DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်ကို လေယာဉ်ဖြင့် ရောက်လာမည့်သူများအတွက် ကြိုတင်ပြင်ဆင်မှုအားနည်း
DVB
·
December 16, 2020
ကယားပြည်နယ်ကို လေယာဉ်ဖြင့် ရောက်လာမည့်သူများအတွက် ကြိုတင်ပြင်ဆင်မှုအားနည်း
Donate to DVB

ပြည်တွင်းလေကြောင်းလိုင်းတွေ ဒီကနေ့  ဒီဇင်ဘာလ ၁၆ ရက်နေ့ကစပြီး ပြန်လည်ပြေးဆွဲပြီဖြစ်ပေမယ့် ကယားပြည်ကို ရောက်ရှိလာမယ့်သူတွေအတွက် ကြိုတင်ပြင်ဆင်မှုအားနည်းနေတာကို တွေ့ရတယ်လို့  Air KBZရဲ့ ကယားပြည်နယ်ဌာနခွဲတာဝန်ခံ ဦးနှောင်ရိုးက ပြောပါတယ်။

“လောလောဆယ်တော့ ကျနော်တို့ကို အစည်းအဝေးတခါမှတော့ ခေါ်မတွေ့သေးဘူး။ သူများမြို့ တွေကတော့ ဘယ်လိုမျိုးတွေ့လဲဆိုရင် ဟဲဟိုးတို့ဘာတို့ တခြား ပြည်နယ်နဲ့တိုင်းမှာ ဆိုလို့ရှိရင် လေကြောင်းမှာဆိုလို့ရှိရင် လေကြောင်းမှာတာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းအသီးသီးတွေကို ခေါ်ပြီးတော့ ကျနော်တို့ ဒီရှေ့ဆက် ကိုဗစ်ကာလမှာ လေယာဉ်ဆင်းဘယ်လို အကောင်းဆုံးဖြစ်နိုင်မလဲ၊ ခရီးသည်တွေကို ကွာရန်တင်းဘယ်မှာထားမလဲ၊ ကျန်းမာရေးတွေကို ဘယ်လို စစ်ဆေးပေးမလဲ၊ လေဆိပ်ဝန်ထမ်းတွေကို တယောက်ချင်း test တွေကို ဘယ်လိုယူပေးမလဲဆိုတာ ကျနော်တို့တွေ့နေရတယ်ခင်ဗျာ။ ဒီနေ့ဆိုရင် MNA လေကြောင်းလိုင်းဆင်းတော့မယ်၊ ဆင်းတော့မယ့်အချိန်မှာကယားပြည်နယ်တာဝန်ရှိသူတွေက လောလောဆယ်ကြိုတင်ပြင်ဆင်မှုအားနည်းနေတယ်လို့ ကျနော်က ထင်တယ်။  ”

ဒါအပြင်  ပြည်နယ်အစိုးရရဲ့ ကန့်သတ်ချက်တချို့ကြောင့် ခရီးသည်တချို့အတွက် အခက်အခဲဖြစ်စေနိုင်ပြီး ခရီးသည်နည်းပါးမှု ကြုံတွေ့ရနိုင်တယ်လို့ လွိုင်ကော်မြို့ အမျိုးသားလေကြောင်းလိုင်း တာဝန်ရှိသူ ဦးအောင်မြင့်က ပြောပါတယ်။

 “ဘယ်လိုအခက်အခဲရှိလဲဆိုတော့ ဒီကဝင်ရင် ဟော်တယ်ကွာရန်တင်းထားရမှာက အခက်အခဲ တော်တော် များများရှိတယ်ဗျာ။ ဟိုတယ်ကွာရန်တင်းက ၇ ရက်ဆိုတော့ ကျနော်တို့ မနေ့က အစည်းအဝေးလုပ်တော့ တစ်ရက် ၅၀၀၀၀ ဆိုတော့ ၃ သိန်းခွဲလောက် ဖြစ်သွားပြီး အဲဒါအခက်အခဲရှိတယ်ဗျာ။ ”

လေယာဉ်နဲ့လာတဲ့သူတွေကို ဟိုတယ်ကွာရန်တင်းဝင်ရောက်ဖို့ဆွေးနွေးပြောဆိုမှုရှိနေမယ့် ဘယ်ဟိုတယ်မှာ ဘယ်လိုဝင်ရမယ်ဆိုတာ အတိအကျ သတ်မှတ်ထားတာ မရှိသေးပါဘူး။

ဒီကနေ့ ပြည်တွင်းလေကြောင်းလိုင်းစတင်ပြေးဆွဲတဲ့နေ့မှာပဲ ကယားပြည်နယ်ကနေ ရန်ကုန်ကိုထွက်ခွာတဲ့ ခရီးသည် ၇ ဦးရှိပြီး ရန်ကုန်ကနေ ကယားပြည်နယ်လာတဲ့ခရီးသည် ၃ ဦးရှိပါတယ်။

လွိုင်ကော်ကနေ ရန်ကုန်ကိုထွက်ခွာမယ့် မအိဆွေဇင်ဖြိုးက “ MNA က စီစဉ်ပေးတဲ့ သာသနာ့ဗိမာန် ကွာရန်တင်းစင်တာမှာ ခရီးသွားဖို့အတွက် ဆေးစစ်ချက်ပေါ့နော်။ လာပြီးစစ်ဆေးဖို့အတွက် သူတို့အကြောင်းကြားပေးတယ်။ ကျမတို့ အဲမှာ သွားစစ်တယ်။ စစ်တော့ negative ထွက်တဲ့အခါကျတော့ ခရီးသွားဖို့ စီစဉ်ပေးတယ်။ ”လို့ပြောပါတယ်။

ရန်ကုန်ကနေ လွိုင်ကိုလာတဲ့သူတွေကလည်း အလားတူဆေးစစ်ချက်ထောက်ခံစာယူပြီး ရောက်ရှိလာပြီဖြစ်ပေမယ့် သူတို့အတွက်ဟော်တယ်ကွာရန်တင်းဝင်ဖို့ အဆင်သင့်မဖြစ်သေးတဲ့အတွက် ရောက်ရှိလာတဲ့ အချိန်မှာ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း ( နတလ )ကွာရန်တင်း စင်တာကို ပို့ဆောင်ထားပါတယ်။

လွိုင်ကော်မြို့နယ် ဒုတိယ ဦးစီးမှူး ဦးနန်းဝင်းဦးကတော့ ဘယ်ကနေပဲလာလာ ကယားပြည်နယ်ကို ဝင်လာရင်တော့ ကွာရန်တင်းဝင်ရမှာဖြစ်တယ်လို့  ပြောပါတယ်။

  “ သူတို့အတွက်ဟော်တယ်ကွာရန်တင်းကတော့ ဒီနေ့နေ့လယ်မှာ သွားပြီးပြင်ရမှာပေါ့။ သူတို့ ရန်ကုန်ပဲလာလာ၊ မန္တလေးကနေပဲလာလာ ဘယ်ကပဲလာလာ ကျန်းမာရေးထောက်ခံချက်ပါရင်လည်း ကျနော်တို့ ကယားပြည်နယ်ကိုဝင်လာရင်တော့ ကွာရန်တင်းဝင်ရမယ်။ ဟော်တင်ကွာရန်တင်းမှာ မဝင်ချင်ဘူး ရန်ကုန်ပြန်ဆိုရင်တော့ ကျနော်တို့ဒီမှာထားထားတဲ့ ပညာရေးကောလိပ် ရန်ကုန်ဆောင်မှာပဲ သူတို့နေရမယ်။  ၁၄ ရက်နေရမယ်။”

Stay at Home သတ်မှတ်ထားတဲ့မြို့နယ်ကနေ ကယားပြည်နယ်ကို လေကြောင်းလိုင်းနဲ့ လာရောက်ပါက ကွာရန်တင်း ၁၄ ရက်ဝင်ရောက်ရမှာဖြစ်ပြီး၊ Stay at Home  မသတ်မှတ်တဲ့နေရာကလာရင်တော့ ကျန်းမာရေး ထောက်ခံချက်နဲ့ ကွာရန်တင်း ၇ ရက် ဝင်ရောက်ရမှာဖြစ်တယ်လို့ လွိုင်ကော်မြို့နယ် ကျန်းမာရေးမှူး ဒေါက်တာ ထွန်းနေဝင်းက ပြောပါတယ်။

“လေကြောင်းလိုင်းနဲ့လာရင် အလည်လာလာ၊ အလုပ်ကိစ္စလာလာ ကျနော်တို့ ကွာရန်တင်းဝင်ရပါမယ်။ ဟိုတယ်ကွာရန်တင်းကို အတတ်နိုင်ဆုံးစီစဉ်ထားပါတယ်။ အလည်လာတဲ့သူကတော့ ပိုက်ဆံလည်းတတ်နိုင်တယ်ဆိုတဲ့ လူတွေပဲများပါတယ်။ အလည်လာတဲ့သူတွေက ဟိုတယ်ကွာရန်တင်းပဲ နေကြမှာပါ။  ကုန်းလမ်းကနေလာလည်း stay at home သတ်မှတ်ထားတဲ့မြို့နယ်ထဲကလာရင် ထောက်ခံချက်တော့ ပါရမှာပေါ့။ မပါရင်တော့ ပြန်လွှတ်ရမယ်။ stay at home သတ်မှတ်ထားတဲ့မြို့နယ်ထဲကလာရင် ၁၄ ရက် ဝင်ရပါတယ်။ stay at home သတ်မှတ်မထားတဲ့မြို့နယ်ထဲကလာရင် ၇ ရက်ဝင်ရပါမယ်။ ”

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဒုတိယလှိုင်း ပြန်လည်ဖြစ်ပွားတဲ့ အချိန်ကာလအတွင်းမှာ ရောဂါဖြစ်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ဖို့ ပြည်တွင်းမှာ ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေပါ ရပ်နားထားခဲ့ပါတယ်။

ဒီကနေ့  ဒီဇင်ဘာလ ၁၆ နေ့မှာတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း လေကြောင်းလိုင်း ၆ လိုင်းကို ပြန်လည်ခွင့်ပြုလိုက်တာပါ။ 

ပြည်တွင်းပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေကတော့ မြန်မာအမျိုးသားလေကြောင်းလိုင်း၊ Air KBZ၊ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI)၊ အဲသံလွင်၊ မန်းရတနာပုံလေကြောင်းလိုင်း နဲ့ ရွှေမြန်မာလေကြောင်းလိုင်း တို့ပဲ ဖြစ်ပါတယ်။ 

လေယာဉ်စီးခရီးသည်တွေကတော့  ကျန်းမာရေးကောင်းမွန်ပြီး ၃ ရက်အတွင်း စစ်ထားတဲ့ ကိုဗစ်ကင်းစင်ကြောင်း ထောက်ခံစာပါရှိဖို့ လိုအပ်သလို၊ လေယာဉ်ပေါ် တက်တဲ့အချိန်မှာတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေအတိုင်း လုပ်ဆောင်ပြီး  လေကြောင်းလိုင်းတွေက စီးနင်းရမှာဖြစ်ပါတယ်။

ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်တွေကတော့ ရန်ကုန်-မန္တလေးကို အများဆုံး ပျံသန်းနေတာ ဖြစ်ပြီး စစ်တွေ၊ ဟဲဟိုး၊ မြစ်ကြီးနား၊ ကော့သောင်း စတဲ့ မြို့ပေါင်း ၁၇ မြို့လောက်ကို ပြေးဆွဲပျံသန်းနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013