DVB Logo
Home
မြန်မာသတင်း
လွှတ်တော်ကိုယ်စားလှယ် ရုပ်သိမ်းသည့် ဥပဒေကြမ်း ဆိုင်းငံ့ထားရန် ဆုံးဖြတ်
DVB
·
August 23, 2013
လွှတ်တော်ကိုယ်စားလှယ် ရုပ်သိမ်းသည့် ဥပဒေကြမ်း ဆိုင်းငံ့ထားရန် ဆုံးဖြတ်
Donate to DVB

လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆိုင်းငံ့ထားဖို့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ပြီးမှ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ရုပ်သိမ်းဖို့ ဥပဒေကြမ်းကို တင်သွင်းသင့်တယ်လို့ သုံသပ်ဆွေးနွေးခဲ့ကြပြီးတဲ့နောက် ဥပဒေကြမ်းကို ဆိုင်းထားဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ကြောင်း သီပေါမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။

“ဥပဒေကြမ်းကော်မတီက သူတို့ သဘောထားကို ဆိုင်းငံ့ထားချင်တယ်။ ဆိုင်းငံ့ထားချင်တဲ့အကြောင်းကလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်လည် ပြင်ဆင်ရေးသားဖို့ အဒီကော်မတီဖွဲ့ထားပြီးပြီ။ အဲဒီကော်မတီက လေ့လာသုံးသပ်တဲ့အခါမှာ ဒီအချက်ကိုလည်း  ပြင်သင့်တယ်လို့ ယူဆရင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြဋ္ဌာန်းချက်ကို ပြင်မယ်။ အဲဒီလို စဉ်းစားထားချက် ရှိတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြီးတော့မှ ဒီဥပဒေကို ပြဋ္ဌာန်းတာ ဆက်လုပ်မယ်လို့ သူတို့ရည်ရွယ်ပါတယ် ဆိုတဲ့အကြောင်း လွှတ်တော်ကို တင်ပြပြီးတော့ လွှတ်တော်ရဲ့ သဘောထား ဆုံးဖြတ်ချက်ကို ရယူတာ ဖြစ်ပါတယ်။”

လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်မှ ရုပ်သိမ်းဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၆ မှာ ပြဋ္ဌာန်းထားချက်အရ အနည်းဆုံး မဲဆနရှင် ၁ ရာခိုင်နှုန်းက တိုင်တန်းရင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စုံစမ်းစစ်ဆေးရမယ်၊ စွပ်စွဲချက်တွေ  မှန်ရင် ကော်မရှင်က ဥပဒေနဲ့အညီ ဆောင်ရွက်ရမယ်လို့ ဖော်ပြထားပါတယ်။

ဒီပုဒ်မမှာ ဖော်ပြထားတဲ့ ၁ ရာခိုင်နှုန်းဆိုတဲ့ ပမာဏရှိဖို့က ပါတီကောင်စီခေတ်မှာ မလွယ်ပေမယ့် အခုလို ဒီမိုကရေစီသွားနေတဲ့အချိန်မှာ ရဖို့လွယ်တယ်၊ နောက်ဆက်တွဲအနေနဲ့ တိုင်တန်းမှုတွေ အမြောက်အမြား ရှိလာနိုင်တယ်လို့ လွှတ်တော်ဥပဒေကြမ်းကော်မတီက သုံးသပ်ပါတယ်။

ကျောက်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ဥပဒေကြမ်းကို ဘာ့ကြောင့် ဆိုင်းထားသင့်တဲ့အကြောင်း သူ ဆွေးနွေးခဲ့တာကို အခုလို ပြောပါတယ်။

“ပြည်ထောင်စုလွှတ်တော်က ပြီးခဲ့တဲ့ နွေတုန်းကပဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို လေ့လာ သုံးသပ်ရေးအတွက် ကော်မတီတရပ်ဖွဲ့ဖို့ ဆိုပြီးတော့ အစီအစဉ်လုပ်လိုက်တယ်၊ ကော်မတီ ဖွဲ့ထားပြီပြီး။ ဖွဲ့ပြီးတဲ့ အခါ ဒီကော်မတီက ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၉၆ ပုဒ်မခွဲ ၁ မှာပါတဲ့ ပြဋ္ဌာန်းချက်တွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံအတွက်၊ အများပြည်သူအတွက် အကျိုးရှိရာ အကျိုးရှိကြောင်း၊ ဒီဥပဒေတရပ်ပြဋ္ဌာန်းတဲ့အခါ ဘဏ်ဌာငွေတွေချေး စသည့်ဖြစ် ဘယ်ဟာတွေကို ပိုပြီး စဉ်းစားပေးပေးနိုင်မလဲဆိုတဲ့အချက်တွေ ကျနော်တို့ စဉ်းစားစရာတွေ ပေါ်လာမယ့် အချိန်ကာလဖြစ်တဲ့အတွက်ကြောင့် ဒါတော့ စောင့်လိုက်ကြရအောင် ဆိုပြီးတော့ အဲဒီလို အချိန်ကာလတခုအဖြစ် စောင့်ဆိုင်းလိုက်တဲ့ သဘောပါ။ ပြင်တဲ့အချိန်မှာ ဘာမထူးရင်တော့ ဒီအတိုင်း ကျနော်တို့ ဆက်သွားမှာပေါ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေက တခုခု ပြင်ပေးလိုက်လို့ရှိရင်လည်း ပြင်ပေးလိုက်တဲ့အတိုင်းပေါ့။ ဥပဒေက ခဏခဏလုပ်နေရရင်၊ ပြောနေရရင်လည်း မကောင်းတာတဲ့ဟာလည်း ပါမယ်၊ ဥပဒေတခုကို လေးစားလိုက်နာဖို့ ဆိုတာ အဆင့်တွေ သိပ်များလွန်နေရင်လည်း လုပ်ရကိုင်ရတာ ခက်ပါတယ်။”

ကိုယ်စားလှယ်တာဝန်ရုပ်သိမ်းဖို့ ဥပဒေကြမ်းကို ဆိုင်းငံ့မထားဘဲ လွှတ်တော်တင်သင့်တယ်လို့ တပ်မတော်သားကိုယ်စားလှယ် ၄ ဦးက ၀င်ရောက်ဆွေးနွေးတယ်လို့လည်း သိရပါတယ်။

လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က လွှတ်တော်တင်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013