DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ် ဒီမိုကရေစီပါတီ မှတ်ပုံတင်မည်
DVB
·
August 23, 2013
ကချင်ပြည်နယ် ဒီမိုကရေစီပါတီ မှတ်ပုံတင်မည်
Donate to DVB

လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ  ကချင်ပြည်နယ် ကိုယ်စားပြုပါတီ အနေနဲ့ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် ကချင်ပြည်နယ် ဒီမိုကရေစီပါတီကို မှတ်ပုံတင်တော့မှာ ဖြစ်ပါတယ်။

ဒေါက်တာတူးဂျာ ဦးဆောင်တဲ့ နိုင်ငံရေးရည်ရွယ်ချက်တူညီသူ လုပ်ဖော်ကိုင် ဘက်တစု ဦးဆောင်ပြီး ကချင်ပြည်နယ် ဒီမိုကရေစီပါတီကို ထူထောင်ဖို့ မှတ်ပုံတင်ရေး ပြင်ဆင် နေတာပါ။

ပါတီတည်ထောင်လိုသူ ၁၇ ဦးတို့ရဲ့ အမည်စာရင်းနဲ့အတူ ရှေ့အပတ်ထဲမှာ ရွေးကောက်ပွဲ ကော်မရှင်ဆီ တင်ပြသွားမယ်လို့ ပါတီခေါင်းဆောင် ဒေါက်တာတူးဂျာက ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_36497" align="alignright" width="300" caption="ဒေါက်တာတူးဂျာ"][/caption]

ပါတီ မူဝါဒနဲ့ ပတ်သက်ပြီး ဒေါက်တာ တူးဂျာက “အဓိကတော့ ကိုယ့်ရဲ့ဒေသ၊ ကိုယ့်ရဲ့ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ ကိုယ့်ရဲ့ပြည်နယ်သားများ လူမျိုးဘာသာမခွဲခြား ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး ကျန်းမာရေးပေါ့နော်။ ပြီးလို့ရှိရင်တော့ ပြည်ထောင်စု အကျိုးအတွက် ရည်စူးပြီး ဖွဲ့စည်းသွားမှာပါ။ အပြုသဘောဖော်ဆောင်တဲ့ ကျနော်တို့ စဉ်းစားပြီးတော့မှ ပါတီတရပ်ထူထောင်သွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဒီလမကုန်ခင် နေပြည်တော် သွားပြီးတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ သွားပြီးတင်ဖို့ စီစဉ်နေပါတယ်” လို့ ပြောပါတယ်။

အခု မှတ်ပုံတင်မယ့် ပါတီကို ကေအက်စ်ဒီပီ ကချင်ပြည်နယ် ဒီမိုကရေစီပါတီလို့ အမည် ပေးထားပြီး  ပါတီအလံ နဲ့ အမှတ်တံဆိပ်တွေကတော့ မှတ်ပုံတင်ကျပြီးမှ ပြောနိုင်မယ်လို့ ဆိုပါတယ်။

“ပြည်ထောင်စုအကျိုး ပြည်နယ် အကျိုးဒေသအကျိုးတွေကို သယ်ပိုးတဲ့အနေရာမှာ အထောက်အကူပြုသွားမယ်။ နောက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နောက်အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး တာတွေကို အားပေးသွားမယ်၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာလည်း အားပေးထောက်ခံသွားမယ်၊ နောက် ဒေသ ပညာရေး၊ ကျန်းမာရေး  မြင့်တင်ဖို့ ကိစ္စတွေကိုလည်း အားပေးထောက်ခံသွားမယ်၊ နောက် ဥပဒေ စိုးမိုးရေးနဲ့ မူးယစ်ဆေးဝါးနှိမ်နင်းပပျောက်ရေး ဒါတွေကို အားပေးထောက်ခံသွားဖို့ရှိပါတယ်။”

ဒေါက်တာတူးဂျာဟာ ၂၀၀၉ ခုနှစ်က ကချင်ပြည်နယ် တိုးတက်ရေးပါတီ (ကေအက်စ်ပီပီ) ကို ထူထောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ ကော်မရှင်ဆီ မှတ်ပုံတင်ခဲ့ပေမယ့် သူနဲ့ အဖွဲ့ဝင်တချို့ဟာ ကေအိုင်အိုကနေ နုတ်ထွက်လာတာလို့ဆိုပြီး မှတ်ပုံတင်ခွင့် မရခဲ့ပါဘူး။

ဒါပေမယ့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာတော့ တသီးပုဂ္ဂလလွှတ်တော်အမတ်အနေနဲ့ မိုးကောင်းမြို့နယ် မဲဆန္ဒနယ်မြေမှာ ရွေးချယ်ခံခွင့်ပြုခဲ့ပါတယ်။ အဲဒီဒေသမှာ သူ့ကို ထောက် ခံမယ့်သူ အမြောက်အမြားရှိပေမယ့် နယ်မြေလုံခြုံရေး အနေအထားအရ ရွေးကောက်ပွဲ မလုပ်ဖြစ်ခဲ့ပါဘူး။

ဒီကနေ့ လက်ရှိအနေအထားမှာတော့ အစိုးရလည်းပြောင်း၊ ခေတ်ပြောင်း စနစ် ပြောင်းကာလကို ရောက်ခဲ့ပြီး သူ့အနေနဲ့ တသီးပုဂ္ဂလအမတ်အဖြစ်က နုတ်ထွက်ခဲ့ပြီးဖြစ်သလို သူတို့ပါတီကလည်း ဘယ်အဖွဲ့အစည်းနဲ့မှ ပတ်သက်ခြင်းမရှိဘဲ အစိုးရသတ်မှတ်ထားတဲ့ မူဘောင်ထဲကနေ ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် ပါတီထူထောင်ခွင့်ရမယ်လို့ မျှော်လင့်ကြောင်း  ဒေါက်တာတူးဂျာက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013