DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းဆန်ဈေး မြင့်တက်မှုကြောင့် ပြည်ပတင်ပို့မှု ထိခိုက်
DVB
·
August 26, 2013
ပြည်တွင်းဆန်ဈေး မြင့်တက်မှုကြောင့် ပြည်ပတင်ပို့မှု ထိခိုက်
Donate to DVB

မြန်မာ့ဆန်တင်ပို့မှုက ပြီးခဲ့တဲ့နှစ်ကာလတူနဲ့ယှဉ်ရင် ဆန်တင်ပို့မှုက တန်ချိန် ၁ သိန်းနီးပါး ကျဆင်းနေတယ်လို့ မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောပါတယ်။

လက်ရှိမှာတော့ ပြည်တွင်းမှာ ဆန်လက်ကျန်က လျော့နည်းမှုရှိနေတာရယ် ပြည်တွင်းဈေးကွက် မှာရှိတဲ့ ဆန်ဈေးနှုန်းကလည်း နိုင်ငံတကာ ဆန်ရောင်းဝယ်ရေး ဈေးကွက်မှာရှိတဲ့ ဈေးနှုန်းထက် မြင့်နေတာရယ်ကြောင့် ဆန်တင်ပို့မှုက အခုလို ကျဆင်းနေတာ လို့ ဆိုပါတယ်။

" ပြည်တွင်းဈေးကွက်က နည်းနည်း ပြင်ပပို့ကုန်နဲ့ မကိုက်ဘူးလေ။ တွက်ချေမကိုက်ဘူး၊ တွက်ချေမကိုက်လို့ မပို့တာလည်း ပါတယ်။ နောက်တခါ လက်ကျန် မနှစ်တုန်းက ၁ ဒဿမ ၄ ပို့ထားတယ်၊ ဒီနှစ်က မနှစ်ကလောက် မကျန်ဘူး။”

လက်ရှိမှာဆိုရင် ဧည့်မထ ၂၅ မတ် (ဆန်ကွဲပါဝင်မှု ၂၅ ရာခိုင်နှုန်း) ဆန် ၁ တန်ကို ရန်ကုန် ဆိပ်ကမ်းရောက် သင်္ဘောတင်ဈေး (Freight On Board - FOB) ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၃၆၀ နဲ့ ၃၇၀ ကြားမှာရှိပြီး နိုင်ငံတကာ ဆန်ရောင်းဝယ်ရေး ဈေးကွက်မှာတော့ အဲဒီအမျိုးအစား ဆန် ၁ တန်ကို အမေရိကန်ဒေါ်လာ ၃၃၀ ၀န်းကျင်သာရှိလို့ ပြည်တွင်းဈေးနှုန်းက မြင့်တက်နေတာပါ။

လက်ရှိမှာတော့ ပြီးခဲ့တဲ့ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင် ၄ လအတွင်းမှာ ပြည်ပဆန် တန်ချိန် ၂ သိန်းနီးပါး တင်ပို့ထားရှိပြီး ဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ်ကာလတူမှာ ဆန်တန်ချိန် ၃သိန်းနီးပါး တင်ပို့ပြီးဖြစ်တာကြောင့် အခုနှစ်မှာ ဆန်တင်ပို့မှုက တန်ချိန် ၁ သိန်းခန့် လျော့ကျမှု ရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် ထိုင်း၊ ဗီယက်နမ်နိုင်ငံတွေနဲ့အပြိုင် ပြည်ပဈေးကွက်ကို ဆန်အများဆုံး တင်ပို့မှုရှိနေတဲ့ အိန္ဒိယနိုင်ငံက ဒေသထွက်ဆန်ကို နိုင်ငံတကာဈေးကွက်မှာ ဈေးလျော့ပြီး ရောင်းချဖို့ရှိတာကြောင့် အကျိုးသက်ရောက်မှုက မြန်မာနိုင်ငံနည်းတူ ဆန်တင်ပို့နေတဲ့ နိုင်ငံတွေအပေါ်မှာ အနည်းနဲ့အများ ရိုက်ခတ်မှုရှိမယ်လို့ ဦးအောင်သန်းဦးက ပြောပါတယ်။

“ဈေးနှုန်းယှဉ်ပြိုင်ဖို့ကတော့ ကျနော်တို့ အိန္ဒိယတို့၊ ဗီယက်နမ်တို့။ အိန္ဒိယကတော့ အထူးသဖြင့် ဈေးကွက်ကို ပိုကိုင်လှုပ်နိုင်တာပေါ့။ ကမ္ဘာ့ဆန်ဈေးမှာ ကျနော်တို့တွေ မကပါဘူး၊ ဗီယက်နမ်ရော ထိုင်းရော မြန်မာရော ဒီဂယက်ကတော့ နည်းနည်းခံရမှာပေါ့။ ကျနော်တို့လည်း ဒီစပါးပေါ်တဲ့အချိန်မှာတော့ လက်ရှိဈေးနဲ့ဆို ကျနိုင်တယ်။ ဒါပေမယ့် ကျနော်တို့က တရုတ်ဈေးကွက်တခုတော့ ရှိရမှာပေါ့။ တရုတ်ဈေးကွက်ကတော့ အခုအထိ မကျပါဘူး သူကလက်ရှိဈေးမှာပဲ တန့်နေတယ်။”

ဒါကြောင့် လက်ရှိမှာဆိုရင် ပြည်ပ ဆန်တင်ပို့မှုက မရှိသလောက်နည်းသွားပေမယ့် မြန်မာ-တရုတ်နယ်စပ် ဖြစ်တဲ့ မူဆယ်နယ်စပ်စခန်းကနေ တရုတ်ပြည်ကို မြန်မာ့ဆန်တင်ပို့မှုက ပြီးခဲ့တဲ့ရက်တွေကထက် ပိုမိုတင်ပို့မှုရှိနေတယ်လို့ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းက ဆန်ပို့ကုန်လုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးချမ်းသာဦးက အခုလို ပြောပါတယ်။

“ဒီတပတ်ထဲမှာတော့ တက်လာတယ်။ တပတ်မတိုင်ခင် အရင်ရက်တွေကဆိုရင် တရက်ကို ဆန် တန်လ ၆၀၀ ပတ်ဝန်းကျင်လောက်ပဲ ၀င်တယ်၊ ဒီတပတ်အတွင်းမှာ ဆန် တန် ၁၀၀၀ နီးပါးလောက် တက်လာတယ်။ ကျနော်တို့ သင်္ဘောတင်ပို့မှုက ခဏရပ်ထားတဲ့အတွက်၊ ကျနော်တို့ တောင်သူ လယ်သမားတွေက တရုတ်ပြည်နယ်စပ်ကို အဓိကထားပြီးတော့ တင်ပို့လာကြတဲ့သဘောပါ။”

တရုတ်ပြည်ကို လက်ရှိ ဆန်တင်ပို့ရာမှာလည်း မူဆယ် FOB ဈေးနှုန်းမှာ ၂၅ မတ်ဆန် ၁ တန်ကို တရုတ်ယွမ် ၂၅၀၀ လောက် ရှိတယ်လို့ သိရပါတယ်။
အခုစိုက်ပျိုးထားရှိတဲ့ မိုးစပါးက လာမယ့်အောက်တိုဘာလလယ်လောက် ထွက်ရှိမှာဖြစ်လို့ ရာသီဥတု ပွင့်လင်းလာမယ့် နိုဝင်ဘာ၊ ဒီဇင်ဘာလတွေကျရင် ပြည်ပကို ဆန်ပြန်လည် တင်ပို့နိုင်မယ်လို့ ပြောပါတယ်။

အခု ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာတော့ ပြည်ပကို ဆန်တန်ချိန် ၂ သန်းလောက် တင်ပို့နိုင်ဖို့ မျှော်လင့်ထားတယ်လို့ မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်းဥက္ကဋ္ဌက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း ရေကြီးမှုကြောင့် စပါးခင်းတွေလည်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ဘဏ္ဍာရေးမှူး ဒေါက်တာကျော်ကျော်အောင် ခုလိုပြောပါတယ်။

“ရေကြီးတဲ့နေရာတွေကတော့ သူနေရာသူရှိတာပေါ့။ အဓိက ဆန်းစပါးစိုက်ပျိုးတဲ့ နေရာတွေကတော့ ဧရာဝတီတိုင်းဘက်မှာများတာကိုး။ ဒါပေမယ့် အခု ဧရာဝတီတိုင်းမှာဖြစ်တဲ့ ကန်ကြီးထောင့်တို့ နေရာလေတွေကျတော့ ရေနက်ကွင်းတွေ ဖြစ်တဲ့အတွက်ကြောင့် ကျနော် ဒီနှစ်မှာ မစိုက်ထားဘူး။ ပြီးခဲ့တဲ့နှစ်တွေကျတော့ ကျနော်တို့ အဲဒီနေရာမှာ စိုက်ထားတဲ့အတွက် ဆုံးရှုံးမှု ရှိတယ်။ နောက်ပြီး ဒီမှာ ရေကြီးတာက ၁ ရက်၊ ၂ ရက်လောက် ကြီးရုံနဲ့ဆို သိပ်ပြီး မထိခိုက်ပါဘူး။ ကရင်ပြည်နယ်က မြန်မာနိုင်ငံရဲ့ စိုက်ဧကလောက်နဲ့ဆိုရင်တော့ အများကြီး မထိခိုက်ဘူး။ စိုက်ဧက နည်းတယ်။ စိုက်ဧက များတာက ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းမှာ များတာကိုး။”

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013