DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင်ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ရေး ဝိုင်းဝန်းကူညီရန် သမ္မတ မေတ္တာရပ်ခံ 
DVB
·
December 15, 2020
ရခိုင်တွင်ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ရေး ဝိုင်းဝန်းကူညီရန် သမ္မတ မေတ္တာရပ်ခံ 
Donate to DVB

ရခိုင်ပြည်နယ်မှာ လွတ်လပ်ပြီး တရားမျှတတဲ့  ရွေးကောက်ပွဲတွေ အမြန်ဆုံး ကျင်းပနိုင်တဲ့ အခြေအနေရောက်ရှိအောင် သက်ဆိုင်တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေ အားလုံးက  ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က မေတ္တာရပ်ခံလိုက်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၁၅ ရက်မှာ ကျရောက်တဲ့  (၄၆) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ သမ္မတက   မေတ္တာရပ်ခံ တိုက်တွန်းလိုက်တာပါ။ 

“လွတ်လပ်၍   တရားမျှတသည့်ရွေးကောက်ပွဲများ   ကျင်းပနိုင်သည့် လုံခြုံရေးအခြေအနေမရှိသဖြင့် ရွေးကောက်ပွဲရွှေ့ဆိုင်းခဲ့ရသော ရခိုင်ပြည်နယ် ရှိ နယ်မြေဒေသများ၊ ယင်းနယ်မြေဒေသများရှိ ပြည်သူများအားလုံးအတွက် လည်း အထူးပင်စိတ်မကောင်းဖြစ်ရပါသည်။ ယင်းနယ်မြေဒေသများ တည်ငြိမ် အေးချမ်းပြီး  လွတ်လပ်၍  တရားမျှတသည့်  ရွေးကောက်ပွဲများ  အမြန်ဆုံး ကျင်းပနိုင်သည့်အခြေအနေရောက်ရှိအောင်  သက်ဆိုင်သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအားလုံးက   ဝိုင်းဝန်းကူညီ    ဆောင်ရွက်ပေးကြရန်လည်း အထူးမေတ္တာရပ်ခံအပ်ပါသည်” လို့ သမ္မတက ပြောပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ  လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်တဲ့ အခြေအနေမရှိလို့ဆိုပြီး ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်အပါအဝင် မဲဆန္ဒနယ်တချို့မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်းမရှိပါဘူး။

ရက္ခိုင့်တပ်တော်( အေအေ) က ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိတဲ့ နယ်မြေတွေမှာ ကြားဖြတ်ရွေးကောက်ပွဲကို ဒီဇင်ဘာ ၃၁ ရက်နေ့မတိုင်မီ ကျင်းပနိုင်ဖို့  ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။ 

အေအေရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကြိုဆိုတဲ့အကြောင်းနဲ့ ရွေးကောက်ပွဲကျင်းပဖို့ ကျန်တဲ့နေရာတွေမှာ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ဖို့ အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း ထုတ်ပြန်ထား ပါတယ်။

နိုင်ငံသမ္မတကတော့ ရခိုင်ပြည်နယ် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး သာယာလှပတဲ့ ပြည်နယ် ဖြစ်လာစေရေးနဲ့ အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့မှာ ညီညွတ်တဲ့ စုပေါင်းအင်အားနဲ့ ဆက်လက်ကြိုးပမ်းဆောင်ရွက်ဖို့ သဝဏ်လွှာမှာ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အရင်ဆယ်စုနှစ်ပေါင်းများစွာ   အေးချမ်းတည်ငြိမ်ခဲ့တဲ့   ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေ တစ်ဖန်ဖြစ်ပွားနေတာ များစွာစိတ်မကောင်း ဖွယ်ရာ  ဖြစ်တယ်၊ လက်နက်ကိုင်ပဋိပက္ခကြောင့်   ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ နှောင့်နှေးရသလို  ဒေသခံပြည်သူတွေ စစ်ဘေးရှောင်များဖြစ်နေရတာ  များစွာဝမ်းနည်းဖွယ်ရာဖြစ်တယ်လို့ သမ္မတက ဆိုပါတယ်။

“ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းပေါ် လျှောက်လှမ်းနေသည့် မိမိတို့ နိုင်ငံတွင် တိုင်းရင်းသားအားလုံး မိမိတို့လိုလားချက်များကို ရွေးချယ်ခံ ကိုယ်စားလှယ်များမှတစ်ဆင့် လွှတ်တော်အသီးသီးတွင် တင်ပြတောင်းဆိုနိုင် သလို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ အစည်းအဝေး များတွင်လည်း တွေ့ဆုံဆွေးနွေး ညှိနှိုင်းနိုင်သည့် နိုင်ငံရေးလမ်းကြောင်းများ ဖွင့်ထားပြီးဖြစ်ပါသည်။   မိမိတို့   တိုင်းရင်းသားများ   အခွင့်အရေးအတွက် လက်နက်ကိုင်နည်းလမ်းဖြင့် တောင်းဆိုခြင်းသည် ဒေသခံပြည်သူများအား အထိခိုက်အနစ်နာဆုံးဖြစ်စေသည်ကို သက်ဆိုင်သူများအားလုံး သတိပြုသင့် ပါသည်။”လို့ သမ္မတက ပြောပါတယ်။

လက်ရှိအစိုးရလက်ထက် ရခိုင်ပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၅၅ ရာခိုင်နှုန်းကျော်မှာ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ကြပြီဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်မှု ချောမွေ့ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်လွန်ကတ္တရာလမ်း ၁ ဒသမ ၈ ကီလိုမီတာ၊ ကတ္တရာ ကွန်ကရစ်လမ်း  ၅ ဒသမ ၄ ကီလိုမီတာ၊  ကွန်ကရစ်လမ်း  ၁၅၈ ဒသမ ၃၅ ကီလိုမီတာ၊ ကတ္တရာလမ်း ၂၃၅ ဒသမ ၀၇ ကီလိုမီတာ၊ ကျောက်ချောလမ်း ၁၆၆ ဒမသ ၆၂ ကီလိုမီတာ၊ မြေသားလမ်းနှင့် အမာခံလမ်း ၁၇၇ ဒသမ ၁၀၉ ကီလိုမီတာ ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် ဒေသခံပြည်သူတွေ   သောက်သုံးရေဖူလုံရေးအတွက်   လျှိုပိတ်ဆည် ၁၅ ခုကို ငွေကျပ် သန်းပေါင်း ၅၆၇၁ ဒသမ ၀၀ သန်း အကုန်အကျခံ တည်ဆောက်ပေးခဲ့ပြီး ရေဘေးကာကွယ်ရေးနဲ့ စိုက်ပျိုးမြေ အတွင်း   ဒီရေဝင်ရောက်မှုမရှိစေရေးတို့အတွက်   တာပုံစံကျပြုပြင်ခြင်း လုပ်ငန်းပေါင်း ၉၇ ခုအား ကျပ်သန်းပေါင်း ၁၂၄၂၅ ဒသမ ၀၄၇ သန်း ကျခံဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်တွေခရိုင်၊ မောင်တောခရိုင်၊ မြောက်ဦးခရိုင်၊ ကျောက်ဖြူခရိုင်များရှိ တိုက်ပွဲရှောင်ပြည်သူတွေကို  ၁-၁၀-၂၀၁၉ မှ ၃၀-၉-၂၀၂၀ အထိ ဆန်၊ ဆီ၊ ပဲ၊ ဆား စသည့်ရိက္ခာတန်ဖိုး ငွေကျပ် ၃ ဒသမ ၇၃၉ ဘီလီယံ ကျော် ထောက်ပံ့ပေးခဲ့သလို    ပုဏ္ဏားကျွန်း၊   ကျောက်တော်၊   မြောက်ဦး၊   မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မြေပုံစသည့် မြို့နယ် ၇ ခု၌ ယာယီခိုလှုံရာစခန်း ၈ ခုကို ကျပ် ၂ ဒသမ ၀၃၇ ဘီလီယံ  အကုန်အကျခံ  တည်ဆောက်ပေးခဲ့ကာ အမ်းမြို့နယ်မှာ ယာယီခိုလှုံရာစခန်း ၁ ခုကို ကျပ် ၂၃၃ ဒသမ ၄၅၀ သန်း အကုန်အကျခံ တည်ဆောက် နေတယ်လို့ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေချိန်ကာလ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားအိမ်ထောင်စုတွေကို ပြည်ထောင်စုမှ အခြေခံစားသောက်ကုန် ပစ္စည်း ၅ မျိုးအပါအဝင် ငွေသားထောက်ပံ့ခြင်းအတွက် ငွေကျပ် ၃၃ ဘီလီယံကျော်နဲ့ ပြည်နယ်အစိုးရအဖွဲ့က ဆန်ရိက္ခာအပါအဝင် ငွေသားထောက်ပံ့ဖို့ ငွေကျပ် ၂ ဒသမ ၂၉ ဘီလီယံကျော် ပေးခဲ့တယ်လို့ သိရပါတယ်။

၁၉၇၄ ခုနှစ်၊   ဖွဲ့စည်းပုံအခြေခံဥပဒေအရ   တိုင်းနှင့်ပြည်နယ်တွေ  သတ်မှတ်ပြဋ္ဌာန်းရာမှာ ရခိုင်ပြည်နယ်ကို ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ဖို့ ဆန္ဒခံယူပွဲစတင်ကျင်းပခဲ့တဲ့  ဒီဇင်ဘာလ  ၁၅  ရက်နေ့ကို  ရခိုင်ပြည်နယ်နေ့အဖြစ်  သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ- သမ္မတရုံး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013