
Stay at Home သတ်မှတ်မထားတဲ့ ဒေသကလူတွေ လေကြောင်းနဲ့ခရီးသွားမယ်ဆိုရင် ဘယ်နေရာကိုဖြစ်ဖြစ် ကွာရန်တင်းဝင်စရာမလိုဘဲ Stay at Home ဒေသကလူတွေကတော့ Non Stay at Home ဒေသကို သွားမယ်ဆိုရင် အနည်းဆုံး ၃ ရက် ကွာရန်တင်းဝင်ရမှာ ဖြစ်ပါတယ်။
မနက်ဖြန် ပြန်လည်စတင်မယ့် ပြည်တွင်းလေကြောင်းလိုင်းတွေ ပြေးဆွဲရာမှာ လိုက်နာရမယ့် အချက်တွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
လေယာဉ်လက်မှတ်ဝယ်ထားပြီးတဲ့နောက် ကျန်းမာရေးဌာနက အသိအမှတ်ပြုထားတဲ့ ပုဂ္ဂလိက ဒါမှမဟုတ် အစိုးရဆေးရုံ ဆေးခန်း ဓာတ်ခွဲခန်းတွေမှာ ကိုဗစ်-၁၉ စစ်ဆေးရမှာ ဖြစ်ပါတယ်။
ခရီးမထွက်ခွာခင် ၃၆ နာရီအတွင်း အမြန်စစ်ကိရိယာ (Test RDT Kit) နဲ့ စစ်ဆေးရမှာ ဖြစ်ပြီး ကျသင့်တာကိုပေးချေရမှာဖြစ်ပါတယ်။
Stay at Home ဒေသကလူတွေကတော့ Non Stay at Home ဒေသကိုရောက်ရင် Facility ကွာရန်တင်း ဒါမှမဟုတ် ဟိုတယ်ကွာရန်တင်းဝင်ရမှာဖြစ်ပြီး ဝင်ပြီး ၃ ရက်မြောက်နေ့မှာ RT-PCR စနစ်နဲ့ ဓာတ်ခွဲစစ်ဆေးရမှာဖြစ်ပါတယ်။
ပိုးမတွေ့မှ ကွာရန်တင်းက ထွက်ရမှာဖြစ်ပြီး အမြန်စစ်ကိရိယာ (Test RDT Kit) နဲ့စစ်ရတယ်ဆိုရင်တော့ ၇ ရက်မြောက်နေ့မှာ စစ်ဆေးပြီး ပိုးမတွေ့ အဖြေရမှ ကွာရန်တင်းက ထွက်ရမှာပါ။
Stay at Home ဒေသကလူတွေဟာ တခြား Stay at Home ဒေသကို သွားရင် ကွာရန်တင်းဝင်စရာမလိုသလို Non Stay at Home ဒေသကလူတွေကတော့ ဘယ်ကိုသွားသွား ကွာရန်တင်းဝင်စရာမလိုပါဘူး။
ရောဂါအတွက် ဓာတ်ခွဲ စစ်ဆေးတာအားလုံးကို ခရီးသည်ကပဲ ကျခံရမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပေမယ့် ဘယ်လောက်ကျသင့်မယ်၊ စစ်ဆေးနိုင်တဲ့ ပုဂ္ဂလိကဌာနတွေက ဘယ်ဟာတွေဆိုတာကိုလည်း မဖော်ပြထားပါဘူး။
ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာကတော့ အမြန်စစ်ကိရိယာ (Test RDT Kit)နဲ့ စစ်ဆေးခ ကျပ် ၁၀,၀၀၀ ၊ ဟိုတယ်ကွာရန်တင်း ၇ ရက် အတွက် မြန်မာနိုင်ငံသားတယောက် တရက်ကို ကျပ် ၅၀၀၀၀ ၊ နိုင်ငံခြားသားတယောက် ၇ ရက်စာအတွက် အမေရိကန်ဒေါ်လာ ၃၅၀ တိတိ ကျသင့်မယ်လို့ ဆိုပါတယ်။
Facility ကွာရန်တင်းဆိုရင်တော့ တရက်မှာ ကျပ် ၅၀၀၀ ကျမှာဖြစ်ပြီး လေဆိပ်ကနေ ခေါ်ဆောင်ပေးရမယ့် ကားခလည်း ပေးရမယ်လို့ ဆိုပါတယ်။
ပြီးတော့ အခု ပြန်ပြေးဆွဲမယ့် လေကြောင်းခရီးစဉ်တွေအနေနဲ့ လေယာဉ်ပေါ်မှာ မဖြစ်မနေလိုအပ်တဲ့ အခြေအနေကလွဲပြီး အစားအသောက်တွေ မကျွေးရဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။










