DVB Logo
Home
ကျန်းမာရေး
COVID ကာကွယ်ဆေး ထိုးနှံပြီးသူတွေ ဘယ်လို အကျိုးဆက်တွေ ခံစားကြရလဲ
DVB
·
December 12, 2020
COVID ကာကွယ်ဆေး ထိုးနှံပြီးသူတွေ ဘယ်လို အကျိုးဆက်တွေ ခံစားကြရလဲ
Donate to DVB

ကမ္ဘာ့ကပ်ဘေးတစ်ခုဖြစ်တဲ COVID-19 ရောဂါကို ကာကွယ်ပေးနိုင်တဲ့ ဆေးဝါးထိုးနှံမှုတွေကို ဗြိတိန်နိုင်ငံမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က စတင်လိုက်ပါတယ်။ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြတဲ့ ဒီအစီအစဉ်ဟာ အလုပ်ဖြစ်တယ်လို့ ဗြိတိန်အာဏာပိုင်တွေကတော့ ကြေညာထားပါတယ်။

ကာကွယ်ဆေးတွေဟာ ၂ ကြိမ်ထိုးနှံဖို့ လိုအပ်တာမို့ တကယ်ထိရောက်မှုရှိမရှိဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။ လတ်လောမှာတော့ ကာကွယ်ဆေးထိုးနှံမှုတွေမှာ ဘေးထွက်ဆိုးကျိုးတွေရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာမို့ တကယ်ဘေးထွက်ဆိုးကျိုးတွေ ရှိနေနိုင်တာလားဆိုတာကို လူတိုင်းက စိတ်ဝင်စားနေကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းက ပြုလုပ်ခဲ့တဲ့ အမေရိကန် ရောဂါထိမ်းချုပ်ရေးနှင့် ကွပ်ကွဲရေးဌာန (CDC) ရဲ့ အစည်းအဝေးမှာ ခုလိုမျိုးစတင်သတိပေးခဲ့တာဖြစ်ပါတယ်။

CDC က ဘယ်လိုသတိပေးခဲ့သလဲ


COVID-19 ရောဂါကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးတွေဟာ လူတွေကို ဘေးထွက်ဆိုးကျိုးတွေ ယူဆောင်လာနိုင်တယ်လို့ CDC က သူတို့ရဲ့ COVID-19 ကာကွယ်ဆေးဆိုင်ရာ အကြံပြု အစည်းအဝေးမှာ သတိပေးစကားဆိုလိုက်ခဲ့ပါတယ်။

ဒီကြေညာချက်က ဗြိတိန်မှာ ကာကွယ်ဆေးစတင်မထိုးနှံခင် တစ်ရက်မှာ ထွက်ပေါ်လာခဲ့တာပါ။ CDC ရဲ့ ကျွမ်းကျင်ပညာရှင်တွေက ကာကွယ်ဆေးဆိုင်ရာ အကြံပေးအစည်းအဝေးမှာ ခုလို သတိပေးစကားဆိုသွားခဲ့ကြသလို ခုချိန်အထိလည်း ဘယ်လို COVID-19 ကာကွယ်ဆေးမျိုးကိုမှ တရားဝင် အသိအမှတ်ပြုထားခြင်းမရှိသေးပါဘူး။

CDC ရဲ့ သတိပေးချက်တွေအရ ကာကွယ်ဆေးတွေရဲ့ ကိုယ်ခံအားစနစ်ကို တုန့်ပြန်အောင် နှိုးဆော်မှုတွေကြောင့် အောက်ပါ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်တယ်လို့ သိထားရပါတယ်။

ရောဂါကာကွယ်ဆေးတွေဟာ ရောဂါပိုးဝင်ရောက်မလာအောင် ကာကွယ်ဖို့အတွက် ကိုယ်ခံအားစနစ်ကို ပိုမိုအလုပ်များစေတာမို့ အအေးမိ၊ တုပ်ကွေး၊ ဖျားနာလို လက္ခဏာမျိုးတွေ ပေါ်ထွက်လာတာဖြစ်တယ်လို့ သူတို့က အကြံပြုသွားခဲ့တာ ဖြစ်ပါတယ်။

ကာကွယ်ဆေး ထိုးနှံပြီးသူတွေ ဘာတွေ ကြုံဆုံခဲ့ကြသလဲ


ဗြိတိန်မှာ အမှန်တကယ် ကာကွယ်ဆေးထိုးနှံခဲ့သူတွေကတော့ ကာကွယ်ဆေးထိုးနှံပြီးချိန်မှာ လက်မောင်းနာကျင်မှုဝေဒနာကိုခံစားရတယ်လို့ ဆိုကြပါတယ်။ ဆေးအရှိန်ကြောင့် လက်မောင်းမြှောက်လို့မရတာမျိုးတွေ ကြုံခဲ့ကြရပါတယ်။

ကာကွယ်ဆေးတွေရဲ့ ပထမအကြိမ်ထိုးနှံမှုဟာ ခန္ဓာကိုယ်အတွက်ဖြစ်ပြီး ရက်သတ္တပတ် တစ်ပတ်အကြာမှာ ထပ်မံထိုးနှံရမယ့် ဒုတိယအကြိမ် ထိုးနှံမှုကတော့ ကိုယ်ခံအားစနစ်ကို အရှိန်မြှင့်တင်ပေးဖို့ဖြစ်ပါတယ်။

ပထမအကြိမ် ထိုးနှံမှုမှာ ဘေးထွက်ဆိုးကျိုးနည်းပေမယ့် ဒုတိယအကြိမ်ထိုးနှံမှုမှာတော့ ဆေးဝါးထိုးနှံပြီးချိန်မှာ ဝေဒနာတစ်ချို့ခံစားရတယ်လို့ ဆေးဝါးစမ်းသပ်ရာမှာ ပါဝင်ကူညီခဲ့ကြဖူးသူတွေက ဝန်ခံထားပါတယ်။

Pfizer/BioNTech နဲ့ Moderna တို့ရဲ့ ကာကွယ်ဆေးစမ်းသပ်မှုတွေမှာ ပါဝင်ကူညီခဲ့ကြဖူးတဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ နောက်ပိုင်းပြောဆိုချက်တွေအရဆိုရင် ဒုတိယအကြိမ် ဆေးဝါးထိုးနှံမှုအပြီးမှာ ဝေဒနာတစ်ချို့ခံစားခဲ့ကြရပြီး သိပ်မပြင်းထန်တဲ့ အဖျားဝေဒနာခံစားရတာ၊ မောပန်းနွမ်းနယ်တာနဲ့ ချမ်းတုန်တာတွေ ကြုံကြရတယ်လို့ဆိုထားပါတယ်။ ဒီလက္ခဏာတွေက CDC က သတိပေးထားတဲ့ လက္ခဏာတွေနဲ့ ကိုက်ညီနေတဲ့ လက္ခဏာတွေဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဆိုပါအပျော့စားဝေဒနာတစ်ချို့ကလွဲပြီး ကြီးမားတဲ့ ဘေးထွက်ဆိုးကျိုးတွေတော့ ကြုံဆုံရတာမျိုးမရှိဘူးလို့ စေတနာ့ဝန်ထမ်းတွေက တညီတညွတ်တည်း ဆိုထားကြပါတယ်။

ဒါ့အပြင် ဗြိတိန်နိုင်ငံမှာ ပြုလုပ်နေတဲ့ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်မှာလည်း Pfizer ရဲ့ COVID-19 ကာကွယ်ဆေးဟာ အမှားအယွင်းအကျအပေါက်မရှိပဲ အဆင်ပြေပြေနဲ့ ထိုးနှံနိုင်နေတာမို့ အောင်မြင်မှုအရိပ်လက္ခဏာတွေသာ ဖုံးလွှမ်းလို့နေပါတယ်။

COVID-19 ကပ်ဘေးရဲ့ ဆိုးရွားလှတဲ့ ဒုက္ခဘေးတွေကြောင့် ဆေးဝါးထိုးနှံခြင်းခံခဲ့ရသူတွေဟာ သာမန်အပရိက ဘေးထွက်ဆိုးကျိုးအနည်းငယ်အပေါ် ငြီးငြူတွေဝေနေခြင်းမရှိကြတော့ပဲ ဝမ်းသာပျော်ရွှင်နေကြပါတယ်။

လက်ရှိအချိန်အထိ တစ်ကမ္ဘာလုံံးမှာ COVID-19 ရောဂါပိုး ကူးစက်ခံခဲ့ရသူပေါင်း ၆၇ သန်းကျော်ရှိထားပြီး ရောဂါကြောင့် သေဆုံးသွားသူပေါင်း ၁ သန်းခွဲကျော်အထိ ရှိနေတာမို့ ထိရောက်ပြီး အမှန်တကယ်ရောဂါကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးတွေအပေါ် လူတိုင်းက မျှော်လင့်ချက်ထားနေကြတာပါ။

သက်ရောက်မှုအနည်းငယ်ရှိနေမယ်ဆိုရင်တောင်မှ COVID-19 ကပ်ဘေးကို ကျော်လွန်နိုင်ဖို့ လူတိုင်းက ကာကွယ်ဆေးတွေကို အသုံးချဖို့ စိတ်ဆန္ဒပြင်းပြနေကြတာကတော့ အမှန်တရားပါပဲ။

ရေးသားသူ Ye Zon Aung

 


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013