DVB Logo
Home
အာရှဒေသ
ဖေ့စ်ဘွတ်ခ်တင် ဓာတ်ပုံကြောင့် မလေးစုံတွဲကို နိုင်ငံတော် အကြည်ညိုပျက်မှုဖြင့် တရားစွဲ
DVB
·
August 23, 2013
ဖေ့စ်ဘွတ်ခ်တင် ဓာတ်ပုံကြောင့် မလေးစုံတွဲကို နိုင်ငံတော် အကြည်ညိုပျက်မှုဖြင့် တရားစွဲ
Donate to DVB

ရာမာဒန် ပါတီတခုမှာ ၀က်သားစားနေတဲ့ ဓာတ်ပုံကို ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ တင်ခဲ့တဲ့ မလေးရှားစုံတွဲကို နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု နဲ့ တရားစွဲဆိုလိုက်ပါတယ်။

အယ်လ်ဗင်းတန် နဲ့ ဗီဗီယန်လီး တို့နှစ်ယောက်ဟာ လိင်ကိစ္စကို ပွင့်ပွင့်လင်းလင်းဖော်ထုတ်တဲ့ ဘလော့ဂ်တခုကို တင်ထားတဲ့အတွက် မလေးရှားမှာ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။

အစိုးရက အခု သူတို့တွေ သိပ်လွန်လွန်းလာတဲ့အတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲရတာလို့ ပြောပါတယ်။
အယ်လ်ဗင်းတန် နဲ့ ဗီဗီယန်လီတို့ဟာ လွန်ခဲ့တဲ့နှစ်က သူတို့ဖန်တီး တည်ဆောက်ထားတဲ့ လိင် အသားပေး ဘလော့ဂ်တခုကို တင်လိုက်တဲ့အချိန်မှာ အများအာရုံစိုက်တာကို ခံခဲ့ကြရတာပါ။

အယ်လ်ဗင်းက စင်ကာပူနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တခုက အာဆီယံ ဥပဒေကျောင်းသား တယောက် ဖြစ်ပါတယ်။ ဒါပေမယ့် ခုတော့ သူ့ပညာသင်ဆုကို ပြန်ရုပ်သိမ်းခံလိုက်ရပါပြီ။ သူ့ချစ်သူ ဗီဗီယန်လီကတော့ မလေးရှားတက္ကသိုလ်တခုက ဘွဲ့ရတယောက် ဖြစ်ပါတယ်။ ဘလော့ဂ်ကိုတော့ မိသားစု ဖိအားပေးမှုကြောင့် သူတို့ ပိတ်ပစ်လိုက်ပါပြီ။

နောက်တော့ သူတို့က လိင်အကြောင်း ဆွေးနွေးပြောဆိုတဲ့ ဗွီဒီယိုတခုကို ယူကျု(ပ်)ကနေ တင်လိုက်ပြန်ပါတယ်။တင်လိုက်တဲ့ ပို့စ်တွေအတွက် မကျေနပ်သံတွေ အများကြီး ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် သူတို့က အခု သူတို့ ဥပဒေကြောင်းအရ အရေးယူခံရဖို့ ဖြစ်လာတဲ့ အငြင်းပွားစရာပုံကို တင်လိုက်တဲ့ အခါမှာမှ ဖြစ်လာခဲ့တာပါ။ ပုံက ဟာလာ လုပ်တဲ့ အမှတ်သင်္ကေတတခုနဲ့ သူတို့ ၀က်သားစားနေတဲ့ပုံပါ။

အစိုးရက အဲဒါကို အမျိုးသားတည်ငြိမ်မှုနဲ့ လူမျိုးအရ ညီညွတ်အဆင်ပြေမှုကို ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ပြီး သူတို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခဲ့တာပါ။

မလေးရှား ကာကွယ်ရေးဝန်ကြီး ဟစ်ရှာမူဒင် ဟူစိန်က “အဲဒါက လွန်လွန်းပါတယ်ဗျာ။ တကယ်လို့ ကျနော်တို့က ပြင်ဆင်မှုမလုပ်ရင် လူတွေက အဲဒါကို သာမန် ဖြစ်ရိုးဖြစ်စဉ်တခုလို့ စပြီး လက်ခံယူဆသွားနိုင်တာမျိုးပါ။ အထူးသဖြင့် လူငယ်တွေအတွက်ပေါ့ဗျာ။ တကယ်လို့ မလုပ်ခဲ့ရင် ရာမာဒန်ကာလမှာ လူ့အဖွဲ့အစည်းကို သွေးကွဲအောာင် လူမျိုးရေး ကိစ္စမျိုးတွေကို အသုံးချမယ့်သူတွေ ရှိလာနိုင်ပါတယ်” လို့ ပြောပါတယ်။

အပြစ်ရှိကြောင်း တွေ့ရှိမယ်ဆိုရင်တော့ သူတို့နှစ်ယောက်ဟာ ဒဏ်ငွေ နဲ့ ထောင်ဒဏ် ကျခံရပါလိမ့်မယ်။ ဒါပေမယ့် ဗွီဒီယိုတခုထဲမှာတော့ သူတို့က သူတို့ရဲ့ လုပ်ရပ်တွေအတွက် တောင်းပန်ထားပါတယ်။

အယ်လ်ဗင်းတန်က “ဒီ ဗွီဒီယိုကို ရိုက်ကူးရတဲ့အကြောင်းကတော့ ဒီရာမာဒန် ဥပုသ်လမှာ မွတ်စလင်တွေကို စိတ်ဆိုးဒေါသဖြစ်အောင် လုပ်မိတဲ့အတွက် မလေးရှားအားလုံးရဲ့ ခွင့်လွှတ်မှုကို တောင်းချင်လို့ပါပဲ” လို့ ပြောပါတယ်။

သူတို့ဟာ အကျဉ်းထောင်ထဲမှာ တပတ် နေခဲ့ရပြီး အမှုကို စောင့်နေရတဲ့အချိန်မှာ အာမခံနဲ့ လွှတ်ပေးထားပါတယ်။ ဒါပေမယ့် သူတို့ကို လွှတ်ပေးရာမှာ တင်းကျပ်တဲ့ အခြေအနေတွေ ချမှတ်ထားခဲ့ပါတယ်။

အယ်လ်ဗင်း နဲ့ ဗီဗီယန်လီ တို့ရဲ့ ရှေ့နေ ချောင်ဂျူးထျန်က “တချက်ကတော့ သူတို့ရဲ့ ပတ်စ်ပို့တွေကို သိမ်းဆည်းပြီး တရားရုံးမှာ လုံလုံခြုံခြုံ သိမ်းထားပါလိမ့်မယ်။ နောက်တခုက သူတို့ကို အင်တာနက်၊ စမတ်ဖုန်း နဲ့ အင်တာနက် အသုံးပြုလို့ရတဲ့ ပစ္စည်းတွေကို အသုံးပြုခွင့် မပေးပါဘူး။ ဘာသာရေး၊ လူမျိုးရေး အနက်အဓိပ္ပာယ် ရှိတဲ့ သတင်းအချက်အလက်တွေ ဝေဖန်ချက်တွေ၊ ဖော်ပြချက်တွေကို ဖြန့်ဝေတာမျိုးလို အလားတူ ချိုးဖောက်မှုတွေ ထပ်မကျူးလွန်နိုင်အောင်လို့ပါ” လို့ ပြောပါတယ်။

အဲဒီကတည်းက ဗီဗီယန် နဲ့ အယ်လ်ဗင်းတို့နှစ်ယောက်လုံးဟာ လူထုအာရုံ စိုက်မှုတွေကို ရှောင်ရှားနေခဲ့ပါတယ်။ သတင်းမီဒီယာတွေရဲ့ မေးခွန်းတွေကို တိုတိုပဲ တုံ့ပြန် ဖြေကြားခဲ့ပါတယ်။

အဲဒီအမှုက အွန်လိုင်းနဲ့ သတင်းမီဒီယာတွေမှာ ဒေါသတကြီး အပြန်အလှန် ငြင်းခုန်ဆွေးနွေးမှုတွေကို ဖြစ်ပေါ်လာစေခဲ့ပြီး လူအများစုကတော့ အစ္စလာမ်ကို ရည်ရွယ်ချက်ရှိရှိ စော်ကားတဲ့အတွက် အပြစ်ဒဏ်ပေးသင့်တယ်လို့ ပြောကြပါတယ်။ တရားရုံးက နောက်ဆုံးစီရင်ချက် ချဖို့နေ့ကိုတော့ မသတ်မှတ်ရသေးပါဘူး။

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ဖိုင်ဇယ်လ် မိုတာက ကွာလာလမ်ပူကနေ  သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013