
ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ အန်အယ်လ်ဒီပါတီအနေနဲ့ အစိုးရသစ်ပြန်လည်ဖွဲ့စည်းဖို့အတွက် အလျင်စလိုဆောင်ရွက်မှာ မဟုတ်ဘူးလို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
ဒီဇင်ဘာ ၁၂ ရက်က နေပြည်တော်ရှိ အန်အယ်လ်ဒီပါတီရဲ့ဗဟိုဌာနချုပ်(ယာယီ)မှာ အထွေထွေရွေးကောက်ပွဲအပြီး ပထမဆုံး အကြိမ်အဖြစ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးကို ပြုလုပ်ခဲ့ပါတယ်။
ဒီအစည်းအဝေးအတွင်းမှာတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အမှုတွေအတွက် အဓိကထားဆွေးနွေးခဲ့တာဖြစ်ပြီး အစိုးရသစ်ဖွဲ့စည်းရေးအတွက်ကိုတော့ စဉ်းစားနေဆဲ ဖြစ်တယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
“စဥ်းစားနေတုန်းပါပဲ။ ဒါဟာ ကျနော်တို့ လွှတ်တော်ခေါ်မယ်။ လွှတ်တော်ခေါ်ပြီးတော့မှ အစိုးရဆိုတာ နောက်က ဖွဲ့ရတာပါ။ အဲ့ဒီတော့ ကျနော်တို့ အလျင်မလိုပါဘူး။ လိုအပ်သလို ပြင်ဆင်နိုင်အောင် အချိန်ပေးထားပါတယ်။”
၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့တဲ့ အန်အယ်လ်ဒီပါတီအနေနဲ့ လက်ရှိအချိန်မှာလည်း အစိုးရသစ်တစ်ရပ်ကို စိတ်ကြိုက်ဖွဲ့စည်းနိုင်ဖို့ အခွင့်အရေးရရှိထားတာပါ။ လာမယ့်အစိုးရသစ်မှာ ပါဝင်လာမယ့်သူတွေကို မူဝါဒ ၃ ခုအပေါ်အခြေခံပြီး စဉ်စားမယ်လို့ ဆိုပါတယ်။
ဒေါက်တာမျိုးညွန့်က “အဖွဲ့ချုပ်ရဲ့ မူဝါဒတွေကို လိုက်နာနိုင်မယ့်သူတွေလည်း ဖြစ်ရမယ်။ နောက်ပြီးရင် ပြည်သူက လက်ခံနိုင်မယ့်သူလည်း ဖြစ်ရမယ်။ နောက်တစ်ခုက သူကိုယ်တိုင်ကိုက အရည်အသွေးထက်မြက်တဲ့လူလည်း ဖြစ်ရမယ်။ ဒီအပေါ်ကိုမူတည်ပြီး စဉ်းစားမယ်လို့ ကျနော်တို့ ပြောထားပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရရှိခဲ့စဉ်တုန်းက အန်အယ်လ်ဒီပါတီအနေနဲ့ ပါတီဝင် မဟုတ်သူတွေကိုပါ ထည့်သွင်းဖွဲ့စည်းစေခဲ့ပြီး အခုလာမယ့် ၂၀၂၁ မှာ ပေါ်ထွက်လာမယ့် အစိုးရသစ်မှာတော့ အပြောင်းအလဲတွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။











