
စစ်အာဏာရှင် သမ္မတမင်းအောင်လှိုင်နဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့ ဇွန်လတုန်းက တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီးနောက် မြစ်ဆုံရေကာတာစီမံကိန်း ပြန်လည် အကောင်အထည်ဖော် ဖို့ လှုပ်ရှားမှုတွေ ခပ်စိပ်စပ်ပိုပြီး လုပ်လာပါတယ်။
ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအကြောင်း နည်းပညာဆိုင်ရာ သိသင့်တာတွေနဲ့ ဗဟုသုတ တွေကို ဒေသခံတွေ ပိုနားလည်အောင်ဆိုပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ စီမံကိန်း တာဝန်ရှိသူတွေက မြစ်ကြီးနားမြိုပေါ် ရပ်ကွက်တွေမှာ ခုလတ်တလော တွေ့ဆုံပွဲတွေ ပိုမို လုပ်ဆောင်လာကြတာပါ။
မြစ်ကြီးနားဒေသခံတယောက်က “ဒုတိယအကြိမ်ဆွေးနွေးပွဲဆိုပြီး မြစ်ကြီးနား မြို့ပေါ်ရပ်ကွက် တွေမှာ ပြန်စနေတာ။ စီတာပူ၊ ဒူကထောင်၊ လယ်ကုန်း၊ ကျွန်းပင်သာ၊ ရွှေစက်၊ အောင်နန်း၊ ပလန၊ မြို့မ၊ ကြက်ပေါင်ခြံ၊ ပမ္မတီး အဲဒီရပ်ကွက်တွေမှာ ၁၀ ကြိမ်ထက်မနည်း တွေ့ဆုံပွဲလုပ်ပြီးပြီ သိရတယ်။ သူတို့ကတော့ ပြည်သူတွေထောက်ခံတယ် ပြောကြတယ်။ သူတို့လုပ်တဲ့ ပွဲလေ ဘယ်သူက ကန့်ကွက်ရဲမလဲ။ တကယ်ကန့်ကွက်နေတဲ့ ပြည်သူတွေ အသံ သူတို့မှ နားမထောင်တာ။ ကန့်ကွက်မှာစိုးလို့ အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်ထားတာလေ။ အခုလည်း ဆွေးနွေးပွဲတွေ အတင်းလုပ်ပြီး မြစ်ဆုံကို ထောက်ခံတယ်ဆိုပြီး ပြောင်လိမ်ပြောင်စား လုပ်နေတာ မြင်နေတွေ့နေရတာပဲ။”
စစ်အာဏာရှင် မင်းအောင်လှိုင်နဲ့ သူခန့်ထားတဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့ ဇွန်လတုန်းက တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီးနောက် မြစ်ဆုံရေကာတာစီမံကိန်း ပြန်လည် အကောင်အထည်ဖော်ဖို့ စစ်အုပ်စုက လှုပ်ရှားမှုတွေ ပိုမိုမြင့်တက်လာတယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) ကလည်း ထုတ်ပြန်ထားပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ ဇွန်လတုန်းက ပေကျင်းကို သွားခဲ့တဲ့ သူ့ရဲ့တရုတ်ခရီးစဥ်မှာ မြစ်ဆုံစီမံကိန်း ပြန်စရေးကိစ္စကို တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဆွေးနွေးခဲ့တယ်လို့ နေပြည်တော်က လည်း ထုတ်ပြောထားပါတယ်။
မြစ်ဆုံရေကာတာစီမံကိန်းပြန်လည်ဖော်ဆောင်ဖိုကြိုးစားနေတဲ့အပေါ် ကန့်ကွက်တဲ့သူတွေကို ဖမ်းဆီးအရေးယူမယ်လို့ စစ်အာဏာရှင်ဘက်က ဥပဒေထုတ်ပြီး ခြိမ်းခြောက်ထားတာကြောင့် ဒေသခံတွေဟာ ဒီစီမံကိန်းကို လွတ်လပ်စွာ ကန့်ကွက်နိုင်ဖိုအတွက်လည်း လုံခြုံရေးစိုးရိမ်မှုတွေ ကြုံနေရပါတယ်။
ဒါပေမဲ့ ကချင်ပြည်သူတွေကတော့ ဖြစ်နိုင်တဲ့နည်းလမ်းတွေနဲ့ မြစ်ဆုံဆည် အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒထုတ်ဖော်မှုတွေကို ရတဲ့နည်းလမ်းနဲ့ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
မြစ်ဆုံစီမံကိန်းရပ်တန့်ပေးဖို့ ကနေဒါနဲ့ နယူးယောက်ပြည်နယ်ရောက် ကချင်လူငယ်တွေ တောင်းဆိုတဲ့ ကန့်ကွက်တဲ့လှုပ်ရှားမှုကို ဩဂုတ် ၉ ရက်က ပြုလုပ်ခဲ့ပါတယ်။
ဩဂုတ် ၈ ရက်မှာလည်း ဖားကန့်မှော်လှည့် သပိတ်အဖွဲ့နဲ့ ဖားကန့်ပြည်သူတွေက ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံ ၃၈ နှစ်ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်နဲ့အတူ မြစ်ဆုံဆည် စီမံကိန်း ဆန့်ကျင်ကန့်ကွက်တာကို လုပ်ခဲ့ကြပါတယ်။
ဖားကန့်မှော်လှည့် သပိတ်အဖွဲ့ဝင်တယောက်က “ကချင်ပြည်သူတွေသာမက မြန်မာတနိုင်ငံလုံးက ပြည်သူတွေအားလုံးကလည်း ဒါကို လုံးဝ လက်မခံပါဘူး။ လုံးဝဆန့်ကျင် ကန့်ကွက်ပါတယ်။ မြစ်ဆုံဆည်စီမံကိန်းကို ချက်ချင်းရပ်တန့်ပါလို့ မင်းအောင်လှိုင်ကိုရော တရုတ်ကွန်မြူနစ်ပါတီ အစိုးရကိုရော ကျနော်တို့ တောင်းဆိုတယ်။ မြစ်ဆုံဆည်စီမံကိန်း ပြန်လည်စတင်တဲ့ တရုတ်ကွန်မြူနစ်အစိုးရကိုလည်း မြန်မာတနိုင်ငံလုံးက ပြည်သူတွေရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေ ပိုများလာနိုင်တယ်။ မြစ်ဆုံစီမံကိန်းစတင်ရင် ပြည်တွင်းစစ်တွေ ပိုရှည်ကြာနိုင်တယ်။ တရုတ်-မြန်မာ ပြည်သူတွေရဲ့ ချစ်ကြည်ရင်းနှီးမှုကိုလည်း ထိခိုက်စေတယ်လို့ ကျနော်တို့ မြင်တယ်။ ဒါကြောင့် တရုတ်ကွန်မြူနစ်အစိုးရကိုလည်း မြစ်ဆုံဆည်စီမံကိန်း ပြန်လည်စတင်မဲ့အပေါ် ပြန်စဉ်းစား သုံးသပ်ပြီး ချက်ချင်းရပ်တန့်ပါလို့ ကျနော်တို့ တောင်းဆိုတယ်” လို့ ပြောပါတယ်။
တဖက်မှာလည်း စစ်အာဏာရှင်လက်အောက်ခံ ကချင်ပြည်နယ်အစိုးရအဖွဲနဲ့ မြစ်ဆုံစီမံကိန်း ဖြစ်မြောက်ရေးအဖွဲဝင်တွေက မြစ်ဆုံစီမံကိန်းပေါ် လူထုတွေရဲ့ သဘောတူညီမှုကို အတင်းအဓမ္မ ရယူတဲ့ လှုပ်ရှားမှုတွေ၊ စည်းရုံးရေးလုပ်ငန်းတွေကို ဆက်တိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ဆောက်လုပ်ဖို့ ၁၀ နှစ် လောက် ကြာမြင့်နိုင်ပေမဲ့ ၈ နှစ်အတွင်းအပြီးဆောက်လုပ်သွားဖို့ တရုတ်အစိုးရနဲ့ သဘောတူညီမှု ရရှိထားပြီဖြစ်တယ်လို့ ဦးခက်ထိန်နန်က အသိပေးပြောဆိုထားပါတယ်။
မြစ်ဆုံစီမံကိန်းဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြိုအနီး မလိခနဲ့ မေခမြစ်ဆုံရာဒေသမှာ အကောင်အထည်ဖော်ဖို့ စီစဉ်ထားတဲ့ တရုတ်ကျောထောက်နောက်ခံပြု ရေအားလျှပ်စစ် စီမံကိန်း တခုဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ ပြည်သူလူထု ကန့်ကွက်မှုတွေကြောင့် ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။
ကချင်ဒေသခံတယောက်က “ကျနော်တို့ ကန့်ကွက်နေတဲ့ မြစ်ဆုံဆည်ဆိုတာ ကချင်ပြည်သူတွေ အတွက်ပဲ မဟုတ်ဘူး။ ဧရာဝတီမြစ်က မြန်မာတနိုင်ငံလုံးနဲ့ သက်ဆိုင်တယ်။ မြစ်ဆုံ ဆည်ဆောက်ရင် ဧရာဝတီမြစ်ကို မှီခိုနေတဲ့ ပြည်သူတွေအားလုံး ဒုက္ခရောက်မှာပါ” လို့ ပြောပါတယ်။
လက်ရှိမှာတော့ စစ်အာဏာရှင်တပ်ကဦးဆောင်ကာ စီမံကိန်း ပြန်လည်စတင်နိုင်ရေးအတွက် လူထုတွေ့ဆုံပွဲတွေနဲ့ ရှင်းလင်းပွဲတွေ ဆက်တိုက် ပြုလုပ်နေပြီး ကချင်အရပ်ဘက်အဖွဲအစည်း ၄၉ ဖွဲ့ ကလည်း စီမံကိန်းကို အပြီးတိုင်ရပ်တန့်ပေးဖို ပြီးခဲ့တဲ့မေလအစောပိုင်းက ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုခဲ့ပါသေးတယ်။
ဒီစီမံကိန်းဟာ သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်တာ ဒေသခံရွှေ့ပြောင်းမှုတွေ ဖြစ်ပေါ်နိုင်တာနဲ့ ထုတ် လုပ်မဲ့လျှပ်စစ်အများစုကို တရုတ်နိုင်ငံကိုပို့မယ်ဆိုတဲ့အချက်တွေကြောင့် ပြင်းပြင်းထန်ထန်ကန့် ကွက်ခံခဲ့ရပြီး ၂၀၁၁ ခုနှစ်မှာ ယာယီရပ်ဆိုင်းထားခဲ့တာဖြစ်ပါတယ်။
ဟန်န











