DVB Logo
Home
မြန်မာသတင်း
ရှမ်းလက်နက်ကိုင်အဖွဲ့  ၂ ဖွဲ့အကြား တိုက်ပွဲမဖြစ်စေရန် ဆွေးနွေးနေ
DVB
·
December 16, 2020
ရှမ်းလက်နက်ကိုင်အဖွဲ့  ၂ ဖွဲ့အကြား တိုက်ပွဲမဖြစ်စေရန် ဆွေးနွေးနေ
Donate to DVB

ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့အကြားမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ မဖြစ်အောင် ဆွေးနွေးဆဲကာလဖြစ်‌တာကြောင့်  အမျိုးသားညီညွတ်ရေးကို ထိခိုက်စေမယ့် ဝေဖန်ပြစ်တင်မှုတွေ မလုပ်ကြဖို့   ရှမ်းပြည်သူလူထုကို  ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)က  မေတ္တာ ရပ်ခံလိုက်ပါတယ်။

ရှမ်းပြည်သူလူထုကို မေတ္တာရပ်ခံတဲ့စာတစောင်ကို SSPP/SSA အဖွဲ့ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းဆုက  ဒီဇင်ဘာ ၁၅ နေ့ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

“မိမိတို့နှစ်ဘက်ကြားထဲကပြဿနာကို ရေရေရာရာမသိကြတဲ့ ဆိုရှယ်မီဒီယာပေါ်က ပြည်သူတချို့ရဲ့ဝေဖန် ပြောဆိုမှုတွေဟာ SSA တပ်ဖွဲ့နှစ်ခုကို  ဝေဖန်တိုက်ခိုက်မှုတွေ‌ရှိခဲ့တာကြောင့်  နှစ်ဖက်အဖွဲ့အစည်းကြား ပဋိပက္ခဖြစ်စေခဲ့ပြီး၊ အခြေအနေကို ပိုရှုပ်‌ထွေးသွားစေနိုင်တယ်လို့ ဗိုလ်မှူးစိုင်းဆုက ပြောပါတယ်။

ဒီလို သွေးခွဲရေးသားမှုတွေဟာ အမျိုးသားညီညွတ်ရေးကို ထိခိုက်သလို သွေးစည်းညီညွတ်ရေးဆောင်ရွက်နေတာကို ထိခိုက်စေတဲ့အတွက် ယခုလို မေတ္တာရပ်ခံရတာဖြစ်တယ်လို့‌လည်း ပြောပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တပ်ဖွဲ့ဟာ  ဒီလထဲ ဆွေးနွေးထားတဲ့ သဘောတူညီချက်တချို့လည်းရထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်  SNLD ပါတီ၊ ဆင်ကျော့ပြည်သူ့စစ်တို့ပါဝင်တဲ့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC)၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာစောင့်ကြည့်လေ့လာရေးပူးတွဲကော်မတီ (JMC) တို့နဲ့လည်း ဆွေးနွေးထားတာရှိသလို ဖော်ပြပါအဖွဲ့အစည်းတွေအားလုံးနဲ့ ဆက်လက် ဆွေးနွေးဖို့ အစီအစဉ် ရှိနေပါတယ်။

"လက်ရှိမှာ နှစ်ဘက်လူကြီးတွေက စဉ်းစားချင့်ချိန်နေဆဲ ဆက်လက်တင်ပြ ညိနှိုင်းထားဆဲကာလမို့ မိဘပြည်သူတွေကို မတင်ပြနိုင်သေးတာကြောင့် ဝေဖန်ပြောဆိုဖို့ စောပါသေးတယ်" လို့ ဗိုလ်မှူးစိုင်းဆုက  ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်က ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ် မန်စံရွာအနီးမှာ တအာင်းလွတ်မြောက်ရေးတပ်ဖွဲ့ TNLA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ပါဝင်တဲ့ တပ်ဖွဲ့တွေဟာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။

ရှမ်းလူငယ်အဖွဲ့အစည်း ခေါင်းဆောင် စိုင်းဟန်ကတော့ "ကိုဗစ်ကာလမှာ  စားဝတ်နေရေးနဲ့ အလုပ်အကိုင် အဆင်မပြေတဲ့ကြားထဲ စစ်ဖြစ်နေတော့ ပြည်သူတွေက သေချင်စိတ်တောင်ပေါက်နေပြီ" လို့ပြောပါတယ်။

ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့အနေနဲ့  တဖွဲ့တည်းဖြစ်အောင်မလုပ်နိုင်ရင်တောင်မှ အောက်ခြေမှာ တိုက်ပွဲတွေမဖြစ်အောင် ဦးစားပေးထိန်းထားပေးသင့်တယ် လို့လည်းပြောပါတယ်။

ရှမ်ပြည်နယ်ထဲမှာ လက်ရှိ သေနတ်သံတွေငြိမ်နေပေမယ့် နမ္မတူမြို့နယ် မန်သံရွာမြောက်ကျောင်းမှာ ယာယီခိုလှုံနေတဲ့ စစ်ရှောင်ရွာသား ၂၀၀ လောက်ကတော့ နေရပ်မပြန်နိုင်သေးပါဘူး။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အဖွဲ့ဟာ အစိုးရနဲ့ အန်စီအေ အပစ်ရပ် လက်မှတ်ထားတဲ့ အဖွဲ့ဖြစ်ပြီး  ရှမ်းပြည်တိုးတက်ရေးပါတီ SSPP /SSA   အဖွဲ့ကတော့ အန်စီအေလက်မှတ် မထိုးရသေးပါဘူး။

SSA ရှမ်းတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့နှစ်ခုအကြားမှာတော့  ၂၀၁၉ ခုနှစ် မေလက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးထားခဲ့ပါတယ်။

သတင်း- နန်းစပယ်

ဓာတ်ပုံ ~ SSPP Info/Sai Hsai Leng/

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013