DVB Logo
Home
မေးမြန်းခန်း
ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာ ကင်တားနားနှင့် တွေ့ဆုံမေးမြန်းချက်
DVB
·
August 24, 2013
ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာ ကင်တားနားနှင့် တွေ့ဆုံမေးမြန်းချက်
Donate to DVB

လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာဖို့ မြန်မာနိုင်ငံကို ၁၁ ရက်ကြာ သွားရောက်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်အိုဟေး ကင်တားနားကို ခရီးစဉ်အတွင်း တွေ့ကြုံရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံ မေးမြန်းထားပါတယ်။

မစ္စတာ ကင်တားနားအနေနဲ့ မွတ်စလင်တွေအပေါ်မှာ ဘက်လိုက်တယ်ဆိုပြီးတော့ ရခိုင်ပြည်နယ်နဲ့ မိထ္တိလာဒေသတွေမှာ ဆန္ဒပြမှုတွေ တွေ့ကြုံခဲ့ရတယ်လေ။ အဲဒီအပေါ်မှာ ဘာများပြောချင်ပါသလဲ ။

[caption id="attachment_42886" align="alignright" width="300" caption="မစ္စတာ ကင်တားနားကို ဒီဗွီဘီသတင်းထောက် ခင်မင်းဇော် တွေ့ဆုံမေးမြန်းစဉ်"][/caption]

“ကျနော်ကို ကမ္ဘာ့ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကောင်စီကနေပြီး တာဝန်ပေးအပ်ခဲ့ပါတယ်။ မြန်မာပြည်ထဲက လူ့အဖွဲ့အစည်းအားလုံးအတွက် လူအခွင့်အရေးကိစ္စတွေ လုပ်ဖို့ပါ။ ကျနော် စတင် တာဝန်ပေးခံခဲ့ရတာကတော့ ၂၀၀၈ ခုနှစ် ဖြစ်ပြီး အခုထိ ကျနော့်အလုပ်တွေ မပြီးသေးပါဘူး။ လုပ်နေဆဲပါ။ ကျနော့်ရဲ့ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာ မှတ်တမ်းတွေကိုလည်း ဖတ်ရမှာပါ။ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တွေကို ကျနော်သွားပြီး လူ့အဖွဲ့အစည်းတွေအကြား ပြဿနာတွေကို လေ့လာ မှတ်တမ်းပြုခဲ့ပါတယ်။ ရခိုင်ပြည်ထဲက ပဋိပက္ခတွေနဲ့ မြန်မာပြည်က အားလုံးသော လူ့အဖွဲ့ အစည်းတွေကြား ပြဿနာတွေကို ကျနော် အစီရင်ခံစာ ထုတ်ခဲ့ပါတယ်။”

မိတ္ထိလာ ခရီးစဉ်မှာတုန်းက မစ္စတာ ကင်တားနားရဲ့ ယာဉ်တန်း တိုက်ခိုက်မှုတွေ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီအချိန်တုန်းက မစ္စတာကင်တားနားရဲ့ ခံစားချက် ဘယ်လိုတွေ့ကြုံရသလဲဆိုတာ ပြောပြပေးပါ။ အဲဒီဒေသက ရဲတပ်ဖွဲ့တွေနဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးတွေကရော ဘယ်လိုပြုမှုဆောင်ရွက်လဲ၊ ဘယ်လိုအကြောင်းပြန်ချက်တွေ ရှိသလဲဆိုတာ သိပါရစေ။

“ကျနော် ရှင်းပြပါမယ်။ လူ ၂၀၀ ပါ။ ကျနော့်ကား တံခါးကို ခေါက်ပါတယ်။ ကန်ပါတယ်။ ၀ိုင်းပြီးတော့လည်း အော်ကြပါတယ်။ ဒီအချိန်မှာ ကျနော်ဟာ ကားထဲမှာ ရှိနေပါတယ်။ ကျနော် အပြင်ကို မထွက်နိုင်ခဲ့ပါ။ ကျနော် တော်တော့်ကို ကြောက်သွားခဲ့ပါတယ်။ တကယ်ကို စိုးရိမ်ခဲ့ပါတယ်။ တကယ်ပါပဲ။
“နောက်ထပ် ထပ်ပြီး ရှင်းပြလိုတာကတော့။ အနားမှာ ရဲတပ်ဖွဲ့ဝင်တွေကို တွေ့ပါတယ်။ ကားနားမှာပါ။ လူအုပ်တွေ နားမှာပါ။ လူ ၂၀၀ ကျော် ကျနော့်ကားကို ၀ိုင်းထားချိန်မှာ ရဲတွေက ရပ်လျက် အနီးမှာ ရှိခဲ့တာပါ။ ကျနော် ဒီလို အဖြစ်အပျက်အပေါ် မြန်မာပြည် ရဲတပ်ဖွဲ့ အကြီးအကဲနဲ့လည်း ဆွေးနွေးခဲ့ပါတယ်။ အဓိက ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာကို ပြောခဲ့ပါတယ်။ ကျနော့်လုံခြုံရေး ကိစ္စကိုလည်း ဆွေးနွေးခဲ့ပါတယ်။ ရန်ကုန်လေဆိပ်မှာ သတင်းစာရှင်းပွဲလုပ်ရတဲ့ အကြောင်းလည်း ပါတယ်ပေါ့။ အဓိက ရဲတပ်ဖွဲ့ အကြီးအကဲနဲ့ ပြောတာကတော့ ကျနော့်လုံခြုံရေး တာဝန်ယူဖို့ကိစ္စပဲ ဖြစ်ပါတယ်။ သူကလည်း ကျနော့်ကို ပြန်လှန်ဆွေးနွေးခဲ့ပါတယ်။"

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ပညာရှင်တွေကတော့ ဒီအပတ်အတွင်း သတိပေးပြောဆိုတာကတော့ မြန်မာနိုင်ငံ အတွင်းမှာဆိုလို့ရှိရင် အဆိုးရွားဆုံး လူမျိုးတုံးသတ်ဖြတ်မှုတွေ ကြုံတွေ့နေရတယ်လို့ ပြောဆိုခဲ့ကြပါတယ်။ အဲဒီအခြေအနေတွေဟာ တကယ် ဖြစ်ပေါ်နေပြီလား။ ဒီအခြေအနေတွေကို ထိန်းသိမ်းနိုင်ဖို့ပေါ့နော်။ လူထုထဲမှာ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ပြီးတော့ အသိပေးတာ၊ အုပ်ချုပ်ရေး ဆိုင်ရာတွေကရော ဘယ်လိုလုပ်ငန်းတွေ လုပ်ဆောင်သင့်တယ်လို့ မစ္စတာ ကင်တားနား အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

“ဒီမေးခွန်းကို ပြောရမယ်ဆိုရင် တော်တော်လည်း တာဝန်ကြီးပါတယ်။ မေးခွန်းကလည်း ရှည်ပါတယ်။ ရှည်ရှည်လျားလျားလည်း ဖြေရမယ့်သဘောပါ။ ပထမဆုံး ပြောချင်တာကတော့ ပြီးခဲ့တဲ့နှစ်က ပဋိပက္ခတွေ ဖြစ်ခဲ့ပါတယ်။ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာတွေ ကြားမှာပေါ့နော်။ အခုတော့ အဲလိုဖြစ်ခဲ့တဲ့ ကျနော် ရခိုင်ကို သွားခဲ့တယ်။ မွတ်စလင် အုပ်စုတွေနဲ့ တွေ့ခဲ့တယ်။ မနှစ်က ပြဿနာတွေ ဖြစ်နေချိန်မှာပါ။ ဘူးသီးတောင် ထောင်ကိုလည်း သွားခဲ့ပါတယ်။ ကျနော်တွေ့ခဲ့တာတွေက ရာနဲ့ ချီတဲ့ မွတ်စလင်တွေ စနစ်တကျ ညှဉ်းပန်းခံခဲ့ရတာပါ။ ဒီကိစ္စကို အစိုးရက စုံစမ်း စစ်ဆေးဖို့ တောင်းဆိုပါတယ်။ ဒီအမှုကိစ္စတွေမှာ မှန်မှန်ကန်ကန် ရှိစေဖို့ တာဝန်ရှိသူတွေက ကူညီစေချင်ပါတယ်။

“စစ်တွေက ဘုန်းတော်ကြီးကျောင်းတွေကိုလည်း ကျနော်ရောက်ခဲ့ပါတယ်။ ဆရာတော်တွေနဲ့ အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးချက်တွေ ရခဲ့ပါတယ်။ စစ်တွေက မွတ်စလင်ရပ်ကွက်တွေကိုလည်း ရောက်ခဲ့ပါတယ်။ မွတ်စလင် ခေါင်းဆောင်တွေနဲ့လည်း ဆွေးနွေးခဲ့ပါတယ်။ ဒီလို ဆွေးနွေးချက်တွေကနေ ရခဲ့တာကတော့ အစိုးရက တာဝန် အရှိဆုံးဖြစ်တယ် ဆိုတာပါပဲ။ ကျနော် အစိုးရကို ပြောချင်တာက  အစိုးရဆိုတာက ဗဟိုအစိုးရကိုရော ပြည်နယ် အစိုးရကိုရောပေါ့နော်။ ဗဟို အစိုးရနဲ့ ပြည်နယ် အစိုးရကြား ပူးပေါင်းဆောင်ရွက်မှု လုပ်စေချင်ပါတယ်။ အတူတွဲပြီး အဖြေတွေကို ရှာဖွေစေချင်ပါတယ်။ တချို့နေရာတွေမှာ ဗဟိုနဲ့ ပြည်နယ် အစိုးရကြား အဆက်ပြတ်နေတာမျိုးတွေ တွေ့ရပါတယ်။ ပေါ်လစီ မူဝါဒတွေဟာ ဗဟိုအစိုးရက လာနေပါတယ်။ ပြည်နယ်အဆင့် အစိုးရကတော့ အကောင်အထည်ဖော် လုပ်ကိုင်ရတာပါ။ ကျနော် သွားပြီး စုံစမ်း သိရှိသလောက်၊ နားလည်သလောက်ကတော့ အစိုးရဟာ တတိယ အဖွဲ့အစည်းတခုကနေ ပြဿနာကို ဖြေရှင်းစေချင်နေပါတယ်။ ကျနော် ဘ၀င်မကျတာကတော့ ခွဲခြားဆက်ဆံရေး ပေါ်လီစီနဲ့ လူ့အဖွဲ့အစည်းတွေကို ခွဲထားတဲ့ကိစ္စပါ။  ဒီအစီအစဉ်ဟာ ဒီပေါ်လစီဟာ မွတ်စလင် အုပ်စုတွေကို ပိုပြီး သက်ရောက်စေပါတယ်။ သူတို့ဟာ လွတ်လပ်စွာ လှုပ်ရှား လုပ်ဆောင်လို့ မရပါ။ သူတို့ဟာ သူတို့ နေရာတွေကနေ သွားလာထွက်ခွာခွင့် မရကြပါဘူး။ သူတို့ဟာ သူတို့အတွက် ထားတဲ့ အရေးပေါ်နေရာတွေမှာ နေရဆဲပါ။ ကျနော် အစိုးရကို ပြောချင်တာကတော့ ခွဲခြားထားတဲ့ ပေါ်လစီကို ပြန်ကြည့်ဖို့ပါ။”

ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက်ညတုန်းက သတင်းစာရှင်းလင်းပွဲမှာတုန်းက မြန်မာနိုင်ငံမှာ တွေ့ကြုံခဲ့ရတဲ့ မစ္စတာ ကင်တားနားရဲ့ အတွေ့အကြုံအရ အခုအချိန်မှာ  အမျိုးသား ပြန်လည်သင့်မြတ်ရေးဟာ အရေးအကြီးဆုံးလို့ ပြောကြားခဲ့တယ်။ အဲဒီတော့ ဒီမစ္စတာ ကင်တားနား ကိုယ်တိုင် သွားခဲ့တဲ့ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ် ခရီးစဉ်တွေ အတွင်းမှာ ဘယ်လိုအတွေ့အကြုံတွေ ရရှိခဲ့သလဲ။

“ကျနော် ထင်တယ်။ အခု မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြုပြင်ပြောင်းလဲရေးမှာ အရေးအကြီးဆုံး အချက်ကတော့ အစိုးရနဲ့ တိုင်းရင်းသား အုပ်စုတွေကြား ပြန်လည်ရင်ကြားစေ့ရေး ပြဿနာပါပဲ။ သမိုင်းနဲ့ချီတဲ့ ပြဿနာတွေလည်း တိုင်းရင်းသားနယ်မြေတွေမှာ ရှိပါတယ်။ တိုင်းရင်းသား ပြည်သူတွေရဲ့ ပြဿနာတွေကလည်း အများကြီးပါ။ ဒါဟာ ပြဿနာပဲ။ အစိုးရက ဒါတွေကို ဖေါ်ပြရမယ်။ အဖြေရှာရပါမယ်။ ကာကွယ်ပေးရပါမယ်။ လိုအပ်တာတွေ တကယ်လုပ်ပေးရမှာပါ။

“ကျနော် အပစ်အခတ် ရပ်စဲရေး ငြိမ်းချမ်းရေး သဘောတူညီချက်တွေ အားလုံးကို ကြိုဆိုတယ်။ အစိုးရကလည်း ရအောင်လုပ်ခဲ့တယ်။ တခု သတိပေးချင်တာက အပစ်အခတ် ရပ်တာဟာ အထက် အစိုးရနဲ့တော့ ဟုတ်ပါတယ်။ ဒါပေမယ့် အောက်ခြေမှာလည်း ဒီလိုမျိုး သေသေချာချာ ဖြစ်စေချင်ပါတယ်။ တိုင်းရင်းဒေသက ခံစားခဲ့ရတဲ့ အောက်ခြေ ပြည်သူတွေကိုလည်း ဒီလို ငြိမ်းချမ်းရေးဖြစ်စဉ်တွေထဲ ပါဝင်ခိုင်းစေချင်ပါတယ်။ ဒီလို ငြိမ်းချမ်း ဖြစ်စဉ်တွေဟာ အနာဂတ်မှာ ပိုကောင်းမွန်စေတယ်ဆိုတာ အောက်ခြေလူတွေ သိသင့်ပါတယ်။ နားလည်သင့်ပါတယ်။ ကျနော် မြင်တွေ့ချင်တာက တိုင်းရင်းသား အမျိုးသမီးတွေ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေမှာ ပါဝင်ခွင့်ပါ။ ဒီလိုပါပဲ ဒုက္ခသည်တွေလည်း မြန်မာပြည်ကို ပြန်လာစေချင်ပါတယ်။ စစ်ပြေး ဒုက္ခသည်တွေလည်း အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ဖြစ်စဉ်တွေမှာ ပါစေချင်ပါတယ်။”

လက်ပန်းတောင်းကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ အကောင်အထည်ဖော်ဆောင်ရေး ကော်မတီနဲ့ မစ္စတာ ကင်တားနားနဲ့ တွေ့ဆုံခဲ့ရတဲ့ အခြေအနေလေးကိုလည်း ပြောပြပေးပါ။

“လက်ပန်းတောင်းတောင် စီမံကိန်း ကော်မတီနဲ့ ကျနော် ကောင်းကောင်း ဆွေးနွေးခဲ့ပါတယ်။ မြေလျော်ရေး ရဖို့ကိစ္စ ဆွေးနွေးခဲ့တယ်။  ဒါကို ဆက်လုပ်နေကြတယ်။ အစိုးရကလည်း လိုက်လျောတာတွေ ရှိခဲ့တယ်။ ရှိနေတယ်။ ဒါပေမယ့် ကျနော် စိတ်ပူနေတာက လက်ပန်းတောင်း ကြေးနီစီမံကိန်းအရေး လှုပ်ရှားသူတွေကို ဖမ်းထားတာပါ။ လက်ပန်းတောင်းအရေးနဲ့ပတ်သက်ပြီး ဖမ်ထားသူတွေကို လွတ်ပေးသင့်ပါတယ်။ သူတို့ကို ဖမ်းမထားသင့်တောပါဘူး။ အခုက ဒီမိုကရေစီ အသွင်ကူးပြောင်းကာလပါ။ လွတ်လပ်စွာ ဆန္ဒပြခွင့်တွေကို ခွင့်ပြုသင့်တဲ့ ကာလပါ။ ဖမ်းခံထားရတဲ့ ဆန္ဒပြသူတွေဟာ နစ်နာနေတဲ့ ပြည်သူတွေရဲ့ ရပိုင်ခွင့်အတွက် ဆောင်ရွက်ခဲ့ကြသူတွေမို့ ဖြစ်ပါတယ်။ ဒါဟာ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။

“ဆန္ဒပြတယ်ဆိုတာ မိတ်ဖြစ် ဆွေဖြစ်တော့ မဖြစ်နိုင်ပါဘူး။ အကြမ်းဖက်တာကို ကျနော် ပြောတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဆန္ဒပြတာကတော့ မိတ်ဖြစ်ဆွေဖြစ် လုပ်တာမဟုတ်ပါဘူး။ ဆန္ဒပြတယ်ဆိုတာ သဘောမတူဘူးဆိုတာ ပြောတာပါ။ ဒါဟာ လွတ်လပ်စွာ ထုတ်ဖော်ပြသတာပါ။ လွတ်လပ်စွာ ပြောဆိုခြင်းပါ။ ဒါဟာ ဒီမိုကရေစီ လူအဖွဲ့ အစည်းမှာ ရှိပါတယ်။”

နိုင်ငံရေး အကျဉ်းသားတွေကို မြန်မာနိုင်ငံအစိုးရက ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီးတော့ မစ္စတာ ကင်တားနားအနေနဲ့ ကျေနပ်မှု ရှိပါသလား၊ နိုင်ငံရေး အကျဉ်းသား အသံတွေ ဆက်ကြားနိုင်ဖို့ပေါ့နော် သေချာတဲ့ လှုပ်ရှားမှုတွေ ဆောင်ရွက်မှုတွေ လုပ်ထားဖို့ ဘယ်လိုလုပ်ဆောင်မှုမျိုးတွေ လိုအပ်ပါသလဲ။

“နိုင်ငံရေး အကျဉ်းသား ကော်မရှင် ကိစ္စ သမတ သိန်းစိန် ထုတ်ဖော်ခဲ့တာကို ကျနော် ကြိုဆိုပါတယ်။ နိုင်ငံရေး အကျဉ်းသား ကော်မတီနဲ့ အစိုးရ တွဲပြီး အလုပ်လုပ်နေတယ်လို့ ကျနော် သိရပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေရဲ့ နာမည်တွေ၊ နိုင်ငံရေး အကျဉ်းသား အရေအတွက်နဲ့ ဘယ်ထောင်တွေမှာ၊ ဘယ်ရဲဘက်တွေမှာ ထားတယ်ဆိုတာလည်း သိလာရပါတယ်။ သူတို့ကို လွတ်ပေးဖို့လည်း လွယ်ကူလာပါတယ်။ ဒါဟာ အလွန်အရေးကြီးပါတယ်။ နိုင်ငံရေး အကျဉ်းသားကော်မတီဟာ ကောင်းကောင်းတော့ အလုပ်မလုပ် နိုင်သေးဘူးပေါ့။ ဒါပေမယ့် စာရင်း အချက်အလက် ကောက်ခံမှုတွေကို ကောင်းကောင်း သုသေသန လုပ်ရမယ်။ နိုင်ငံရေး အကျဉ်းသား ဦးရေ စာရင်း ပေါ့နော်။ အထူးသဖြင့် စစ်တွေက နိုင်ငံရေး အကျဉ်းသား စာရင်းတွေကို ပြုစုစေချင်တယ်။ နိုင်ကျဉ်းတင်မဟုတ်ပဲ ဖမ်းဆီးထားသမျှကို စာရင်းလုပ်ရမယ်။ ကျနော့် ကိုယ်တွေ့ ဆိုရင် စစ်တွေထောင်မှာ ဒေါက်တာ ထွန်းအောင်ဟာ မွတ်စလင် ခေါင်းဆောင် တယောက်ပါ။ သူဟာ အကြောင်းပြချက် မဟုတ်ဘဲ အဖမ်း ခံထားရသူပါ။”

ဒီဒေသတွင်းမှာရှိတဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး လုံခြုံရေးတွေ ဘယ်လိုဆောင်ရွက်သင့်သလဲ ဆိုတာမျိုးတွေလည်း တောင်းဆိုခဲ့တာ ရှိပါသလား။ ဒီ ၁၉၈၂ မြန်မာနိုင်ငံသား ဖြစ်မှု ဥပဒေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုပြင်ဆင်ဆောင်ရွက်ရမလဲဆိုတဲ့ တောင်းဆိုချက်တွေရော လုပ်ခဲ့ပါသေးလား၊ ဟိုတလောက ကလေး ၂ ယောက်ယူရမယ်ဆိုတဲ့ ဥပဒေကို မဆောင်ရွက်တော့ဘူးဆိုတာ သေချာလား။

“ကလေး ၂ ယောက်ပဲ ယူရမယ်ဆိုတဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး အစိုးရ အာဏာပိုင်တွေကို ကျနော် အကြောင်းကြားခဲ့ပါတယ်။ လူသားချင်း စာနာမှု အမြင်နဲ့ ကြည့်သင့်တာကို ဖြစ်ပါတယ်။ အရင်ကတည်းက နစက အဖွဲ့တွေဟာ ရခိုင်ပြည်ထဲမှာ အနီးကပ် စောင့်ကြပ် ကြည့်ရှုနေခဲ့တာပါ။ သူတို့ကလေး ၂ ယောက်ပဲ ယူမယ့် ပေါ်လစီကို စမ်းသပ် လုပ်နေတာနဲ့ ပတ်သက်လို့ကတော့ ကျနော် ထင်ပါတယ်။ အစိုးရက ဒီလိုလုပ်နေတာဟာ ရခိုင်ပြည်ထဲက ပြဿနာတွေကို အဖြေရှာနိုင်မယ် မထင်ပါဘူး။ အဓိကကတော့ လူသားချင်းစာနာမှုကို အစိုးရဖွဲ့တွေကြားမှာ အာမခံထားဖို့ပါ။ အဲတော့ အစိုးရက ရခိုင်နယ်ထဲက ပြဿနာတွေ ပြေလည်ဖို့ကို ပြန်လည် သင့်မြတ်ရေးပဲ အဓိက ထားပြီး လုပ်သင့်ပါတယ်။ တခြား နည်းလမ်းတော့ မမြင်ပါဘူး။”

နောက်ဆုံးအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ကို တင်မယ့် လှုပ်ရှားမှု အဲဒါရော အခုဆိုလို့ရှိရင် ရပ်သွားပြီလား၊ ဆက်ပြီးတော့ လှုပ်ရှားဖို့ ရှိသေးလား။

“ဒီကိစ္စနဲ့ပတ်သက်လို့ ပြောချင်တာက ၈၈၈၈ ငွေရတု နှစ်ပတ်လည် အောက်မေ့ လွမ်းဆွတ် သတိရ ဂုဏ်ပြုပွဲကို အစိုးရက ခွင့်ပြုခဲ့ပါတယ်။ ဒါဟာ အတိတ်ကို မြန်မာတွေက မေ့မရတာကို ပြတာပါ။ သက်သေပြတာပါ။ ဘာကြောင့်လဲဆိုတော့ အတိတ်ကို ပြန်သုံးသပ်ရမယ်။ ကောင်းတဲ့ အနာဂတ်ကို တည်ဆောက်ဖို့ပါ။ ဒါက ကျနော် အတိအကျ ယုံထားတဲ့ ကိစ္စပါ။ စစ်အစိုးရ နအဖ ခေါင်းဆောင်တွေ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ကို စွဲထားတဲ့ ကော်မရှင် စုံစမ်းရေးကလည်း ဆက်ရှိနေဆဲပါ။ ဆက်ရှင်သန်နေတုန်းပါ။ အမှန်တရား ကော်မရှင်ပေါ့လေ။ တခြား ဟာတွေလည်း ဆက်ရှိမှာပါ။ အမှန်တရား ကော်မရှင်အပြင် မှန်ကန်တဲ့ ပြန်လည် ရင်ကြားစေ့ရေး ကော်မရှင်တွေလည်း ဖြစ်လာမှာပါ။ တခြား နည်းလမ်းတွေလည်း မောင်းနှင်မှု နည်းလမ်းတွေလည်း မြန်မာပြည်သူတွေက လုပ်ကောင်းလုပ်ကြမှာပါ။ ဒါဟာ အရေးကြီးပါတယ်။ ဘယ်လို အကူးအပြောင်းပဲ ဖြစ်ဖြစ် ဒီမိုကရေစီကို ဦးတည်မယ်ဆိုရင် အမှန်တရား၊ ပြန်လည် သင့်မြတ်ရေးနဲ့ ယုံကြည်စိတ်ချရမှု ကိစ္စတွေကတော့ ရှောင်လွဲလို့ မရပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013