မေ ၁၃ ရက်ကနေ ၁၅ ရက်အထိ တရုတ်နိုင်ငံကို သွားရောက်မဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ တရားဝင်ခရီးစဉ်မှာ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ နည်းပညာကုမ္ပဏီ အကြီးအကဲတွေ လိုက်ပါဖို့ ရှိနေပါတယ်။
အဲဒီနောက် သက်ဆိုင်ရာကုမ္ပဏီအလိုက် စီးအီးအိုတွေဖြစ်ကြတဲ့ Apple က တင်မ်ကွတ်ခ်၊ Tesla နဲ့ SpaceX က အီလွန်မတ်စ်ခ် အပါအဝင် BlackRock က လယ်ရီဖင့်ခ် တို့ပါ သမ္မတရဲ့ ပေကျင်းခရီးစဉ်ကို ပူးပေါင်းပါဝင်ကြမှာပါ။
ဒါ့အပြင် Meta၊ Visa၊ Boeing နဲ့ JP Morgan စတဲ့ တခြားကုမ္ပဏီတွေရဲ့ အမှုဆောင်အရာရှိတွေ အပါအဝင် အမေရိကန်လုပ်ငန်းရှင်ပေါင်း ၁၇ ယောက်အထိ ကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်တယ်လို့လည်း သိရပါတယ်။
အဲဒီစာရင်းထဲမှာ Nvidia နည်းပညာကုမ္ပဏီရဲ့ အကြီးအကဲ ဂျန်ဆင်ဟွမ် မပါဝင်လာတာတော့ ထူးခြားနေပါတယ်။
တချိန်တည်းမှာ AI ဉာဏ်ရည်တုနည်းပညာ၊ ကွန်ပျူတာချစ်ပ်ပြားတွေနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်တို့ကြား အားပြိုင်မှုအတွင်း Nvidia ဟာ အခရာကျနေပြန်ပါတယ်။
အခုလိုမျိုး ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံကြား စီးပွားရေးနဲ့ နည်းပညာအရ တင်းမာမှု ကြီးထွားနေချိန်မှာ အမေရိကန်သမ္မတရဲ့ တရုတ်ခရီးစဉ်ဟာ နှစ်ဖက်စလုံးအတွက် အရေးကြီးတယ်ဆိုပြီး ရှုမြင်ထားကြပါတယ်။
လာမဲ့ တွေ့ဆုံပွဲအပေါ် အဓိကလွှမ်းမိုးနေတဲ့ ကိစ္စရပ်ကတော့ အီရန်ကို ဆင်နွှဲလျက်ရှိတဲ့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ပွဲပဲ ဖြစ်ပါတယ်။
အဲဒီပဋိပက္ခကြောင့်ပဲ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ထရမ့်ပ်တို့ရဲ့ တွေ့ဆုံပွဲဟာ ဧပြီလကနေ မေလထဲကို ရွှေ့ဆိုင်းခဲ့ရပါတယ်။
အမေရိကန်နဲ့ အီရန်တို့ကြား စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်တခု ရလာအောင် တရုတ်နိုင်ငံအနေနဲ့ ကြားဝင်ကူညီပေးဖို့အတွက် ထရမ့်ပ်က ရှီကို ဖိအားပေးနိုင်တယ်လို့ပါ ဖော်ပြထားပါတယ်။
လက်ရှိ ပိတ်ဆို့ထားတဲ့ ဟော်မုဇ် ရေလက်ကြားမှာ တရုတ်ဟာ စွမ်းအင်အများဆုံး တင်သွင်းနေတဲ့ နိုင်ငံဖြစ်သလို အီရန်ဆီကနေလည်း ဈေးသက်သာတဲ့ ရေနံတွေကို ဝယ်ယူလျက်ရှိပါတယ်။
မနှစ်ကတည်းက ကြိုတင်ပြီး ရေနံတွေ စုဆောင်းကာ သိုလှောင်ထားတဲ့အတွက် တရုတ်နိုင်ငံဟာ စွမ်းအင်အကျပ်အတည်းကို အတော်လေး ကောင်းမွန်စွာ ကျော်ဖြတ်ထားနိုင်ပါတယ်။
ဒါပေမဲ့လည်း အီရန်စစ်ပွဲကာလ ၃ လမြောက် ရောက်လာချိန်မှာတော့ သက်ရောက်မှုတချို့ ရှိလာပြီ ဖြစ်တဲ့အလျောက် တရုတ်ကိုယ်တိုင်က စစ်ရေးပဋိပက္ခကို အဆုံးသတ်စေချင်နေပြီ ဖြစ်ပါတယ်။










