DVB Logo
Home
မြန်မာသတင်း
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နိုင်ငံတ၀န်း ရေကြီး
DVB
·
August 23, 2013
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နိုင်ငံတ၀န်း ရေကြီး
Donate to DVB

မိုးအဆက်မပြတ်ရွာသွန်းပြီး မြစ်ရေကြီးမှုကြောင့် ဩဂုတ် ၂၁ ရက်ကစပြီး ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း ပြည်နယ်တွေနဲ့ ပဲခူး၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်း ဒေသကြီးတွေမှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့မှာ သံလွင်မြစ်ရေတက်မှုကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေကြီးတဲ့အတွက် ကယ်ဆယ်ရေးစခန်းတွေ မနေ့ကစ ပြန်လည်ဖွင့်လှစ်ပြီး ကူညီနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

[caption id="attachment_42804" align="alignright" width="300" caption="လှိုင်းဘွဲ့မြို့ ရေကြီးနေစဉ် (ဓာတ်ပုံ -Nandakyawthusoe )"][/caption]

မွန်ပြည်နယ်မှာလည်း သထုံ၊ ဘီလင်းမြို့တွေမှာ ရေပြန်ကြီးနေတယ်လို့ သထုံမြို့ခံ  ဦးအောင်သက်ဦးက ပြောပါတယ်။

“သထုံမြို့နယ်မှာ ရေက မနေ့တုန်းကလောက်စပြီးတော့ အများကြီးတက်တာ မဟုတ်ဘူး။ ဒူးရင်းဆိပ်ကျေးရွာဘက်ဆိုရင် ဒုံသမိချောင်းလောက်ပဲ ရှိတာ။ ဒုံသမိချောင်းကလည်း ပြီးခဲ့တဲ့ တခေါက်ဖြစ်တာထက် နည်းပါတယ်။ မနေ့က စပြီးတက်လာတာပါ။ ဒီရက်ပိုင်း ဘီးလင်းမြို့နယ်မှာလည်း ကြီးတယ်။ မနေ့တုန်းက ကားလမ်းရေကျော်လို့ ကားလမ်းတော့ ခဏပိတ်လိုက်ရတယ်။ မနေ့မနက်ကပေါ့နော် ၂ နာရီထိုးလောက်ကစ ကားတွေ ခဏပိတ်ထားတယ်၊ အခုတော့ ပြန်ဖွင့်ပေးလိုက်ပြီ။”

ရခိုင်ပြည်နယ်မှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်-စစ်တွေ ကားလမ်းမကြီး ရေနစ်မြုပ်နေတယ်လို့ ပြန်ကြားရေး ၀က်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း ကားလမ်းတနေရာမှာ ၇ ပေအထိ နစ်မြုပ်ခဲ့တဲ့အတွက် ရန်ကုန်-စစ်တွေ ကားတွေ ဖြတ်လို့ မရသးဘဲ ရေကျချိန်ကို စောင့်ဆိုင်းနေရတယ်လို့ ဖော်ပြထားပါတယ်။ စစ်တွေမြို့ အနိမ့်ပိုင်းရပ်ကွက်တချို့လည်း ရေနစ်မြုပ်ခဲ့တယ်လို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ် မိုင်းပန်မြို့မှာလည်း မိုးများပြီး ချေင်းရေလျှံတဲ့အတွက် အနိမ့်ပိုင်းနေရာတချို့ ရေလျှံမှုဖြစ်ခဲ့တယ်လို့ မြို့ခံ ဦးစိုင်းအောင်ထွန်းက ပြောပါတယ်။

“ရေကြီးတယ်ဆိုတာက လမ်းပေါ်ရေကျော်တယ်၊ မိုင်းပန်နဲ့ လင်းခေး ကြားမှာရှိတဲ့ တံတားတခုနားမှာ ရေက ပေါင်ဝက်လောက် တက်သွားတာပေါ့။ မြို့ထဲမှာ ရေကြီးတာ ဘာညာ သိပ်မရှိပါဘူး။ အခုရေကျော်တာကတော့ ချောင်းရေကြီးတာပေါ့။ ချောင်းရေကြီးတယ်ဆိုတာလည်း မိုးကြီးလို့ပေါ့။ မိုးက အဆက်အပြတ်ရွာနေတော့ အဲဒီလိုဖြစ်နေတာ။”

ကျိုင်းတုံမြို့နယ်ထဲမှာ  ဩဂုတ် ၉ ရက်နေ့ည နဲ့ ၁၀ ရက်နေ့တွေက  နမ့်လပ်၊ နမ့်ခွန်၊ နမ့်ဖူး စတဲ့ ချောင်းတွေ ရေလျှံကျပြီး  အနီးနားက ကတ်ထိုက်နဲ့ ၀မ်ဆောင်းကျေးရွာ အုပ်စု ၂ ခုတည်းနဲ့ လယ်ယာစိုက်ပျိုးခင်းထဲတွေကို ရေ၀င်ပြီး နှုန်းတွေ ဖုံးနေတဲ့အတွက် လယ်ယာစိုက်ခင်းတွေ ပျက်စီးမယ့်အနေအထားဖြစ်နေပါတယ်။

လက်ရှိမှာလည်း မိုးဆက်တိုက်ရွာနေတဲ့အတွက် ရွံ့တွေ ထုတ်လို့ မရဖြစ်တဲ့အတွက် ကတ်ပုန်းကျေးရွာက အိမ်တွေ ၃၀ နီးပါး ပျက်စီးမယ့်အနေထားဖြစ်နေပြီး အဲဒီကျေးရွာအုပ်စု ၂ ခုက လယ်မြေ ထောင်ချီပျက်စီးကုန်တယ်လို့ ကျိုင်းတုံမြို့ခံ နန်းဝိုးဖတ်က ဒီဗွီဘီကို ပြောပါတယ်။

ဒီလိုမိုးရွာပြီး နုန်းတွေဖုံးတဲ့အတွက် အဲဒီကျေးရွာအုပ်စုနှစ်ခုက သောက်သုံးရေ အခက်အခဲဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

ပဲခူးတိုင်း ဒိုက်ဦးမြို့နဲ့ မဒေါက်မြို့တွေမှာလည်း ချောင်းရေကြီးပြီး ရပ်ကွက် တချို့ ရေကြီးမှု ဖြစ်ပွားနေပါတယ်။ ဒိုက်ဦးမြို့မှာ ကောလိယချောင်းရေလျှံမှုကြောင့် မြို့သစ်၊ အမှတ် ၁၊ ၂ ရပ်ကွက်တွေ ရေကြီးနေတယ်လို့ မြို့ခံ မသီတာက ပြောပါတယ်။

“၂ ရပ်ကွက်တို့၊ ၁ ရပ်ကွက်တို့ အဲဒီလိုမြို့သစ်တို့ အမှတ် ၇ ရပ်ကွက်တို့ပေါ့။ အဲဒီလိုမြို့သစ်ပိုင်းတွေမှာဆိုရင် ရေကြီးတယ်၊ အရမ်းကြီးတော့ မတက်သွားပါဘူး။ ချောင်းရေဆိုတော့ အနည်းအကျဉ်းလောက်ပဲ တက်သွားပါတယ်။”

ပဲခူးမြို့မှာလည်း ပဲခူးမြစ်ရေတက်မှုကြောင့် အနိမ့်ပိုင်းရပ်ကွက်တချို့ ရေတက်တာရှိပေမယ့် ကားလမ်းကို ရေကျော်တဲ့အထိ မရှိဘူးလို့လည်း မြို့ခံတွေက ပြောပါတယ်။
မိုးလေ၀သနဲ့ ဇလဗေဒ ဖော်ပြချက်အရ ဧရာဝတီဖြစ်ရေဟာ ဟင်္သတမြို့မှာ စိုးရိမ်ရေမှတ် အထက် ကျော်လွန်နေတယ်လို့ ဖော်ပြထားပါတယ်။ မြို့ခံတွေကတော့ မြို့ပေါ် ရေကြီးရေလျှံတဲ့အထိ မရှိသေးဘူးလို့ ပြောပါတယ်။

ရန်ကုန်မြို့မှာတော့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့ပေါ်နေရာတချို့မှာ ရေကြီးမှုဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013