ကမ်းတက်နည်းဗျူဟာသစ်များ တရုတ်စစ်တပ် စမ်းသပ်

တရုတ်စစ်တပ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဟာ ကမ်းရိုးတန်းစစ်ရေးလေ့ကျင့်မှု အတွင်း ထိုင်ဝမ်ကမ်းတက်နည်းဗျူဟာသစ်တွေကို စမ်းသပ်ခဲ့ပါတယ်။
တရုတ်စစ်ရေယာဉ်တွေဟာ ပင်လယ်အော်ထဲမှာ လှည့်လည်သွားလာရင်း အရှည် မီတာ ၈၀၀ (ပေ ၂,၆၀၀) လောက်ရှိတဲ့ ရေပေါ်တံတားတစင်းကို တည်ဆောက်လိုက်၊ ပြန်ဖြုတ်လိုက် လုပ်ဆောင် နေတာကို နိုဝင်ဘာ ၁ ရက်ကနေ ၁၆ ရက်အတွင်း ရိုက်ကူးထားတဲ့ ပုံရိပ်တွေမှာ တွေ့ရှိခဲ့ရပါတယ်။
ဒီလေ့ကျင့်မှုမှာ အရပ်ဘက်သုံး ရေယာဉ် ၈ စင်း ပါဝင်ခဲ့ပြီး အဲဒီထဲမှာ ကုန်တင်ဖောင် ၄ စင်း၊ တပိုင်းရေငုပ်နိုင်တဲ့ ရေယာဉ် ၂ စင်းနဲ့ စက်တပ်ရေယာဉ် ၂ စင်း ပါဝင်တယ်လို့ ပထဝီဝင်ဆိုင်ရာ အချက်အလက်ကုမ္ပဏီ ingeni SPACE ရဲ့ ခွဲခြမ်းစိတ်ဖြာမှုနဲ့ ခြေရာခံ အချက်အလက်တွေအရ သိရပါတယ်။
ဒါ့အပြင် ကမ်းတက်ရေယာဉ် ၄ စင်း၊ အထောက်အကူပြု ရေယာဉ်ငယ်တွေနဲ့ အနီးအနားမှာ တရုတ် ရေတပ် စစ်ရေယာဉ်တွေလည်း ပါဝင်ခဲ့ပါတယ်။
တံတားတည်ဆောက်ဖို့ အထူးထုတ်လုပ်ထားတဲ့ ပစ္စည်းကိရိယာတွေကို မတွေ့ရှိရပါဘူး။ ဒါကြောင့် တရုတ်စစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေမျိုးမှာ ကမ်းတက်ဖို့ လိုအပ်တဲ့ အခြေခံ အဆောက်အအုံတွေကို အလျဉ်းသင့်သလို ဖန်တီးနိုင်ဖို့အတွက် လက်ရှိ ရှိပြီးသား အရပ်ဘက် ရေကြောင်းအရင်းအမြစ်တွေကို အသုံးချတဲ့နေရာမှာ ကျွမ်းကျင်အောင် လေ့ကျင့်နေတာ ဖြစ်နိုင်တယ်လို့ ingeni SPACE က သုံးသပ်ပြောပါတယ်။
ထိုင်ဝမ်ကျွန်းမကြီးကနေ ၂၈၀ ကီလိုမီတာ (၁၇၅ မိုင်) သာ ကွာဝေးတဲ့ တာ့ချန် ပင်လယ်အော်မှာ ပြုလုပ်နေတဲ့ ဒီစစ်ရေးလေ့ကျင့်မှုဟာ နိုဝင်ဘာလ ၂၇ ရက် သောကြာနေ့အထိ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း လုံခြုံရေးဆိုင်ရာ အကြီးတန်းအရာရှိတယောက်က အတည်ပြု ပြောပါတယ်။
ဒီလေ့ကျင့်မှုဟာ ကျွန်းငယ်တွေကို လျင်လျင်မြန်မြန် သိမ်းပိုက်နိုင်ဖို့ လေ့ကျင့်ဖို့ ရည်ရွယ် ထားတာ ဖြစ်ပြီး၊ ဂျပန်ကနေ ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေအထိ သွယ်တန်းနေတဲ့ ပထမကျွန်းစုတန်း တလျှောက် ဖြစ်ပေါ်လာနိုင်တဲ့ အရေးပေါ်အခြေအနေတွေအတွက် အထူးဦးတည်လုပ်ဆောင်တာ ဖြစ်တယ်လို့ အဲဒီအရာရှိက ပြောပါတယ်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို တုံ့ပြန်ခြင်း မရှိပါဘူး။
ဒါပေမဲ့ ဒေသတွင်းမှာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ တရုတ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ သူတို့ရဲ့ လေ့ကျင့်မှုတွေဟာ "လုံးဝ တရားဝင်ပြီး ကျိုးကြောင်း ဆီလျော်မှု ရှိတယ်" လို့ နိုဝင်ဘာလ ၂၆ ရက်မှာ ပြောပါတယ်။
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကတော့ စစ်ရေးလေ့ကျင့်မှုတွေမှာ အရပ်ဘက်သုံး ရေယာဉ်တွေ အသုံးပြုတာအပါအဝင် တာ့ချန် ပင်လယ်အော်ထဲက တရုတ်စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို သတိပြုမိထားပြီး၊ ဒီကိစ္စက ထိုင်ဝမ်ရေလက်ကြား လုံခြုံရေးနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးအပေါ် ဘယ်လို သက်ရောက်မှု ရှိနိုင်မလဲဆိုတာကို ချိန်ဆသုံးသပ်နေတယ်လို့ ပြောပါတယ်။
ထိုင်ဝမ်အစိုးရက ပေကျင်းရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်ကြောင်း ပြောဆိုချက်တွေကို ပယ်ချ ထားပေမဲ့ တရုတ်နိုင်ငံကတော့ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို သူ့ရဲ့ ကိုယ်ပိုင် နယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။
ဒါ့အပြင် ထိုင်ဝမ်ကို သူ့ရဲ့ ထိန်းချုပ်မှုအောက် သွတ်သွင်းဖို့အတွက် စစ်အင်အားသုံးမဲ့ အစီအစဉ်ကို လည်း တရုတ်နိုင်ငံက ဘယ်တုန်းကမှ စွန့်လွှတ်ခဲ့ခြင်း မရှိပါဘူး။
Source:Reuters











