည်းရတာလဲ။ ဖြစ်တဲ့အချိန်မှာ ဆက်သွယ်မှုနဲ့ ဖြေရှင်းမှုက အားနည်းရတာလဲ ဒီပေါ်မှာတော့ အားမလိုအားမရ ဖြစ်တယ်။”

သူ့အနေနဲ့ ရွေဘိုမြို့ကို ရောက်တဲ့အခါ ရွှေဘိုထောင်မှာ ချုပ်နှောင်စစ်ဆေးခံနေရတဲ့ အမျိုးသားနဲ့ သွားရောက်တွေ့ဆုံမယ်လို့ ပြောပါတယ်။

Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013