လူ့အခွင့်အရေးဆိုင်ရာ ကျူးလစ်ဆုကို ကယား မြေယာအရေးလှုပ်ရှားသူ စောအယ်စေးရရှိ
နော်နိုရင်း
·
December 14, 2020

နယ်သာလန်သံရုံးက ပေးအပ်ချီးမြှင့်တဲ့ ၂၀၂၀ လူ့အခွင့်အရေးဆိုင်ရာ ကျူးလစ်ဆုကို Kayah Earthrights Action Network (KEAN) အဖွဲ့ရဲ့ ညှိနှိုင်းရေးမှူး စောအယ်စေးက ဆွတ်ခူးရရှိပါတယ်။
စောအယ်စေးဟာ မြေယာရပိုင်ခွင့် အခွင့်အရေးကို ကာကွယ်တောင်းဆိုသူတဲ့ တက်ကြွလှုပ်ရှားသူ ဖြစ်သလို ငယ်ရွယ်ပြီး သတ္တိရှိတဲ့ စောအယ်ဆေးဟာ မြန်မာနိုင်ငံအတွင်း မြေယာအခွင့်အရေး လွတ်လပ်စွာရပိုင်ခွင့်နဲ့ ပတ်သက်ပြီး ပွင့်လင်းစွာ ပြောဆိုစည်းရုံးလှုံ့ဆော်နိုင်သူ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံရုံးက ထုတ်ပြန်ထားပါတယ်။
ဒါအပြင် သူနေထိုင်ရာ ကယားပြည်နယ် အတွက်သာမက မြန်မာနိုင်ငံတဝန်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးတွေအားလုံးရဲ့ မြေယာရပိုင်ခွင့်အခွင့်အရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဏမှ ပါဝင်ဆောင်ရွက်နေတယ်လို ဖော်ပြပါတယ်။
ဒီဆုရတဲ့အပေါ် စောအယ်စေးက “သူတို့အဓိက ရွေးချယ်တဲ့အကြောင်းအရာကတော့ ဗမာပြည်ရဲ့ မြေယာကဏ္ဍနဲ့သက်ဆိုင်ပြီးတော့ အဓိက ဖြစ်တယ်။ သူတို့ပြောတဲ့အထဲမှာကတော့ မြေယာကတော့ ဒီနိုင်ငံရဲ့ပြုပြင်ပြောင်းလဲမှု၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက အခြေခံကျတဲ့တခုဖြစ်တယ်။ ကျနော်တို့ကတော့ ကယား၊ ကရင်နီအဝန်းအဝိုင်းကပဲ အလုပ်လုပ်တယ်။ ဒါပေမဲ့ ကျနော်တို့ရဲ ဒီလုပ်ဆောင်မှုတွေက ဒီတနိုင်ငံလုံး ပြောင်းလဲမှုအတွက်ကို ဝေမျှတဲ့အတွက် သူတို့ ဒီပေါ်မှာ အသိအမှတ်ပြုတယ်။ အဓိကကတော့ ကျနော်နာမယ်ကို ရွေးပြီးမှပေးတယ်။ ဒါပေမဲ့ သူ့ရဲ့အနောက်မှာ အဓိပ္ပါယ်အများကြီးရှိတယ်။ အဓိက မြန်မာပြည်ရဲ့ အဓိက အရေးကြီးတဲ့ မြေယာကဏ္ဍပြုပြင်ပြောင်းလဲမှုအတွက် ပထမဆုံး ဒါအသိအမှတ်ပြုတာတခုဖြစ်တယ်။ ကျနော်တို့နိုင်ငံရဲ့ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေး ပြီးတော့ကျနော်တို့လက်ရှိသွားနေတဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စတွေပေါ်မှာ အဓိက ဒီနှစ်မှာ စပြီးတော့ highlight လုပ်တယ်။ ဆိုတော့ မီးမောင်းထိုးပြတဲ့အဆင့်တခုဖြစ်သလို ဒါအရမ်းအရေးကြီးတဲ့ issue တခုဖြစ်တယ်ဆိုတာ အဲလိုပဲ သုံးသပ်တာပေါ့။ ”လို့ ပြောပါတယ်။
ဒါ့အပြင် အခုလို ဆုရရှိတာဟာလည်း တစ်ဦးတယောက်အနေနဲ့ ရရှိတာမဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ အခြေခံလူထုကို အသိအမှတ်ခြင်းတခုဖြစ်တယ်လို့ ပြောပါတယ်။
“ကျနော်တို့ ဒီမြန်မာနိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်းကျော်သော အခြေခံလူထု လူတန်းစားတွေ၊ တောင်သူလယ်သမားတွေ ပြီးရင် ကျနော်တို့ ဆီမှာရှိတဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ မြေယာ ကဏ္ဍကို အသိအမှတ်ပြုခြင်းတခုဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူထုရဲ့လှုပ်ရှားမှုတွေဟာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီ ဒီပေါ် အသိအမှတ်ပြုမှုက အခုချိန်ထိ မရှိတဲ့ပေါ်မှာ ဒီဆုအားဖြင့် အသိအမှတ်ပြုခြင်းတခုဖြစ်တယ်လို့ အဲလိုခံယူတယ်။ ”
ဒီဆုအားဖြင့် သူ့နဲ့အတူ မြေယာအခွင့်အရေး၊ မြေယာရပိုင်ခွင့်အတွက် လှုပ်ရှားနေတဲ့သူအားလုံး ကိုလည်း ခွန်အားဖြစ်စေတဲ့အရာတခုဖြစ်စေသလို ရှေ့ဆက်လုပ်ဆောင်စရာတွေအတွက် ဆက်လက်လုပ်ဆောင်ဖို့ တာဝန်ပေးအပ်သလို ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဆုအနေနဲ့ ဆုတံဆိပ်တခုနဲ့ ချီးမြှင့်ငွေအနည်းငယ်ရရှိမှာဖြစ်ပေမယ့် ကိုဗစ်ကာလ သွားလာခွင့် ကန့်သတ်မှုကြောင့် ဆုကို အွန်လိုင်းကနေ လက်ခံရရှိထားကြောင်းလည်း စောအယ်စေးက ပြောပါတယ်။
၂၀၁၉ ခုနှစ်အတွက် လူ့အခွင့်အရေးဆိုင်ရာ ကျူးလစ်ဆုကို ကိုသက်ဆွေ၀င်းနဲ့ အမျိုးသမီးများအဖွဲ့ ချုပ်(မြန်မာနိုင်ငံ) WLB တို့က ရရှိခဲ့ပါတယ်။