DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကာလကြာရှည်လာသဖြင့် ဖျော်ဖြေရေးလုပ်ငန်းလုပ်ကိုင်သူများ စားဝတ်နေရေးအခက်ကြုံ
DVB
·
December 17, 2020
ကိုဗစ်ကာလကြာရှည်လာသဖြင့် ဖျော်ဖြေရေးလုပ်ငန်းလုပ်ကိုင်သူများ စားဝတ်နေရေးအခက်ကြုံ
Donate to DVB

ဧရာဝတီတိုင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကေတီဗွီ၊ စင်တင်တေးဂီတနဲ့ တခြားဖျော်ဖြေရေး လုပ်ငန်းတွေကို တိုင်းအစိုးရ အစီအစဉ်နဲ့  မေလကစတင်ကာ ယာယီပိတ်ခိုင်းထားခဲ့ပါတယ်။

ပိတ်ရက်ကြာရှည်လာတဲ့အတွက် ကေတီဗွီအပါအဝင် ဖျော်ဖြေရေးလုပ်ငန်းလုပ်ကိုင်ပြီး အသက်မွေးရတဲ့ လူတွေအနေနဲ့ စားဝတ်နေရေး အခက်အခဲတွေ ရှိလာတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

ကေတီဗွီဆိုင်ပိတ်လိုက်ရတဲ့ ရက်တွေကြာလာတော့ အရင်က အလုပ်သမားတွေကို စားဝတ်နေရေးပြေလည်အောင် ထောက်ပံ့ပေးနိုင်ပေမယ့် ခုတော့ မထောက်ပံ့ပေးနိုင်ဘူးလို့ လုပ်ငန်းရှင်အများစု ကပြောပါတယ်။

ကေတီဗွီဆိုင်ပိုင်ရှင် ကိုအောင်ကျော်သူ က “ပထမလှိုင်းပြီးတော့ ကြားထဲမှာ ၂ လလောက် ပြန်ဖွင့်လိုက်ရတယ်။ ခုအဲ့တာလေးနဲ့ ထိုင်စားနေ ရတာပါ။ အစပိုင်းကတော့ အလုပ်သမားတွေကို ထောက်ပံ့နိုင်သေးတယ်။ ခုတော့ ကျနော်တို့ ကိုယ်တိုင် စားဝတ်နေရေးအခက်အခဲရှိလာတော့ သူတို့ကို လောက်ငှအောင် မထောက်ပံ့နိုင်တော့ပါဘူး”လို့ ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာများလာလို့ စက်တင်ဘာလ ၂၆ ရက်နေ့က စတင်ကာ မြို့နယ် ၃ မြို့နယ်ကို Stay at Home အမိန့်ထုတ်ပြန်ပြီး ရောဂါထိန်း ချုပ်နိုင်ရေး ကြိုးစားခဲ့ပြီး ဆိုင်တွေကို ပါဆယ်စနစ်နဲ့ ရောင်းချဖို့ သတ်မှတ်ခဲ့ပေမယ့် ဒီဇင်ဘာ လမှစတင်ကာ Stay at Home မဟုတ်တဲ့ ကျန်တဲ့မြို့နယ်တွေက အေ အဆင့်ရတဲ့ စားသောက်ဆိုင်တွေကို ဆိုင်ထိုင်ရောင်းချခွင့်ပြုပေးခဲ့ပါတယ်။

ဖျော်ဖြေရေးလုပ်ငန်းတွေဖြစ်တဲ့ ကေတီဗွီ၊ စင်တင်နဲ့ တခြားဖျော်ဖြေရေးလုပ်ငန်းတွေ ပြန် ဖွင့်ခွင့်မရရှိသေးသလို ပိတ်ထားရတဲ့ကာလကြာရှည်လာတာကြောင့် မိမိဇာတိနေရပ်မပြန် နိုင်တဲ့ အလုပ်သမားတွေအတွက် စားဝတ်နေရေး အခက်အခဲတွေရှိလာတယ်လို့ ပြောပါတယ်။

ကေတီဗွီအလုပ်သမတဦးက “ကိုဗစ်ကြောင့်ရပ်လိုက်ရတော့ ဝင်ငွေမရှိတော့ မိသားစုလည်း မထောက်ပံ့နိုင်တော့ပါဘူး ညီမတို့ကိုယ်တိုင်လည်း ဟင်းမပါပဲ ထမင်းစားရတဲ့နေ့တွေရှိပါတယ်။ နေရပ်ပြန်အလုပ်လုပ်ဖို့အတွက်က ဟိုမှာလည်း ကိုဗစ်ကာလ အလုပ်ကရှားတော့ ဒီမှာပဲ ဒုက္ခခံပြီး ဆက်နေရတာပါ”လို့ပြောပါတယ်။

ကိုဗစ်ကာလမတိုင်ခင် ဆိုင်ဖွင့်စဉ်အချိန်တုန်းက တစ်နေ့ကို ဝင်ငွေ ကျပ် ၁၀,၀၀၀ ကျော်  ရရှိကာ အိမ်ကို တစ်လ ကျပ် ၃ သိန်းခွဲကျော် ပြန်ထောက်ပံ့နိုင်သလို ကိုဗစ်ကြောင့် ပိတ်လိုက်ရတဲ့ နောက်ပိုင်း အိမ်ကိုမထောက်ပံ့နိုင်တော့တဲ့အပြင် အဆောင်ခနဲ့ စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်လာရတယ်လို့ ဆိုပါတယ်။

ဒီလိုမျိုးဖျော်ဖြေရေးလုပ်ငန်းတွေ ကာလကြာရှည်ပိတ်ထားရလို့ စားဝတ်နေရေးအခက်အခဲ တွေရှိလာတာကြောင့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိနိုင်ဖို့ လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေက မျှော်လင့်နေကြပါတယ်။

ဧရာဝတီတိုင်းမှာ ကိုဗစ်ကာလ ဆိုင်ခိုးဖွင့်လို့ အမှုဖွင့် အရေးယူထားတဲ့ ကေတီဗွီဆိုင် ၂ ဆိုင်နဲ့ ပြည်တန်ဆာဆိုင် ၁ ဆိုင်ရှိတယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးရဲ့မှတ်တမ်းတွေအရ သိရပါတယ်။

သတင်း - မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013