ကယားတွင် ကိုဗစ်-၁၉ လူနာသစ် ၁၀ ဦး ထပ်မံတွေ့ရှိ
နော်နိုရင်း
·
December 16, 2020

ကယားပြည်နယ်မှာ ဒီဇင်ဘာ ၁၅ ရက်က ကိုဗစ်-၁၉ လူနာသစ် ၁၀ ယောက် ထပ်မံစစ်ဆေး တွေ့ရှိပြီး အတည်ပြုလူနာ စုစုပေါင်း ၆၅ ယောက်အထိရှိလာပြီလို့ ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဌေးလွင်ကပြောပါတယ်။
ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ ဘောလခဲ၊ ဖရူဆိုနဲ့ မယ်စဲ့မြို့နယ် ကွာရန်တင်းစင်တာမှာ ကွာရန်တင်းဝင်ရောက်သူ ၃၀၅ ယောက်ရဲ့ ဓာတ်ခွဲနမူနာကို တောင်ကြီးပြည်သူကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနကို ပို့ဆောင်စစ်ခဲ့ရာမှာ ၉ ယောက် ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
အဆိုပါ ပိုးတွေ့ ၉ ယောက်ဟာ ဒီးမော့ဆို စိုက်ပျိုးရေးသိပ္ပံကျောင်းမှာ ကွာရန်တင်းဝင်ရောက်နေသူ ၈ ယောက်နဲ့ လွိုင်ကော် နတလမှာ ကွာရန်တင်းဝင်ရောက်သူ ၁ ယောက်တို့ဖြစ်ပါတယ်။ နောက်ထပ် positive လူနာသစ် ၁ ယောက်ကတော့ လွိုင်ကော်သစ်ဆိပ်ကားဝင်းက ကုန်တင်ယာဉ်မောင်း ဖြစ်ပါတယ်။
ဒီးမော့ဆိုပိုးတွေ့လူနာ ၈ ယောက်ဟာ ပဲခူးကနေ ကယားပြည်နယ်ကို အလုပ်လာလုပ်ကြမယ့် အလုပ်မားတွေဖြစ်ကြောင်း ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဌေးလွင်က ပြောပါတယ်။
“ ပဲခူးကလာတာပါ။ ဟိုတနေ့က ၁၇ ယောက်တွေ့တဲ့အဖွဲ့ကပဲ။ ဟိုတနေ့ကတော့ negative ပေါ့။ တောင်ကြီးကို ထပ်ပို့စစ်တော့ ၈ ယောက် positive ထပ်ထွက်တယ်။ ဒီကနေ့က မနက်က ၁ ယောက်ဆိုတာ့ အားလုံး ဒီနေ့တွေ့တာ ၁၀ယောက်။ ”
ဒီးမော့ဆို စိုက်ပျိုးရေးသိပ္ပံကျောင်းမျာ အသစ်တွေ့ရှိတဲ့လူနာ ၈ ယောက်ကို ဒီးမော့ဆို မြို့နယ်ဆေးရုံကို ပို့ဆောင်ကုသမှာဖြစ်ပြီး နတလကွာရင်တင်းစင်တာက ၁ ယောက်နဲ့ သစ်ဆိပ်ကားဝင်းက ယာဉ်မောင်းတို့ကတော့ လွိုင်ကော်ပြည်သူ့ဆေးရုံမှာ ကုသမှုခံယူနေပါတယ်။
ကယားပြည်နယ်မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၅ ယောက် အထိ ရှိလာပြီ လက်ရှိ ဆေးကုသမှုခံယူနေဆဲ ၃၉ ယောက်ရှိပါတယ်။